Advertisement

ဟမ်းဘာ့ဂ်မြို့၊ လန်ဒန်မြို့နှင့်ဘန်ကောက်မြို့ပြီးလျှင်  ရန်ကုန်ဟာကမ္ဘာအနှံ့အပြားသို့လှည့်လည်ရောက်ရှိနေတဲ့ Pure Gold အနုပညာပြပွဲ၏ စတုတ္ထမြောက်ပွဲတော်ကျင်းပရာ မြို့ဖြစ်ပါတယ်။ယမန်နှစ်စက်တင်ဘာလတွင် မိတ်ဆက်ခဲ့သော Pure Gold ဟာ ကမ္ဘာအနှံ့သို့ ၁၀ နှစ်ကြာလှည့်လည်မှာဖြစ်ပြီး ပြတိုက်နှင့် အနုပညာလက်ရာပြခန်းများတွင် တန်ဖိုးမြင့်ပစ္စည်းအဖြစ်ပြန်လည်ဖန်တီးထားသော အရာဝတ္ထုများကိုပြသရင်း ၎င်း၏ အနုပညာရပ်များနှင့်ပတ်သက်၍ဆွေးနွေးဖလှယ်သွားမယ်လို့သိရပါတယ်။

Pure Gold အနုပညာပြပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်မှ စတင်၍ ဇန်နဝါရီလ၆ ရက်၊ ၂၀၁၉ ခုနှစ်အထိ နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရန်ကုန်မြို့၊ အတွင်းဝန်ရုံးမှာပြသသွားမှာပါ။ အနုပညာပြပွဲသို့ မည်သူမဆိုလာရောက်ကြည့်ရှုနိုင်ပြီး ဝင်ကြေးမှာအခမဲ့ဖြစ်ပါတယ်။

Pure Gold ကို ဂျာမနီနိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးဆိုင်ရာအဖွဲ့အစည်း ifa မှ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ လှတယ် (Hla Day) ၊ ကြွပ်ကြွပ် (Chu Chu) တို့နှင့် ပူးပေါင်းကာ အဆိုပါအနုပညာပြပွဲကိုမြန်မာနိုင်ငံတွင် Goethe-Institut မှ စီစဉ်တင်ဆက်ထားပါတယ်။

အဝတ်အစားအဟောင်းများ၊ တာယာအဟောင်းများ၊ ဖန်ပြွန်အကွဲများ၊ ပလတ်စတစ်အိတ်များ၊ ပုလင်းခွံများ၊ ကြွေပြားအကျိုးအပဲ့များ၊ ပရိဘောဂအကျိုးအပျက်များ၊ စာအုပ်များ၊ စွန်းထင်းအက်ကွဲ နေသောဖန်ခွက်များ၊ အစားအသောက်များထည့်သည့် သံဘူးများ၊ ကတ်ထူပုံးများမှအစ ကြက်ဥခွံများအဆုံး အသုံးမဝင်တော့သည့် စွန့်ပစ်ပစ္စည်းများဟာ လှပသေသပ်သော တန်ဖိုးမြင့်ပစ္စည်းများအဖြစ် ပြောင်းလဲနေတာကိုကြည့်ရှုခံစားရမှာပါ။

“ကျွန်တော်အနုပညာပြပွဲကို စတွေ့ပြီး ‘အိုး..အံ့မခန်းပါပဲလား’ ဆိုတဲ့စကားပဲ ပြောနိုင်တော့တယ်။ အရာအားလုံးဟာ အသုံးဝင်ပြီး လှပနေတယ်” ဟု မြန်မာအနုပညာရှင် အာကာကျော်က ပြောပါတယ်။

အတွေးအာရုံကိုလှုပ်နှိုးပေးသောgraffiti နှင့် လူထုအနုပညာလက်ရာများဖြင့် လူသိများထင်ရှားတဲ့ အာကာကျော်ဟာ Pure Gold အနုပညာပြပွဲရဲ့ ထင်ရှားသောပြကွက်တစ်ခု ဖြစ်တဲ့ဧရာမနဂါးကြီးရုပ်ကြီးကိုဦးဆောင်ဖန်တီးနေသည့် အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဧရာမနဂါးရုပ်ကြီးကို ဝါး၊အသုံးပြုပြီးသားဆန်အိတ် နှင့် ပလတ်စတစ်များကို အသုံးပြု၍ ပြုလုပ်ဖန်တီးထားတာပါ။

ဦးခေါင်းမှအမြှီးအထိ ၁၁၅ မီတာအရှည်ရှိသော ဧရာမနဂါးကြီးဟာအနုပညာပြခန်းများမှနေ၍ အတွင်းဝန်များရုံး၏ အနောက်ဘက်အဆောင်ဝင်ပေါက်ရှိ သံကြွပ်ကိုယ်ထည်လှေကားပေါ်အထိ ရစ်ပတ်လိမ်ယှက်ကာ သွားနေသည့်ပုံကိုလည်းတွေ့မြင်နိုင်ပါတယ်။ “ကျွန်တော်တို့ရဲ့မြန်မာ့ရိုးရာကျေးလက်ပုံပြင်တွေမှာဆိုရင် နဂါးကို တန်ခိုးရှိတဲ့ မြွေနဲ့တူတဲ့သတ္တဝါတစ်ကောင်အဖြစ် ဖော်ပြကြပါတယ်။ ကျွန်တော်တို့က ဒီနဂါးရုပ်ကြီးနဲ့အနုပညာပြပွဲကို လာရောက်ကြည့်ရှုကြတဲ့ ဧည့်ပရိသတ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုဖမ်းစားချင်တာပါ။ ပြီးတော့ စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးမြှင့်ပြီးအသုံးဝင်တဲ့ပစ္စည်းတွေအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးချင်တာပါ” ဟု အာကာကျော်ကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အာကာကျော်နှင့်အတူ Pure Gold အနုပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် အနုပညာရှင် များဖြစ်ကြသည့် ရတနာဝင်း၊ အောင်မြတ်ဌေး၊ ဇွန်အိ၊ မအိ၊ ကိုလတ်၊ ကိုရဲ၊ ငယ်ငယ်၊ ကောင်းမြတ်သူ၊ သီရိဝေမောင်၊ ပေါ်ဆွန်၊ စမ်စမ်း၊ ဆွန်ဟွဲ၊ အေးလွင်၊ Nang Hseng Noon နှင့် Sai Puen Kur တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Photo credit: Rice Communications

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here