မြန်မာ့ တေးဂီတလောကတွင် လူသိသိပ်မများလှသေးသည့် အာဖရိကန်-အမေရိကန် တေးဂီတ အမျိုးအစားဖြစ်သည့် blues နှင့် jazz တေးဂီတ အမျိုးအစားများမှာ ရန်ကုန်မြို့၏ ဘား များတွင် တဖြည်းဖြည်း တွင်ကျယ်လာသည်။
“Gabriel အဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ စဖွဲ့ခဲ့တာပါ” လို့ Mingalabar Festival, Open Mic Night, JAM IT event တွေမှာvocal ကောင်းကောင်းနဲ့ ကိုယ်တိုင်ရေးဖွဲ့ထားတဲ့ သီချင်းတွေ သီဆိုရင်း လူသိများလာတဲ့ အသက် ၂၂ နှစ်အရွယ် ဆေးကျောင်းသူတစ်ဖြစ်လဲ မဖွေးနုမိုးက ပြောပါတယ်။မဖွေးနုမိုး၏ ဖခင်မှာ သီချင်း အယ်လ်ဘမ် ၅ ခုမျှ ထုတ်ဝေခဲ့ပြီးဖြစ်သည့် တေးရေး တေးဆို စောခူဆဲပင်ဖြစ်သဖြင့် အဖေ့ ခြေရာနင်းမည့်သူဟုဆိုနိုင်သည်။
“ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ ပီယာနို သင်ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ငယ်သေးတာလည်းပါတယ်။ အပျင်းလည်းနည်းနည်းထူတတ်တော့ အဲ့လောက်ထိတော့ မလေ့ကျင့်ဖြစ်ဘူး။ ဆယ်တန်းပြီးမှပဲ ဆရာ ကိုစိုင်း ဆီမှာ music theory စသင်ဖြစ်တယ်။ သီချင်းလည်း စရေးဖြစ်တယ်။ တခြား ၀ါသနာပါတာကတော့ ပန်းချီဆွဲရတာ ၀ါသနာပါပါတယ်” လို့ သူမကပြောပါတယ်။
ဆေးကျောင်းတက်ရင်း တစ်ဖက်မှာ မအားတဲ့ကြားက အနုပညာလုပ်ရတာဟာ ငွေကြေးကြောင့် မဟုတ်ဘူးလို့လဲ သူမက ပြောပါတယ်။ “ဒါက ၀ါသနာ ဆိုတာထက်ကိုပိုပါတယ်။ ကျွန်မ စိတ်ကူးထားတာကတော့ ဒီနယ်ပယ်နှစ်ရပ်လုံးမှာ ထဲထဲဝင်ဝင် ပါဝင်ပါတ်သက်ဖို့ပါပဲ။”လို့ သူမ တတ်မြောက်ထားတဲ့ ပညာနှစ်ရပ်ကို ပေါင်းစပ်ပြီး စိတ်ရောဂါဝေဒနာရှင်တွေအတွက် ကုထုံး တစ်ခုအဖြစ် အသုံးချမယ့် သူ့ရဲ့ စိတ်ကူးကို ပြောပါတယ်။
သူမ အပေါ်လွှမ်းမိုးမှု အရှိဆုံး အဆိုတော်ကတော့ အမေရိကန် ပန့်ခ် ရော့ခ် တေးရေး တေးဆို Patti Smith ဖြစ်ပြီး တကယ်လို့ သူနဲ့ စင်ပေါ်မှာ တွဲဆိုခွင့်ရခဲ့မယ်ဆိုရင် People Have The Power သီချင်းကို တွဲဆိုချင်ပါတယ်လို့ သူမကပြောပါတယ်။ သူမအမှတ်အရဆုံး အခိုက်အတန့်ကတော့ စင်ပေါ်မှာ ပထမဆုံး သီဆိုတဲ့အချိန်လို့လဲပြောပါတယ်။ “ပွဲမတိုင်ခင် တစ်ရက်အလိုမှာ စိတ်လှုပ်ရှားလွန်းလို့ တစ်နေကုန် ဘာမှ မစားနိုင် ဘာလုပ်လုပ်တလွဲတွေချည်းပဲ။ ပထမဆုံး စဆိုတော့ စိတ်လှုပ်ရှားလွန်းလို့ စင်ပေါ်မှာ သီချင်းစာသားတွေ မေ့ ခဲ့တာက ကျွန်မအတွက် ဘယ်တော့မှ မေလို့မရနိုင်တော့မယ့် အမှတ်တရပေါ့” လို့ သူမ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ပြန်ပြောင်းပြောပြပါတယ်။
မဖွေးနုမိုးဟာ ဒီနှစ်မကုန်ခင် Gabriel band နဲ့ အတူ သူမရဲ့ ဒုတိယမြောက် အခွေထုတ်ဖို့ စီစဉ်ထားပြီး iTunes, Spotify, နဲ့ Apple Music တွေကတဆင့် နားဆင်နိုင်မှာပါ။