Advertisement

ထိုင်းနိုင်ငံမှာကျင်းပတဲ့ ကား drift ဆွဲပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ကျော်ဇင်ဦးနဲ့ ခနတာတွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ကားပြိုင်ပွဲတွေကို စိတ်ဝင်စားတဲ့ ကျော်ဇင်ဦးက drift ဆွဲပြီးပြိုင်ရတာ ပို စိတ်ဝင်စားတယ်လို့ပြောပါတယ်။  လွန်ခဲ့တဲ့ ၆ နှစ်က သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ကား drift ဆွဲပြိုင်ပွဲကို စကြည့်ကတည်းက ကား drift ဆွဲရတာ ပိုပြီးစိတ်ဝင်စားခဲ့တယ်လို့ ၂၃ နှစ်အရွယ် ကျော်ဇင်ဦးက ပြောပါတယ်။  ၂၀၁၃ ခုနှစ်က စပြီးတော့ drift ဆွဲပြိုင်ပွဲ နဲ့ ချိန်ကိုက် မောင်းပြိုင်ပွဲတွေမှာ ပထမဆု နဲ့ တခြားဆုတွေကို စတင်ရရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ကျွန်တော်မွေးဖွား ကြီးပြင်းရာ နေရာဖြစ်ပါတယ်” လို့ အခု ဗန်ကောက်မှာ ကျောင်းတက်ရင်း အားလပ်ချိန်တွေမှာ ကားမောင်းပြိုင်ပွဲတွေမှာ အချိန်ကုန်ဆုန်းတတ်တဲ့ ကျော်ဇင်ဦးက ပြောပါတယ်။ “ဒီလိုပြိုင်ပွဲတွေ မြန်မာ နိုင်ငံမှာ ကျင်းပခဲ့မယ်ဆိုရင် ကျွန်တော် အင်မတန် ပိုပြီးစိတ်လှုပ်ရှားမိမှာပါ။ ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်တို့စီမှာ လေ့ကျင့်လို့ရမယ့် ကားကွင်းတောင် မရှိသေးပါဘူး။ အဲဒီအချက်က drift ဆွဲတာ ၀ါသနာပါတဲ့သူတွေအတွက် အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ တကယ်လို့ အဲလို ကားကွင်းတွေသာ ရှိခဲ့မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပြိုင်ကားမောင်း သမားတွေ ဒီ့ထက်ပိုများလာလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။” လို့ သူ့အမြင်ကိုပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ရန်ကုန်ကို ကျောခိုင်းပြီး ဗန်ကောက်ကို ပြောင်းလာပြီးနောက်ပိုင်း သူ့ရဲ့ ပြိုင်ကားမောင်းတဲ့ အရည်အချင်းလည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။ နိုင်ငံသစ်မှာ ဘာသာစကားအသစ်နဲ့ စတင်ကြုံတွေ့ရတာ စိတ်ရှုပ်စရာအင်မတန်ကောင်းတဲ့အချိန်တွေဖြစ်တယ်လို့သူကပြောပါတယ်။ “တစ်ချိန်တည်းမှာ စိတ်လှုပ်ရှားတာရော စိတ်ပူတာတွေက အမြင့်ဆုံးအခြေအနေကို ရောက်နေပါတယ်။ ကျွန်တော့်ပြိုင်ဖက်တွေက drift ဆွဲတာရော ပြိုင်ကားမောင်းတာရော တော်တော်လေးကျွမ်းကျင်ကြတော့ ကျွန်တော့်အတွက် စိန်ခေါ်မှု အင်မတန်ကြီးပါတယ်။” လို့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြပါတယ်။

သူဟာ ပြိုင်ပွဲလမ်းကြောင်းတွေမှတ်မိနိုင်ဖို့ ပြိုင်ပွဲမစခင် သုံးပတ်လောက် အလိုကစပြီး နှစ်ရက်ခြား တစ်ခါ လေ့ကျင့်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကပဲ သူ့ရဲ့အဓိက ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Chang International Circuit က ကျင်းပတဲ့ PTT BRIC Drift ပြိုင်ပွဲမှာ ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ မတ်လ မှာ ကျင်းပခဲ့တဲ့ “new generation” ပိုင်ပွဲမှာလည်း ဒုတိယဆု ရရှိခဲ့ပြီး Class C အဆင့် drift ပြိုင်ပွဲမှာ စတုတ္ထ နေရာ ရရှိခဲ့ပါတယ်။

“ကျွန်တော့် အောင်မြင်မှုအတွက် အရမ်းပျော်ရွှင်နေပါတယ်။ နောက်ဆုံးတော့ ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ကူးယဉ် အိပ်မက်ဖြစ်တဲ့ drift ပြိုင်ပွဲမှာ ဆုရရှိဖို့ရယ် နိုင်ငံတကာအဆင့် ကားမောင်းပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခွင့်ရဖို့ဆိုတာတွေဟာ တကယ်လက်တွေ့မှာ ဖြစ်လာခဲ့ပါပြီ” လို့ သူကပြောပါတယ်။

ကျော်ဇင်ဦးဟာ သူ့ရဲ့ စီးတော်မြဲ 1JZ engine တပ် Nissan 180SX ရဲ့အကူအညီနဲ့အတူ ထိုင်း ပြိုင်ကားလောကမှာ နာမည်တစ်လုံးရအောင် လုပ်ဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ စီးတော်မြဲ ပြိုင်ကားကို အမြဲတမ်း ဂရုစိုက်ပေးမှုကလည်း ပြိုင်ပွဲဝင်ရာမှာ အထောက်အကူဖြစ်စေပြီး အင်ဂျင် အဆင့်မြှင့်ခြင်းနဲ့ စဉ်ဆက်မပြတ်လေ့ကျင့်မှုက မရှိမဖြစ် လိုအပ်တယ်လို့လည်း သူကပြောပါတယ်။ သူ့ကား ဘော်ဒီပြင်ဆင်မှု ကုန်ကျစရိတ်ဟာ မြန်မာ ကျပ်ငွေအားဖြင့် ကျပ် သိန်း ၂၀ ကုန်ကျပြီးတော့ ပါဝါအားကောင်းတဲ့ အင်ဂျင်အတွက်ဆိုရင် ကျပ် သိန်း ၁၀၀ နဲ့ အထက်ကုန်ကျနိုင်တယ်လို့ သူ့စီးတော်မြဲ အတွက် ကုန်ကျစရိတ်ကို သူကပြောပြခဲ့ပါတယ်။ “ခြုံပြီးပြောရရင် ကိုယ်တတ်နိုင်တဲ့ ငွေကြေးအင်အားရှိသလောက် ကားကို အဆင့်မြှင့်နိုင်ပါတယ်” လို့ သူက ထပ်လောင်းပြောပြပါတယ်။

ကျော်ဇင်ဦးရဲ့ နောက်ဆုံးရည်မှန်းချက်က “creme de la creme” ခေါ် နိုင်ငံတကာ အဆင့် Formula DRIFT ပြိုင်ပွဲကြီးမှာ ၀င်ပြိုင်ဖို့ဖြစ်ပါတယ်။ “ကျွန်တော့် အတွက်က တော့ ကိုယ့်ခံယူချက်က အဓိက ပါပဲ။ လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့အရာပေါ်မှာ ဒွိဟမဖြစ်ပဲ ပြင်းပြတဲ့ စိတ်နှစ်ထားဖို့လိုပါတယ်။ ကျွမ်းကျင်တဲ့ ပြိုင်ကားသမားဖြစ်ချင်တယ်ဆိုရင် ကားမောင်းပြိုင်ပွဲတွေကို သွားရောက်လေ့လာပြီး ကိုယ်အားလပ်တဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုပါတယ်။ ဒါတင်မကသေးပါဘူး။ များပြားလှတဲ့ ကုန်ကျစရိတ်တွေကိုလည်း တတ်နိုင်ဖို့ လိုပါတယ်။” လို့ မျိုးဆက်သစ် ပြိုင်ကားသမားတွေအတွက် အကြံပြုပြောကြားခဲ့ပါတယ်။ ကိုကျော်ဇင်ဦးရဲ့ အောင်မြင်မှုခရောင်းလမ်းကတော့ ဖြောင့်ဖြူးနေပါတယ်။ သူ့ရည်မှန်းချက် ပန်းတိုင်ဟာ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ အသိအမှတ်ပြုခံရရုံတင်မဟုတ်ပဲ သူအမြဲတမ်း အိပ်မက်မက်ခဲ့ရသလို သူ့မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ပြိုင်ကားမောင်းပြိုင်ပွဲတွေလက်ခံကျင်းပလို့ရတဲ့ နိုင်ငံအဖြစ် ပြောင်းလဲဖို့ပဲဖြစ်ပါတယ်။

 

ကျော်ဇင်ဦး ရဲ့ ပြိုင်ပွဲဝင် ရလဒ်များ

Myanmar Motor Sport Association (MMSA): Motul Cup Season 2013, Yangon

Drift : ဒုတိယ

Time Attack : ပထမ

MMSA: Motul Cup Season 2014-2015

Drift : ပထမ

Rear Wheel Drive Time Attack : ဒုတိယ

All Wheel Drive Time Attack : ပထမ

Streetkingz 1 Year Anniversary 2013, Yangon

Drift : ပထမ

Time Attack : ပထမ

Liqui Moly Cup 2013, Yangon

Drift : ပထမ

Time Attack : ပထမ

Extreme Turbonos Race 2016, Mandalay

Prize : တတိယ

PTT BRIC Drift Attack 2017, Bangkok

ဒုတိယနေရာ (Class C)

North East Underground Drift 2018, Bangkok

ဒုတိယနေရာ (New Generation)

North East Underground Drift 2018, Bangkok

ပဉ်စမနေရာ

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here