Advertisement

By Nay Thiha

မြန်မာနိုင်ငံက စာဂျပိုးလေးတွေအတွက်တော့ သတင်းကောင်းပါ။ မလေးရှားနိုင်ငံကအကြီးဆုံး စာအုပ်အရောင်းပွဲတော် Big Bad Wolf ဟာနောက်လဆိုရင် ရန်ကုန်ကိုရောက်လာတော့မှာပါ။

ဒီစာအုပ်ပွဲတော်ဟာ Myanmar Event Park မှာဇန်န၀ါရီလ ၁၈ရက်နေ့ကနေ ၂၈ရက်နေ့အထိ ၂၄နာရီလုံးလုံး ရောင်းချပေးသွားမယ်လို့သိရပါတယ်။ Big Bad Wolf မှာအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေကို ၅၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ discount နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Sule Shangri-La Hotel မှာဒီဇင်ဘာလ ၁၉ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (Credit: Big Bad Wolf)

ကျနော်တို့နိုင်ငံမှာအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေဝယ်ဖို့ ခက်ခဲပါတယ်။ စာအုပ်အများစုဟာမူရင်းထက် ဈေးနှုန်းကြီးမြင့်သလို ရွေးချယ်စရာလည်းတော်တော်ရှားတယ်။ ဒါပေမယ့် BBW ကဒီအတားအဆီးတွေကိုဖြိုဖျက်ပြီး စာဖတ်သူနဲ့စာအုပ်တွေကြားကပေါင်းကူးတံတားဖြစ်လာတော့မှာပါ။ ပရိသတ်တွေကို BBW နဲ့ရင်းနှီးစေချင်တဲ့အတွက် စာအုပ်ပွဲတော်ကိုမြန်မာနိုင်ငံမှာကျင်းပလို့ရအောင်စီစဉ်ပေးတဲ့ ဦးမျိုးအောင်နဲ့ BBW ရဲ့ PR Manager Ms. Parminderjit Kaur တို့နဲ့စကားပြောဖြစ်ခဲ့ပါတယ်။

“Big Bad Wolf ကိုကြားတာတော့ကြာပါပြီ။ သိပ်တော့မရင်းနှီးခဲ့ဘူး။ ဒါပေမယ့် ကိုယ်ကအာဆီယံထုတ်ဝေသူများအသင်းမှာ မြန်မာပြည်ကဥက္ကဌနဲ့အတွင်းရေးမှူးအဖြစ် ၂နှစ်လုပ်ခဲ့တဲ့အခါကျတော့မိတ်ဆွေတွေတော့ရှိတာပေါ့နော်။ လွန်ခဲ့တဲ့ ၂နှစ်ကဘန်ကောက်မှာ Big Bad Wolf စာအုပ်အရောင်းပွဲလုပ်နေတော့ founder နှစ်ဦးဖြစ်တဲ့ Andrew Yap နဲ့ Jacqueline တို့နဲ့သိခဲ့တယ်။ ပြီးတော့ အခုဒီဇင်ဘာလမတိုင်ခင်မှာ Andrew ကမြန်မာနိုင်ငံမှာစာအုပ်အရောင်းပွဲလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုတာနဲ့ ကိုယ်က partner အဖြစ်နှစ်ဖွဲ့ပေါင်းလုပ်ဖြစ်သွားတာပါ” လို့ Ready 2 Read [Myanmar] ရဲ့ဒါရိုက်တာနဲ့ မြန်မာနိုင်ငံမှာ Big Bad Wolf Books Sale စီစဉ်သူ ဦးမျိုးအောင်ကပြောပါတယ်။

စီစဉ်သူ ဦးမျိုးအောင်

၂၀၀၉ခုနှစ်က မလေးရှားနိုင်ငံမှာစတင်ခဲ့တဲ့ Big Bad Wolf ဟာ အင်ဒီုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ UAE အစရှိတဲ့နိုင်ငံတွေမှာရောင်းချခဲ့ပြီးပါပြီ။

BBW ရဲ့ PR Manager Parminderjit Kaur ကစာအုပ်ရောင်းချတဲ့လုပ်ငန်းဟာ အကျိုးအမြတ်သက်သက်အတွက်မဟုတ်ဘဲ စာဖတ်သူနှုန်းမြင့်မားလာဖို့ လူတိုင်းစာအုပ်တွေကိုလက်လှမ်းမီလာဖို့ဦးတည်ချက်လည်းပါတယ်လို့ဆိုပါတယ်။ BBW မှာဆိုရင် ကဏ္ဍအမျိုးမျိုးကစာအုပ်ပေါင်းတသန်းကျော်ရှိမှာဖြစ်ပါတယ်။

“ကိုယ်တို့အဓိကပစ်မှတ်ထားတာကတော့ ကလေးပရိသတ်နဲ့လူငယ်စာဖတ်ပရိသတ်ပါ။ Fiction၊ non-fiction တွေစုံစုံလင်လင်ပါမယ်။ Self-development (ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး) စာအုပ်တွေပါမယ်။ ဘာသာရေးစာအုပ်တွေ၊ နိုင်ငံရေးစာအုပ်တွေတော့နည်းမယ်” လို့ဦးမျိုးအောင်ကပြောပါတယ်။

အောက်တိုဘာလက ဒူဘိုင်းမြို့မှာ BBW ကျင်းပစဉ်ကမြင်ကွင်း

“တိုင်းပြည်ရဲ့လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေဖို့ဆိုရင် ပြည်သူတွေစာဖတ်မှရမယ်။ ဦးတို့လည်းနှစ်ပေါင်းများစွာစာအုပ်တွေတင်သွင်းလာတာပါပဲ။ ဒါပေမယ့်ဦးတို့တနိုင်တပိုင်တင်သွင်းလာတဲ့(အင်္ဂလိပ်)စာအုပ်တွေဟာ ဈေးနှုန်းသက်သက်သာသာနဲ့ရောင်းချပေးဖို့ခက်တယ်။ ကုန်ကျစရိတ်တွေအကုန်ကာမိအောင်လုပ်ရတဲ့အတွက် မြန်မာနိုင်ငံမှာအင်္ဂလိပ်စာအုပ်တွေဟာမူရင်းထက်ပိုပြီးဈေးများနေတတ်တယ်။ အဲ့ဒါနဲ့ Big Bad Wolf နဲ့တွေ့တဲ့အခါမှာ လူတိုင်းလက်လှမ်းမီတဲ့ဈေးနဲ့စာအုပ်တွေကိုရောင်းပေးလို့ရတယ်ဆိုတဲ့ concept ကိုသွားတွေ့ပါတယ်။”

စာအုပ်တွေဟာ Harper Collins၊ Penguin Books တို့လို အင်္ဂလန်နှင့်အမေရိကမှ နာမည်ကြီးစာအုပ်တိုက်များဆီကဖြစ်ပြီး မြန်မာနိုင်ငံမှာရောင်းချမယ့် stock တွေကတော့ အင်္ဂလန်၊ ချင်းမိုင်၊ ကွာလာလမ်ပူ နိုင်ငံ ၃နိုင်ငံမှလာမယ်လို့သိရပါတယ်။

အရင်တုန်းကလုပ်ခဲ့တဲ့ပွဲတွေမှာဆိုရင် စာအုပ်တွေရဲ့ ၃ပုံ ၁ပုံလောက်က ကလေးစာအုပ်တွေဖြစ်တဲ့အတွက် ကလေးတွေဖတ်ဖို့စာအုပ်ရွေးချင်တဲ့သူတွေအတွက်လည်းအဆင်ပြေမှာပါ။

စာအုပ်တသန်းကျော်ရှိပေမယ့်လည်း ကျယ်ဝန်းတဲ့နေရာတွေမှာသာစီစဉ်ရောင်းချတာဖြစ်သလို ၂၄နာရီပတ်လုံးရောင်းချပေးမှာဖြစ်တဲ့အတွက် လူကြိတ်ကြိတ်တိုးနေတာမျိုးကြုံရမှာမဟုတ်ပါဘူး။ နိုင်ငံတကာမှာကျင်းပသွားတဲ့ပွဲတွေမှာဆိုရင် စာအုပ်တွေသယ်ယူဖို့ ဘီးတပ်ခြင်းကလေးတွေစီစဉ်ပေးထားတဲ့အတွက် အလွယ်တကူဆွဲယူသွားလို့ရပါတယ်။

စာပေအမျိုးအစားပေါင်းစုံကိုရောင်းချပေးတဲ့အတွက် ရွေးချယ်စရာတော့တော်တော်စုံမှာပါ။ ကိုယ့်စိတ်ကြိုက်စာအုပ်တွေရွေးချယ်နိုင်ဖို့ စောစောသွားဝယ်ထားဖို့တော့လိုပါလိမ့်မယ်။ Big Bad Wolf ဟာအင်္ဂလိပ်စာအုပ်နှစ်သက်တဲ့စာချစ်သူတွေအတွက် လောကနိဗ္ဗာန်တခုဖြစ်လာမလားဆိုတာကိုတော့ မကြာခင်မှာသိရပါတော့မယ်။

(စာအုပ်ပွဲတော်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို တရားဝင် Facebook စာမျက်နှာ Big Bad Wolf Books – MM မှာဖတ်ရှုနိုင်ပါတယ်)

Ref: https://www.thejakartapost.com/life/2016/05/05/beware-of-big-bad-wolf-10-fun-facts-about-the-book-sale.html

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here