အရိုးပြုတ်ကျလုမတတ် ချိုင့်ခွက်များနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံ၏ လမ်းမကြီးအတော်များများတွင် ခရီးသွားရသည်မှာ ရင်ခုန်ချင်စရာ သိပ်ကောင်းလှသည်မဟုတ်။ သို့ပေမယ့် ရင်သပ်ရှုမောဖွယ် ရှုခင်းများ၊ လတ်ဆတ်သော လေပြည်ညှင်းများနှင့် လမ်းတစ်လျောက်တွေ့ရသောချစ်စဖွယ် မြို့ငယ်လေးများကို မြင်ရသည်မှာ ပေးရသော အဖိုးအခနှင့် ချိန်ဆလျှင်မူ တန်လွန်းလှပေတော့သည်။ ဆယ်စုနှစ် တစ်ခုကျော် မြန်မာပြည်အနှံ့ ခရီးသွားအတွေ့အကြုံရှိခဲ့ဖူးသူကျွန်တော့်အတွက်တော့ မကြာသေးမှီကမှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆိုင်ကယ်ဖြင့် ခရီးကြမ်းနှင်ခဲ့မှုက ကျွန်တော် မျှော်လင့်တမ်းတမိခဲ့သမျှ တောင်ပေါ်ဒေသသို့ စွန့်စားချင်သော အာသီသကို လုံးဝ ပြီးပြည့်စုံခဲ့လေသည်။
တစ်ပတ် သို့မဟုတ် တစ်ပတ်ကျော်ကြာ အချိန်မယူနိုင်လောက်အောင် အလုပ်ချိန်ဇယားများနှင့် ပြည့်နှက်နေသော ကျွန်ုပ်တို့ မန္တလေးမှနေပြီး လေးရက်တာ ခရီးစဉ် စီစဉ်ရလေ၏။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ခရီးသွားဖော်တို့သည် ကျွန်ုပ်တို့၏ စီးတော်မြဲ Bajaj Boxer X-150 နှင့် 200-cc TVS Apache ကိုယ်စီဖြင့် ထုပ်ပိုးပြင်ဆင်ပြီး သောကြာနေ့မှ စတင်ထွက်ခွာလာကြ၏။ ကျွန်ုပ်တို့ကျော်ဖြတ်ခဲ့ပြီးသော စွန်းစားခန်းများတွင် အလုပ်ဖြစ်ခဲ့မှုက ယခုတစ်ကြိမ်တွင်လည်း ကျွန်ုပ်တို့၏စီးတော်မြဲ ဆိုင်ကယ်များက ကျွန်ုပ်တို့၏ စွန့်စားချင်သော အာသီသကို ဖြစ်မြှောက်စေမည်ဟု တပ်အပ်ယုံကြည်လျက် မန္တလေးမှ စတင်ထွက်ခွာလာကြလေတော့သည်။
ဖြန့်ဖြူးညီညာသော မန္တလေးမှ မုံရွာသို့ ငြိမ့်ငြိမ့်ညောင်းညောင်း မောင်းနှင်လာသော ခရီးစဉ်ပထမရက်အပြီး ဒုတိယမြောက်နေ့ဖြစ်သော မုံရွာမှ ကလေးသို့ ဆက်လက်ထွက်ခွာလာသော နေ့တွင်မှ တကယ့်မဟာ စွန်းစားခန်းကြီးနှင့် တဲ့တိုးရချေပြီ။ ခရီးစဉ်တလျောက် ဘာအခက်အခဲမှ မရှိခဲ့တဲ့လမ်းဟာ အလောင်းတော်ကသပ အမျိုးသားဥယာဉ်ကြီးအစွန်းအရောက်မှာမှ လုံးဝ ဥသုံ ပြောင်းလဲသွားချေပြီ။ ကြမ်းတမ်းလှတဲ့ လမ်းမှာ တစ်နာရီ ၂၅ မိုင်နှုန်းနဲ့ ဖြေးဖြေးသာသာ မောင်းနှင်ရတော့သည်။ ကလေးဝမှ ကလေးသို့ ဆက်လက်ခရီးနှင်ရာမှာတော့ လေတဖြူးဖြူးနဲ့ တောင်ပေါ်ဒေသ အရသာကို စခံစားရပါပြီ။
နောက်နေ့မနက်မှာ india ဆန်ဆန် မနက်စာစားပြီး ဆိုင်ကယ်ဆီဖြည့်ပြီး ချင်းပြည်နယ် တီးတိန်မြို့သို့ ဦးတည် ၀င်ရောက်လေတော့သည်။ ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ ၂၇၀၀ မီတာအမြင့်ရှိတဲ့ ကနေဒီ တောင်မှာ ခေတ္တ ရပ်နားပြီး တီးတိန်မြို့အတွင်းဝင်ရောက်လေ့လာခဲ့ပါတယ်။
ဖလမ်းမြို့အ၀င်တောင်ထိပ်မှာ စေတီတစ်စူကိုမြင်တွေ့ရပေမယ့် မြို့ထဲကို ၀င်ရောက်တဲ့အခါ သိလိုက်ရတာကတော့ ဘုရားကျောင်းပေါင်း ၃၀၀ ကျော်ရှိတယ်ဆိုတာပါပဲ။ တတိယမြောက်နေ့မှာတော့ ဓမ္မသံစဉ်တွေကြောင့် နိုးလာတော့ တနင်္ဂနွေနေ့ဖြစ်မှန်း သိလိုက်ရပါတယ်။ နံနက် စောစော ၇ နာရီ ကစပြီး ဘုရားကျောင်းတွေဟာ အသံ တညံညံနဲ့ ဖြစ်နေပါပြီ။ ၀မ်းနည်းစရာကောင်းတာတစ်ခုက မနက်စာစားဖို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ မဖွင့်တာပါပဲ။ ဒါကြောင့် ဟားခါးဘက်ကို ဆက်လက်ခြေဆန့်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။ချင်းပြည်နယ်မြို့တော် ဟားခါး ဟာ ကော်ဖီနွေးနွေးလေးနဲ့ ကြိုဆိုမယ်ထင်ရပေမယ့် မြို့နေလူထုအားလုံး ဘုရားကျောင်းရောက်နေကြတယ် ထင်ရလောက်အောင် အိမ်တံခါးတွေ အကုန်ပိတ်ထားတာတွေ့ရပါတယ်။ ဘုရားဝတ်ပြုချိန်ပြီးတဲ့အထိ စောင့်ဆိုင်းနေခဲ့ပေမယ့် နောက်ဆုံးတော့ အိမ်တံခါးပေါက်ကနေ ကော်ဖီမစ်အထုပ်နဲ့ ကိတ်မုန့် ၀ယ်လို့ရခဲ့ပါတယ်။
ဟားခါးကနေ ဂန့်ဂေါ သို့ အသွားမှာတော့ အသက်ရှူမှားရလောက်တဲ့ ရှုခင်းတွေကြောင့် မကြာခန ရပ်ခဲ့ရပါတယ်။

ဘယ်အချိန်သွားသင့်သလဲး မိုးရာသီဖြစ်တဲ့ ဂျွန်လကနေ အောက်တိုဘာလအတွင်း ရေကြီး မြေပြိုမှုတွေဖြစ်တတ်လို့ ခြောက်သွေ့တဲ့ရာသီတွေမှာ သွားရောက်လည်ပတ်တာ အသင့်တော်ဆုံးပါ။
ဘယ်လိုသွားရမလဲ။ ခရီးကြမ်းမောင်းနှင်နိုင်တဲ့ ဆိုင်ကယ်နဲ့ဆို သင့်တော်ပါတယ်။
တည်းခိုမယ့်နေရာ။ ကလေး၊ ဟားခါး၊ တီးတိန် နဲ့ ဂန့်ဂေါ မြို့တွေမှာ ရေပူ-ရေအေးစနစ်ပါတဲ့ အဆင့်မှီတဲ့ တည်းခိုခန်းတွေရှိပါတယ်။ ဖလမ်းမြို့မှာတော့ ပိုပြီးတော့တောင် ရိုးရှင်းလှပါတယ်။ တည်းခိုခန်းတွေကို ကြိုတင် မှာယူစရာမလိုပါဘူး။
အကြံပြုချက်။ လမ်းတစ်လျှောက် ဆိုင်အင်မတန်ရှားတဲ့အတွက် သောက်ရေဗူး၊ spare tube နဲ့ လေထိုးတံတို့ကို အမြဲဆောင်ထားပါ။ ဒါ့အပြင် လမ်းတစ်လျှောက် ဆီဆိုင်တွေဟာ တစ်ဆိုင်နဲ့ တစ်ဆိုင် အလှမ်းဝေးတဲ့အတွက်ကြောင့် ဆိုင်ကယ်ဆီကို အမြဲအပြည့်ဖြည့်ထားပါ။