Advertisement

iPhone အသစ်တွေထွက်လာပြီးနောက် မြန်မာနိုင်ငံမှာ Mytel ကပထမဆုံးအကြိမ်အဖြစ် eSIM နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ နိုင်ငံတကာမှာတောင်အတွေ့ရနည်းနေသေးတဲ့မိုဘိုင်းနည်းပညာ eSIM နည်းပညာကိုအခုဆိုရင် ပြည်တွင်းမှာ iPhone XR, XS နဲ့ XS Max ကိုင်ဆောင်သူတွေအနေနဲ့ Mytel  network ကနေ သုံးနိုင်တော့မှာပါ။ စာဖတ်ပရိသတ်တွေအတွက် eSIM နည်းပညာအကြောင်းရေးသားဖော်ပြလိုက်ပါတယ်။

eSIM ဆိုတာ

eSIM ဆိုတာအကောင်အထည်ရှိတဲ့ SIM ကတ်မဟုတ်ဘဲ QR Code ကဲ့သို့ ကုဒ်နံပါတ်တစ်ခုရိုက်ထည့်လိုက်တာနဲ့ သာမန် SIM ကတ်တကတ်သုံးနေရသလို ၀န်ဆောင်မှုအကုန်ရရှိမယ့်နည်းပညာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ SIM card လဲလှယ်ရာမှာ ဖုန်းထဲက card tray ကိုဖွင့်ပြီးလဲလှယ်နေစရာမလိုတော့ဘဲ ဖုန်းထဲမှာတင်ကုဒ်နံပါတ်ကိုပြောင်းလဲလိုက်ရုံပါပဲ။ အသုံးပြုတဲ့လက်ကိုင်ဖုန်းနဲ့ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီကထောက်ပံ့ပေးဖို့တော့လိုပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာတော့ physical SIM နဲ့ eSIM ကိုထောက်ပံ့ပေးထားပါတယ်။

eSIM ဆိုတာဖုန်းထဲမှာရှိတဲ့ chip လေးတစ်ခုသာဖြစ်ပြီး NFC chip နဲ့အလုပ်လုပ်ပုံခြင်းတူပါတယ်။ eSIM ပေါ်မှာမှတ်ထားတဲ့သတင်းအချက်အလက်တွေကိုပြန်ပြင်နိုင်တဲ့အတွက် operator အပြောင်းအလဲလုပ်ရလွယ်ပါတယ်။ eSIM ကိုမိုဘိုင်းဖုန်းကွန်ယက်အသင်းချုပ် GSMA ကအသိအမှတ်ပြုထောက်ပံ့ထားပါတယ်။

ပြည်ပခရီးအထွက်များတဲ့သူတွေအတွက်အဆင်ပြေ

သဘောတရားအရဆိုရင် eSIM ဟာနိုင်ငံခြားတိုင်းပြည်ကမိုဘိုင်းဖုန်းကွန်ယက်ကိုအထောက်အပံ့ပေးနိုင်ပြီး ပြည်ပခရီးအထွက်များတဲ့သူတွေအနေနဲ့ ကိုယ့်မိခင်နိုင်ငံကဖုန်းနံပါတ်နဲ့ကိုယ်ရောက်ရှိနေတဲ့နိုင်ငံကဖုန်းနံပါတ် ၂မျိုးလုံးကို SIM card လဲလှယ်စရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။

eSIM ရဲ့အားသာချက်များ

  • SIM ကတ်လဲလှယ်ရလွယ်ကူခြင်း
  • ကရိကထမများဘဲ Operator တစ်ခုမကလွတ်လပ်စွာသုံးနိုင်ခြင်း
  • ပိုမိုအဆင့်မြင့်သောမိုဘိုင်းကိရိယာများထွန်းကားလာရန်အားပေးနိုင်ခြင်း

eSIM မှာတွေ့ရလေ့ရှိတဲ့အဆင်မပြေမှုများ

  • ဖုန်းအသစ်လဲတဲ့အခါ ဖုန်းအဟောင်းထဲက eSIM အချက်အလက်တွေကိုဖျက်ဖို့လိုပါလိမ့်မယ်
  • eSIM ဟာ cloud storage ပေါ်အခြေခံထားတာကြောင့် ဟက်ကာတွေအနေနဲ့အသုံးပြုသူတွေရဲ့အချက်အလက်တွေကိုခိုးယူရပိုလွယ်တယ်လို့တချို့ကထောက်ပြကြပါတယ်
  • အသုံးပြုသူတွေကို eSIM ကိုပြောင်းလဲသုံးချင်လာအောင် စည်းရုံးဖို့လိုပါသေးတယ်

eSIM အထောက်အပံ့ရနိုင်တဲ့နိုင်ငံများ

သြစတြီးယား၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ စပိန်၊ UK၊ USA နှင့် မြန်မာ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here