By Nay Thiha
အတွင်းဝန်ရုံးမှာ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ခင်းကျင်းပြသထားတဲ့ Pure Gold (အမှိုက်ကရွှေဖြစ်) အနုပညာပြပွဲကိုသွားရောက်လေ့လာဖြစ်တဲ့သူတွေအနေနဲ့ ၁၁၅မီတာရှည်လျားတဲ့နဂါးရုပ်ကြီးကိုသတိထားမိမှာပါ။ စွန့်ပစ်ပစ္စည်းတွေသုံးပြီးဖန်တီးထားတဲ့အဲ့ဒီနဂါးရုပ်ကြီးကို ဦးဆောင်ဖန်တီးခဲ့တဲ့ အနုပညာရှင် အာကာကျော်နဲ့ Myanmore Plus စကားပြောဖြစ်ခဲ့ပါတယ်။

၁) နဂါးရုပ်ဖန်တီးမှုကို ဘယ်လိုစိတ်ကူးရခဲ့ပါသလဲ။
နဂါးရုပ်လုပ်ဖို့က ကျနော်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာမဟုတ်ပါဘူး။ ကျနော်တို့ Rice Communications ရယ် HLA DAY ရယ် Goethe Institut ရယ် PURE GOLD ပွဲအတွက် အစည်းအဝေးလုပ်ကြတဲ့အခါ HLA DAY က Ulla ဆီက နဂါးရုပ်ကြီးကြီးတစ်ခု လုပ်ချင်တာကိုသိခဲ့ရပါတယ်။ ပြီးတာနဲ့ Design နဲ့ Production အပိုင်းကို ကျနော်တာဝန်ယူခဲ့ပါတယ်။ Design အပိုင်းနဲ့ပက်သက်လို့ မြန်မာ့နဂါးဆိုပေမဲ့ မြင်တွေ့နေကျ မြန်မာနဂါးနဲ့လည်းမတူချင်တာနဲ့ ခပ်ရှင်းရှင်းပုံစံတစ်ခုကို စဆွဲမိပါတယ်။ အဲဒီ မူကြမ်းဒီဇိုင်းကိုပြကြည့်တော့ ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ စိတ်ကူးယဉ်မှုကြီးမဟုတ်ပဲ ဒီဇိုင်းရဲ့ လိုအပ်ချက်များအားလုံးကိုပါ ကူညီထောက်ပံ့ပေးပါတယ်။ စတင်ပြုလုပ်ဖို့စဉ်းစားတဲ့အချိန်မှာ ကဏ္ဍနှစ်ခုခွဲလုပ်ခဲ့ပါတယ်။ ဦးခေါင်းပိုင်းနဲ့ အမြှီးပိုင်းကိုတော့ အနုပညာတက္ကသိုလ်ကျောင်းဆင်း ပန်းပုမေဂျာကအစ်ကိုများရဲ့ လက်ရာများဖြစ်ပြီးတော့ ကိုယ်အပိုင်းများကိုတော့ ဘဝကျောင်းဆင်း မြန်မာ့ရိုးရာဝါးယင်းလိပ်လုပ်ငန်းမှ အစ်ကိုများနဲ့  ပူပေါင်းဆောင်ရွက်ထားတာဖြစ်ပါတယ်။
၂) ဘယ်နှရက်အချိန်ယူခဲ့ရပါသလဲ၊ လူဘယ်နှယောက်ပါဝင်ခဲ့ပါသလဲ။
တစ်လဝန်းကျင်လောက် အချိန်ယူခဲ့ရပါတယ်။ ကျနော့် NIGHT TEAM အနေနဲ့ CREW ၂၀ ဝန်းကျင်လောက် ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။

၃) ဒီပြပွဲလာကြည့်သူတွေကိုဘယ်လိုအတွေးမျိုးပေးဖို့ရည်ရွယ်ဖန်တီးခဲ့တာလဲ။
ပြပွဲလာရောက်ကြည့်ရှုသူတွေအတွက်ကတော့ အမှိုက်ကနေ ဘယ်လိုအသုံးဝင်အောင် လုပ်လို့ရတယ်ဆိုတာကို အများကြီးမြင်တွေ့ရမှာဖြစ်တယ်။ အဲဒါကြောင့်မို့လည်း ကျနော်တို့ နဂါးရုပ်ကို ပလပ်စတစ်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းအချို့၊ ဝါး သံ တို့ကို အသုံးပြုပြီး ပူးပေါင်းဖန်တီးထားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မတွေ့ဖူးတာတွေ အများကြီးတွေ့ရတော့ အားလုံးကိုလည်း လာရောက်လေ့လာစေချင်ပါတယ်။

၎) ဒီပြပွဲဟာပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းလျှော့ချရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်မယ်လို့ထင်ပါသလဲ။
ဒီလိုပွဲမျိုးတွေကိုမြင်ပြီး တကယ်ပလက်စတစ်လျော့သုံးဖြစ်ရင် တော့တကယ်ကောင်းတာပေါ့။ ပလက်စတစ်လျှော့ချအသုံးပြုဖြစ်မယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖြစ်မယ်၊ အမှိုက်က ရွှေဖြစ်အောင် ကြံတတ်လာမယ်။ ဥပမာ ကျနော်တို့ငယ်ငယ်ကဆိုရင် အိမ်မှာ မသုံးတော့တဲ့ ဘူးတွေကို စုဆောင်းပြီး များလာရင် ရောင်း၊ ရောင်းပြီး ရတဲ့ ငွေလေးနဲ့ မုန့်ဝယ်စား ဂိမ်းဆော့ဆိုတော့.. အမှိုက်က ရွှေဖြစ်တယ်ဆိုတာနဲ့ကလေးဘဝထဲကမစိမ်းသလိုပါပဲ။ အဲဒီအရွယ်တည်းက အမှိုက်ကို ခွဲခြားပြီးပစ်တယ်။ စုသင့်တာစု၊ ပြန်အသုံးချလို့ရတာအသုံးချ၊ ဝဲသင့်တာဝဲ။ အခုလို Upcycling ဆိုတဲ့ စကားနဲ့တွဲသိတဲ့ အချိန်မှာကျတော့ ပိုပြီးကျယ်ပြန့်သွားတယ်။ အနုပညာအဆင့်အထိတွေးမိပြီးဖန်တီးဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က ပလက်စတစ်လျှော့သုံးတာလေ့ကျင့်ဖြစ်တယ်။ ဒီလိုပွဲမျိုးတွေ အနုပညာလက်ရာတွေတော်တော်များများ လူထုကြားထဲမှာ ပြန့်နှံ့နေမယ်။ ပလက်စတစ်ရဲ့ ဆိုးကျိုး ဗဟုသုတတွေကပြန့်နှံ့နေမယ်။ စည်းကမ်းရှိမှုတွေနဲ့အတူ အားလုံးကလည်း လိုက်နာနေထိုင်ကြမယ်ဆိုရင် တော်တော့်ကို အထောက်အကူပြုမှာပါ။ ကျနော်တို့နိုင်ငံမှာလည်း ပလက်စတစ်စွန့်ပစ်ပစ္စည်းအမှိုက်တွေ ကနေရာတိုင်းမှာတွေ့နေရတယ်။ အမြင်လည်းမတော်သလိုစိုးရိမ်ရမဲ့အခြေအနေပါ။ ဒုက္ခပေးမဲ့ အခြေအနေရောက်နေပြီဆိုတော့ အထူးဂရုစိုက်သင့်ပါတယ်။
၅) လတ်တလောလုပ်နေတဲ့အနုပညာဖန်တီးမှုတွေရှိရင်ပြောပြပေးပါ။
အိမ်မှာ ပုံတွေဆွဲနေပါတယ်။
(Pure Gold ဟာ ဇန်န၀ါရီလ ၆ရက်နေ့အထိရှိနေမှာဖြစ်တဲ့အတွက် မရောက်ဖြစ်သေးတဲ့သူတွေလည်း သွားရောက်လေ့လာကြပါဦးလို့တိုက်တွန်းချင်ပါတယ်)