By Nay Thiha
ဒါရိုက်တာ James Wan ရဲ့ Aquaman ဟာအခုဆိုရင်တပတ်အတွင်းဝင်ငွေ ဒေါ်လာသန်း ၅၀၀ကျော်ရသွားပါပြီ။ အဲ့ဒီထဲက သန်း ၄၀၀ဟာနိုင်ငံတကာပရိသတ်တွေဆီကဖြစ်တဲ့အတွက် ကမ္ဘာအနှံ့ပရိသတ်လက်ခံမှုရရှိနေတာကိုတွေ့နိုင်ပါတယ်။ ဝေဖန်ရေးဆရာတွေကတော့သိပ်ချီးမွမ်းခြင်းမရှိပေမယ့် ပရိသတ်ရဲ့အားပေးမှုကတော့လျော့ကျမသွားခဲ့ပါဘူး။
Aquaman ဟာသူ့အရင်က DC Extended Universe ရုပ်ရှင်တွေနဲ့တဘာသာကွဲပြားနေတာကို ကြည့်ဖူးသူတိုင်းသတိထားမိမှာပါ။ ဇာတ်လမ်းကသွက်လက်ပြီးဟာသလေးတွေနှောထားသလို ဇာတ်ကောင်တွေကလည်းပိုပြီးပေါ့ပေါ့ပါးပါးရှိနေတာတွေ့ရတယ်။ Warner Brothers ဟာ ဒါရိုက်တာ Wan ကိုသူ့စိတ်ကြိုက် hero တယောက်ကိုရုပ်ရှင်ရိုက်ဖို့ရွေးချယ်စေတဲ့အခါ Wan က Aquaman ကိုရွေးချယ်ခဲ့ပါတယ်။ ပြီးတော့သူ့စိတ်တိုင်းကျရိုက်ခွင့်ပေးရမယ် ဆိုတဲ့ကတိကိုပါတောင်းခဲ့ပါတယ်။
ဒါဟာဒါရိုက်တာတွေရဲ့အလုပ်မှာ ၀င်ရောက်စွက်ဖက်လေ့ရှိတဲ့ Warner Bros အတွက်တော့သင်ခန်းစာပါပဲ။ အရင်ကဆိုရင် Zack Snyder ရဲ့ DCEU ရုပ်ရှင်တွေကိုရှည်လွန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လွန်လွန်ကဲကဲတည်းဖြတ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ဒါကြောင့် Snyder ရဲ့ DCEU ရုပ်ရှင်တွေဟာဇာတ်ညွှန်းပိုင်းဆိုင်ရာမပြည့်စုံမှုတွေရှိခဲ့ပြီး ပရိသတ်အားပေးမှုထင်သလောက်မရခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ရှုတ်ချခြင်းကိုလည်းခံခဲ့ရတယ်။ Wan စိတ်တိုင်းကျဖန်တီးတဲ့ Aquaman ကတော့ပရိသတ်လက်ခံမှုရရှိခဲ့တယ်။

မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအညွှန်းလေးပြောပြပေးပါမယ်။ ပင်လယ်ရေအောက်ကပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေစီစဉ်တဲ့အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကိုထွက်ပြေးလာခဲ့တယ်။ အဲ့ဒီမှာမီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကိုမွေးဖွားခဲ့တယ်။ Arthur မှာရေသတ္တ၀ါတွေနဲ့စိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်ရှိတယ်။
တနေ့မှာတော့ Atlantis စစ်သည်တော်တွေရောက်လာပြီး Atlanna ကိုအတင်းအကျပ်ပြန်ခေါ်သွားခဲ့တယ်။ မပြန်ခင်မှာ Atlanna ဟာသူ့လူယုံတော် Vulko ထံသားဖြစ်သူ Arthur ကိုအပ်နှံခဲ့ပြီး သူ့စွမ်းရည်တွေကိုလေ့ကျင့်ပေးဖို့အကူအညီတောင်းခဲ့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ Atlanna ကွယ်လွန်အပြီးသူ့ရဲ့ဒုတိယသားဖြစ်သူ Orm ဟာ Atlantis ရဲ့ဘုရင်ဖြစ်လာတယ်။ Orm ဟာသဘာဝပတ်ဝန်းကျင်ကိုမလေးစားတဲ့ ရေထုညစ်ညမ်းမှုရဲ့အဓိကလက်သည်ဖြစ်တဲ့လူသားတွေကိုလက်စားချေချင်နေတယ်။ သူဟာ Xebel ပြည်ထောင်ရဲ့ဘုရင် Nereus အပါအ၀င် ကျန်တဲ့ရေအောက်ပြည်ထောင်တွေနဲ့မဟာမိတ်ဖွဲ့ပြီး လူ့ပြည်ကိုစစ်တိုက်ဖို့ပြင်ဆင်တော့တယ်။ အဲ့ဒီမှာ Nereus ရဲ့သမီးတော် Mera ဟာ လူ့ပြည်မှာရှိတဲ့ Arthur နဲ့ပူးပေါင်းပြီးစစ်ကြီးကိုတားဆီးဖို့ကြိုးစားရင်း Aquaman ဇာတ်လမ်းဖြစ်ပေါ်လာပါတယ်။
Aquaman ဟာလူဆိုးနဲ့လူကောင်းအားပြိုင်တဲ့ဇာတ်လမ်း၊ Arthur နဲ့ Mera ကြားကအချစ်ဇာတ်လမ်းဆိုတာထက်ပိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလေးစားဖို့ မတူညီတဲ့သက်ရှိတွေငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ စတဲ့ message တွေကိုပါခပ်ပါးပါးလေးပေးသွားပါတယ်။
ဒါ့အပြင် Aquaman ရုပ်ရှင်ဟာကမ္ဘာသစ်တခုကိုပရိသတ်နဲ့မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒါကတော့ Atlantis အပါအ၀င်ရေအောက်ပြည်ထောင် ၇ခုပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀လောက်က Atlantis မြို့ကြီးသမုဒ္ဓရာအောက်ရောက်ရှိသွားပြီး မတူညီတဲ့မျိုးစိတ်တွေနေထိုင်တဲ့ ပြည်ထောင် ၇ခုဖြစ်ပေါ်လာတယ်။ ဒီပို့စ်မှာ အဲ့ဒီပြည်ထောင် ၇ခုအကြောင်းရှင်းလင်းသွားပါ့မယ်။
Atlantis

Atlantis ပြည်ထောင်စုကြီးရဲ့မင်းနေပြည်တော်ဖြစ်ပြီး ဘုရင် Orm ကအုပ်ချုပ်ပါတယ်။ သူဟာအတိတ်နဲ့အနာဂတ်တို့တွေ့ဆုံရာမြို့ကြီးလည်းဖြစ်တယ်။ ရောမဗိသုကာလက်ရာတွေနဲ့ဖန်တီးထားတဲ့ တိုက်တာအဆောက်အဦးတွေဟာ သိပ္ပံခေတ်လွန်ရုပ်ရှင်ကားတွေမှာမြင်ရလေ့ရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ရောနှောတည်ရှိနေကြတယ်။ Atlantis ရဲ့တစိတ်တဒေသကို Justice League ထဲမှာ Mother Box တခုဝှက်ထားရာနေရာအဖြစ်မိတ်ဆက်ခဲ့တာကို သတိရကြလိမ့်မယ်လို့ထင်ပါတယ်။
Xebel

Nereus အုပ်ချုပ်တဲ့ Xebel ဟာတချိန်က Atlantis ရဲ့အပြစ်သားတွေကို နယ်နှင်ဒဏ်ပေးလေ့ရှိတဲ့ဒေသတခုပါ။ Xebel ဟာ Atlantis လိုပဲအင်အားကြီးသလို စစ်သွေးစစ်မာန်ကြီးတဲ့တိုင်းပြည်ဖြစ်ပါတယ်။ ပြည်သူအများစုမှာ ဆံပင်အနီရောင်တွေရှိကြပြီး ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကလည်း Atlantis ပြည်သားတွေနဲ့တူညီပါတယ်။ ရုပ်ပြဇာတ်လမ်းထဲမှာတော့ Xebel ဟာ ဘာမြူဒါတြိဂံကနေတဆင့်ဝင်ရောက်ရတဲ့ ကမ္ဘာတခုအဖြစ်ပုံဖော်ထားပါတယ်။
Fisherman Kingdom

ရှေးဟောင်း Atlantis ရေအောက်ရောက်သွားတဲ့အခါမှာ Atlantis နဲ့ Xebel ကပြည်သူတွေဟာ အချိန်တိုအတွင်းမှာ ရေအောက်ကမ္ဘာနဲ့အသားကျအောင်နေထိုင်နိုင်စွမ်းရှိသွားပြီး လူသားတွေရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကိုလည်း ဆုံးရှုံးသွားခြင်းမရှိပါဘူး။ ဒါပေမယ့် Fisherman Kingdom ကပြည်သူတွေကတော့ ပါးဟပ်တွေဆူးတောင်တွေထွက်လာပြီး လူတပိုင်းငါးတပိုင်းသက်ရှိတွေအဖြစ်ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။ ရုပ်ပြဇာတ်လမ်းထဲက Atlantis မြို့ပြနိုင်ငံ Tritonis ကိုမှီငြမ်းပြီး Fisherman Kingdom ကိုတည်ဆောက်ထားတာပါ။ ဒီပြည်သားတွေဟာစစ်မက်ရေးရာနဲ့ နိုင်ငံရေးမှာသိပ်စိတ်ဝင်စားခြင်းမရှိဘဲ ကဗျာလင်္ကာနဲ့ဒဿနိကပညာကိုလေ့လာလိုက်စားသူတွေဖြစ်ပါတယ်။
The Brine

Orm နဲ့သူ့မဟာမိတ်တွေဟာ Brine ကိုသူတို့နဲ့ပူးပေါင်းဖို့ဖိအားပေးတဲ့အနေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တာကို ရုပ်ရှင်ထဲမှာတွေ့ရမှာပါ။ Brine ဟာဂဏန်းလက်မကြီးတွေနဲ့အခွံမာရေနေသတ္တ၀ါတွေ နေထိုင်တဲ့တိုင်းပြည်ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်ပေမယ့် ဥာဏ်ရည်မြင့်မားတဲ့ပြည်သားတွေဖြစ်ပြီး Fisherman တွေလိုပဲလူပုံစံပျောက်ကွယ်ပြီး ရေနေသက်ရှိအဖြစ်ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။
The Trench

Atlantis မြို့ကြီးရေအောက်ရောက်သွားပြီးနောက် တချို့ပြည်သူတွေဟာသမုဒ္ဓရာရဲ့အနက်ရှိုင်းဆုံးနေရာ ကိုရွှေ့ပြောင်းသွားကြတယ်။ သူတို့နေတဲ့နေရာဟာ ပင်လယ်ကြမ်းပြင်ရဲ့အနက်ရှိုင်းဆုံးနေရာဖြစ်တဲ့ မာရီရာနားချောက်လို့ယူဆရတယ်။ နှစ်ပေါင်းထောင်နဲ့ချီကြာအောင် ရေနက်ပိုင်းဒေသရဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်နဲ့ အသားကျအောင်နေထိုင်ရင်း အိန်ဂျလာငါးပုံစံနဲ့သက်ရှိတွေအဖြစ်ပြောင်းလဲသွားတော့တယ်။ သူတို့မှာလူသားအသိစိတ်ဆိုတာထက် တိရစ္ဆာန်တကောင်ရဲ့ကြမ်းကြုတ်မှုသာရှိပါတယ်။ သက်တမ်းအရင့်ဆုံး၊ အကြီးဆုံး၊ အကြမ်းကြုတ်ဆုံး Trench King ကအုပ်ချုပ်တယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့တိုင်းပြည် (Hidden Kingdom) ကိုကာကွယ်သူတွေလည်းဖြစ်ကြပါတယ်။
Deserters Kingdom

Atlantis ကနေပထမဆုံးခွဲထွက်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ သူတို့ဟာကုန်းတွင်းပိုင်းမှာရှိတဲ့ ပင်လယ်ဆီကိုရွှေ့ပြောင်းသွားခဲ့တာဖြစ်ပြီး တချိန်က Atlantis ရဲ့လက်နက်ကိရိယာတွေ သိုလှောင်တဲ့နေရာဖြစ်ပြီး Atlan ရဲ့ trident ကိုသွန်းလုပ်တဲ့နေရာလည်းဖြစ်ပါတယ်။ တနေ့မှာရေတွေခန်းခြောက်သွားပြီး ဆာဟာရသဲကန္တာရကြီးဖြစ်ပေါ်လာပြီး မြို့သူမြို့သားတွေလည်းမျိုးသုဉ်းသွားခဲ့တယ်။
Hidden Kingdom

Lost Kingdom လို့လည်းခေါ်တဲ့ဒီပြည်ထောင်ကတော့ လျှို့ဝှက်ချက်တခုဖြစ်နေဆဲပါ။ Arthur နဲ့ Mera ဟာ Atlan ရဲ့ဂူသင်္ချိုင်းကိုဒီပြည်ထောင်မှာတွေ့ခဲ့တယ်လို့ထင်ရပါတယ်။ ဖြစ်နိုင်ချေတခုကတော့ Hidden Kingdom ဟာကမ္ဘာ့မြေလွှာထဲမှာရှိတဲ့ မြေအောက်ပင်လယ်မှာရှိတာဖြစ်ပြီး Trench ကနေတဆင့်သွားရပါတယ်။ The Art and Making of Aquaman ထဲမှာတော့ ဒီပြည်ထောင်ဟာမြင်းခွာပုံရှိပြီး Dead King’s Island လို့လည်းခေါ်ကြပါတယ်။ ဒါဟာ ဘုရင် Atlan ရဲ့နောက်ဆုံးအနားယူရာနေရာဖြစ်ပြီး သူ့ရဲ့ဂူသင်္ချိုင်းကို Atlantis မြို့သားတွေကတည်ဆောက်ပေးခဲ့တာလို့သိရပါတယ်။