Advertisement

မြန်မာ အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ သန်းသန်းထွေးသည် မြန်မာ အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းအတွက် ဆယ်စုနှစ် တစ်ခုကျော်ကြာ အဓိက ကစားသမားတစ်ဦးအဖြစ် ကျေကျေပွန်ပွန် ကစားခဲ့သူဖြစ်သည်။ ကစားသမားဘ၀မှ အနားယူမည့် အစီအစဉ်နှင့် ပတ်သက်ရ် ဂန္ဒ၀င်ကွင်းလယ်ကစားသမား သန်းသန်းထွေးက သူမကျော်ဖြတ်ခဲ့ရသော ရှည်လျားလှသည့် ကစားသမားဘ၀ နှင့် မြန်မာ အမျိုးသမီးဘောလုံးလောက၏ အနာဂတ်ကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြခဲ့သည်။

မြန်မာ အမျိုးသားဘောလုံးပွဲစဉ်များက မြန်မာ ပြည်သူများအကြား အခိုင်အမာ သြဇာညောင်းနေချိန်မှာ အမျိုးသမီး ဘောလုံးလောကမှ ဖြေးညင်းစွာ တိုးတက်လာခဲ့သည်။ ထိုသို့ဖြစ်လာရန် အထူးကျေးဇူးတင်ရမည့်သူမှာ ဆုံးဖြတ်ချက်ပြတ်သားသူ သန်းသန်းထွေး ပင်ဖြစ်သည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက သူမ အလုပ်ချင်ဆုံးအရာမှာ ဘောလုံးကစားရန်သာဖြစ်သည်။ မိဘများ၏ တားဆီးမှုမည်မျှပင် ကြုံတွေ့စေကာမူ သူမချစ်သော ဘောလုံးကစားခြင်းကိုသာ တွယ်ဖက်ထားခဲ့ပြီး သူမယုံကြည်သော ပရော်ဖက်ရှင်နယ် ဘောလုံးသမ ဘ၀ကို အောင်အောင်မြင်မြင် ရယူပိုင်ဆိုင်ခဲ့ပေသည်။

“ကျွန်မ မိဘတွေက ဘောလုံးကစားတာကို အားမပေးပါဘူး။ ဒါပေမယ့် အဲဒါက ကျွန်မကို မတားဆီးနိုင်ခဲ့ပါဘူး။ ကျွန်မ အသက်အရွယ်ကြီးလာလေလေ ပိုကစားလာလေလေပါပဲ။ ဘောလုံးဟာ ကျွန်မဘ၀ပါ။ ဘောလုံးဟာ ကျွန်မအတွက်တော့ အရာရာပါပဲ။ ဘောလုံးသာ မရှိခဲ့ရင် ကျွန်မဘ၀ဟာ အဓိပ္ပာယ်မဲ့နေမှာပါ။” ဟု သူမ၏ ဘောလုံးအပေါ်မြတ်နိုးစိတ်ကို ဖွင့်ပြောခဲ့သည်။

ဘောလုံးပွဲသည်သာ သူမ၏ စစ်မှန်သော ပျော်ရွှင်မှုဖြစ်ပြီး သူမ၏ ၀မ်းနည်းမှုအလုံးစုံကို လွင့်စင် စေနိုင်သည်မှာလည်း ဘောလုံးပွဲသာဖြစ်သည်။ သို့ပေမယ့် မြန်မာ အမျိုးသမီး ဘောလုံးသမ များအတွက်ဆိုလျှင် ကွင်းပြင်ပ စိန်ခေါ်မှုက ကြီးမားလှသည်။ အမျိုးသားဘောလုံး သမားများနှင့်မတူပဲ မြန်မာ အမျိုးသားဘောလုံးသမားများသည် သူတို့ကျင်လည်ရာ လူမှုပတ်ဝန်းကျင်၏ အားပေးလက်ခံမှုနှုန်း နည်းပါးနေဆဲပင်။ ယနေ့အချိန်ထိ လူအများစု ပုံဖော်ကြသည်မှာ မိန်းကလေး ဆိုလျှင် မိမိတို့ယဉ်ကျေးမှုနယ်ပယ်ထဲတွင်သာ ဘ၀ကို နှစ်မြှုပ်ထားရန်ဖြစ်ပြီး အမျိုးသမီးတစ်ယောက် အားကစားသမ တစ်ဦးအဖြစ် အသက်မွေးဝမ်းပြုခြင်းကို အားပေးကြသည်မဟုတ်ချေ။

မိသားစုအရင်းချာများ၏ ဆန့်ကျင်မှု မည်မျှပင်ခံရစေကာမူ ဧရာဝတီတိုင်းဒေသကြီးတွင် ကြီးပြင်းလာသူ သန်းသန်းထွေး တစ်ယောက် သူဝါသနာပါရာ ဘောလုံးကို စွဲစွဲမြဲမြဲကစားရင်း သူမ၏ ပရော်ဖက်ရှင်နယ် ဘောလုံးသမ ဖြစ်ရေးအိပ်မက်မှာ အမှန်တကယ်ဖြစ်မြှောက်လာခဲ့ချေပြီ။ ၂၀၀၁ ခုနှစ် မလေးရှားနိုင်ငံတွင်ကျင်းပသော ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးလက်ရွေးစင် အဖြစ် စင်တော်ကောက်ခံရခြင်းပင်။

ယခု အသက် ၃၂ အရွယ် မြန်မာ အမျိုးသမီးဘောလုံးလက်ရွေးကွင်းလယ်လူ တစ်ဖြစ်လဲ အသင်းခေါင်းဆောင်လည်းဖြစ်သော သန်းသန်းထွေး တစ်ယောက် ဇရာအို၏ အထုအထောင်းကို မလွန်ဆန်နိုင်ရှာရ် သူမချစ်သော အမျိုးသမီး ဘောလုံးသမဘ၀ကို စွန့်လွှတ်ရပေတော့မည်။ ယခုချိန်ထိ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၆၀ ကျော် တာဝန်ကျေပွန်စွာကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးနှင့်အထက်သွင်းယူပေးခဲ့ပြီးပြီ။ တစ်ဦးချင်းအောင်မြင်မှုအနေနှင့်လည်း အာဆီယံအမျိုးသမီးချံပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် ရွှေဆုနှစ်ဆု (၂၀၀၄၊၂၀၀၇) နှင့် အခြားသော တစ်ဦးချင်းဆုများစွာ စွတ်ခူးခဲ့ပြီး မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။

သူမ၏ အောင်မြင်မှုများက မြန်မာ အမျိုးသမီးဘောလုံးလက်ရွေးစင် ကစားသမားများထဲတွင် နာမည်အရဆုံးတစ်ယောက်ဖြစ်စေခဲ့ပြီ။ ထိုမျှပင်မကသေး သူမ၏ ကျိုးစားမှုရလဒ်ကြောင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ထောက်ခံအားပေးရန် လှုံ့ဆော်ပေးလိုက်သလိုလည်း ဖြစ်သွားစေသည်။

“ကျွန်မ နိုင်ငံအသင်းအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးပေးဆပ်ခဲ့ပြီး နိုင်ငံ့ကိုယ်စားပြုခွင့်ရတဲ့အတွက်လည်း အင်မတန် ဂုဏ်ယူမိပါတယ်။ လက်ရွေးစင်အသင်း အင်္ကျီ ၀တ်ခွင့်ရတဲ့ အချိန်တိုင်းဟာ ဂုဏ်ယူစရာအကောင်းဆုံးအချိန်တွေပါပဲ” ဟု သန်းသန်းထွေးက သူမ၏ ဂုဏ်ယူစရာ အကောင်းဆုံးအချိန်များကို ပြန်ပြောင်းပြောပြခဲ့သည်။

လက်ရွေးစင်အသင်းမှာ ကစားသမားတွေရော နည်းပြတွေပါ သူတို့ရဲ့ အချိန်အများစုကို ကုန်ဆုံးစေတဲ့အချိန်တွေမှာ အသင်းဟာ” ဒုတိယမိသားစု” လို့လဲ သူက ထပ်ပြောပါသေးတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်က ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့အချိန်ကစပြီး သူမ ဘ၀ စတင်ခဲ့တယ်လို့ဆိုပါတယ်။ သန်းသန်းထွေးနဲ့ သူ့အသင်းဖော်တွေဟာ တစ်ပတ်ကို ၅ ရက်မျှ အချိန်ယူပြီး သုဝဏအားကစားရုံမှာ အတူနေထိုင်ရင်း ကြိုးကြိုးစားစား လေ့ကျင့်နေကြပါတယ်။

တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းဆင်းနေရင်း နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးနေရင်း စနေ၊တနင်္ဂနွေနေ့တွေမှာ ကမ္ဘောဘဏ်က ကြီးမှူးကျင်းပတဲ့ အသင်း ရှစ်သင်းပတ်လည် ယှဉ်ပြိုင်နေတဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဇွဲကပင်ယူနိုက်တက် အသင်းကိုယ်စားပြု ပါဝင်ကစားပေးနေပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲဟာ အခုဆိုရင် ဒုတိယ ရာသီကို ရောက်ရှိနေပါပြီ။ အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရတဲ့အကြောင်းရင်းကတော့ အမျိုးသမီး ဘောလုံးသမ မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီလို လိဂ်ပြိုင်ပွဲ စီစဉ်ပေးတဲ့အတွက် အနာဂတ် အမျိုးသမီးမျိုးဆက်သစ် ကစားသမားတွေ အတွက် တစ်ဦးချင်းရော အသင်းလိုက်ပါ ယခုထက်ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဆောင်ကျဉ်းပေးလိမ့်မယ်လို့လဲ သန်းသန်းထွေးက ဆိုပါတယ်။

“ဒီလို အမျိုးသမီးလိဂ်ပြိုင်ပွဲတွေစီစဉ်ပေးလို့ ကျွန်မတို့တွေ အရင်ကထက်စာရင် ပွဲတွေပိုကစားခွင့်ရလာပြီး မြန်မာအမျိုးသမီးဘောလုံးလောကအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါက အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေအတွက် ပိုပြီးအရေးကြီးပါတယ်။ သူတို့ဟာ ပွဲများများကစားခွင့်ရမှ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်မှာ ဖြစ်ပါတယ်။” လို့ သန်းသန်းထွေးက ပြောပါတယ်။

အမျိုးသမီးဘောလုံးလိဂ် မရှိခင်ကဆိုရင် အမျိုးသမီးဘောလုံးသမားတွေဟာ အပတ်စဉ် အတူလေ့ကျင့်ခန်းဆင်းပြီး နိုင်ငံတကာပွဲတွေရှိမှ ၀င်ကစားခွင့်ရကြတာပါ။ လူငယ်ဖွံ့ဖြိုးရေးနဲ့ အသင်းရဲ့ အရည်အသွေးဟာ အင်မတန်နိမ့်ကျခဲ့ပါတယ်လို့ သန်းသန်းထွေးက ဆိုပါတယ်။ “အခုတော့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေ မြင်တွေ့နေရပါပြီ။ ကျွန်မတို့ နိုင်ငံ့လက်ရွေးစင်အသင်းဆိုရင် လွန်ခဲ့တဲ့နှစ်တွေကထက် အများကြီးတိုးတက်လာပြီး ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေရခဲ့သလို ပရိသတ်တွေလဲ ကွင်းထဲထိလာအားပေးတာမျိုးတွေတောင် တွေ့နေရပါပြီ။ ကိုယ့်ထက်ခြေစွမ်းသာတဲ့ အသင်းတွေနဲ့ ခြေစမ်းပွဲတွေများများကစားတာဟာ ကျွန်မတို့ ကစားသမားတွေခြေစွမ်းတိုးတက်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်” လို့ သူက မြန်မာအမျိုးသမီးဘောလုံးလောက တိုးတက်လာပုံကို ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင်ဟာ အနာဂတ်အမျိုးသမီးဘောလုံးလောကတိုးတက်လာဖို့အတွက် မျှော်လင့်ချက်ကြီးစွာ ထားနေတာပါ။ သူမဟာ အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲကျင်းပတာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီကတစ်ဆင့် ထွက်ပေါ်လာတဲ့ မျိုးဆက်သစ်ကစားသမားတွေဟာ လူငယ်လက်ရွေးစင်အသင်းတွေမှာ ပေါ်ထွက်လာနေတယ်လို့လဲ  ထစ်ထစ်ချ ယုံကြည်နေပါတယ်။ အခုအချိန်မှာတော့ အားထားရတဲ့ လက်ရွေးစင်အသင်းခေါင်းဆောင်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဇွန် လ ၃၀ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့ထိကျင်းပမယ့် အာဆီယံအမျိုးသမီးဘောလုံးချံပီရှစ်ပြိုင်ပွဲအတွက် အာရုံစိုက်နေပါတယ်။ အဲဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူ နဲ့ အိမ်ရှင် အင်ဒိုနီးရှားအသင်းတွေနဲ့ တစ်အုပ်စုထဲ ကျရောက်နေပါတယ်။

“ကျွန်မတို့ ပစ်မှတ်ကတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဖြစ်ပြီး ကျွန်မတို့ဟာ ရွှေတံဆိပ်ဆုရဖို့ ထိုက်တန်တယ်လို့လည်း ယုံကြည်ပါတယ်။” လို့ ရည်မှန်းချက်အပြည့်နဲ့ ပြောပါတယ်။

ဒီပြိုင်ပွဲဟာ သူမအတွက် နောက်ဆုံးသော နိုင်ငံလက်ရွေးစင်ပွဲ ဖြစ်ပေမယ့် သူမ ဘောလုံးကစားခြင်းက အနားမယူခင် ကလပ် အသင်းတသင်းကို နည်းပြနိုင်ဖို့လဲ စီစဉ်နေပါတယ်။

“ကျွန်မ ဘောလုံးလောကထဲမှာပဲ ဆက်ကျင်လည်ချင်ပါတယ်။ ဒီလောကထဲကနေ လွယ်လွယ်ကူကူနဲ့ ထွက်မသွားနိုင်ပါဘူး။ကျွန်မအိပ်မက်ကတော့ တစ်နေ့နေ့မှာ နိုင်ငံလက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ခွင့်ရဖို့ပါ။ တစ်နေ့နေ့မှာတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ်လို့လည်း မျှော်လင့်ပါတယ်။”

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here