Advertisement

By Nay Thiha

Einstein: His Life and Universe

မကြာသေးခင်ကပြည်သူကြားပျံ့လာတဲ့ Albert Einstein ရဲ့ပေးစာတွေအပေါ်အခြေခံပြီးရေးထားတဲ့ဒီစာအုပ်ဟာ အများမသိသေးတဲ့သူ့ရဲ့ပုဂ္ဂိုလ်ရေးဘ၀အကြောင်းဖြစ်ပါတယ်။ Einstein ဟာတချိန်ကဆရာအလုပ်ကိုတောင်မရနိုင်တဲ့သူတစ်ယောက်ပါ။ အိမ်ထောင်ရေးလည်းအဆင်မပြေလှဘဲ ပင်ပန်းဆင်းရဲစွာရုန်းကန်နေရသူကနေ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတယောက်ဖြစ်လာပုံကို ဒီစာအုပ်မှာဖတ်ရှုရမယ်။ သူဟာရှေးရိုးစဉ်လာအယူအဆတွေကိုမေးခွန်းထုတ်တတ်သူဖြစ်ပြီး လူတွေအမှတ်တမဲ့သဘောထားတဲ့ပြဿနာတွေကို စိတ်ဝင်တစားလေ့လာဖြေရှင်းတတ်သူလည်းဖြစ်တယ်။ ဒီအကျင့်စရိုက်ကပဲသူ့ကိုအောင်မြင်မှုတွေရစေခဲ့တာပါ။

Benjamin Franklin နဲ့ Steve Jobs တို့ရဲ့အတ္ထုပ္ပတ္တိတွေရေးသားခဲ့သူ Walter Isaacson ရေးသားတဲ့ ဒီစာအုပ်ဟာ Einstein ရဲ့ရုန်းကန်မှုတွေအကြောင်းလေ့လာဖို့အကောင်းဆုံးပါပဲ။

A New Earth: Create a Better Life

ဒီစာအုပ်ဟာ ကိုယ့်စိတ်ဝိညာဉ်ကိုအေးဆေးတည်ငြိမ်အောင်တည်ဆောက်ပြီး မိမိကိုယ်ကိုမြှင့်တင်ဖို့အတွက်လမ်းညွှန်ချက်တွေပေးထားတယ်။ စာရေးဆရာ Eckhart Tolle ဟာလူသားအားလုံးညီညွတ်စွာနေထိုင်ရင်း တဦးကိုတဦးဖေးမရင်းဒီကမ္ဘာကြီးကိုပိုမိုကောင်းမွန်လာအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပြောပြထားတယ်။ အတ္တတွေမာနတွေဖုံးလွှမ်းနေတဲ့ဘ၀ကနေ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ဘ၀ဖြစ်လာအောင်ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရမယ့်နည်းလမ်းတွေကိုလည်းပေးထားပါတယ်။

Before I Go to Sleep

Christine ဟာသူ့ကိုယ်သူဘယ်သူမှန်းမသိဘူး။ သူဘယ်ရောက်နေတာလဲ သူနဲ့အတူရှိနေတဲ့အမျိုးသားကဘယ်သူလဲဆိုတာကိုလည်း မသိဘူး။ မနက်မိုးလင်းတာနဲ့သူမနဲ့အတူနေတဲ့အမျိုးသားဖြစ်သူက သူ့ကိုယ်သူမိတ်ဆက်တယ်။ သူ့နာမည်က Ben ဖြစ်ကြောင်း၊ သူမအသက် ၄၇နှစ်ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကယာဉ်တိုက်မှုတစ်ခုကြောင့် သူမမှတ်ဥာဏ်တွေချွတ်ယွင်းသွားတာဖြစ်ကြောင်း နေ့စဉ်နေ့တိုင်းရှင်းပြရတယ်။

Christine ဟာမနက်တိုင်းသူ့ဘ၀ကိုအသစ်ကပြန်စနေရတယ်။ အတိတ်ကိုပြန်လည်တွေးတောတည်ဆောက်ရင်း သူမထင်မထားတဲ့ဘ၀အကြောင်းရိပ်မိလာတော့တယ်။

S. J. Watson ရဲ့ပွဲဦးထွက်လုံးချင်းဝတ္ထုဟာ Memento နဲ့ Shutter Island တို့လို စိတ္တဇဆန်ဆန်ဇာတ်လမ်းမျိုးပါ။ Nicole Kidman, Colin Firth, Mark Strong တို့နဲ့ရုပ်ရှင်အဖြစ်အသက်သွင်းထားပါသေးတယ်။

The Gentleman’s Guide to Vice and Virtue

၁၈ရာစုမှာဇာတ်အိမ်တည်ထားပြီး လိင်တူလိင်ကွဲစိတ်ဝင်စားတဲ့ ဗြိတိသျှသူကောင်းမျိုးတစ်ယောက်ဖြစ်တဲ့ Henry “Monty” Montague ရဲ့ဥရောပခရီးစဉ်အကြောင်းရေးဖွဲ့ထားတယ်။ ပျော်ပျော်နေတတ်တဲ့ Monty ကို သူ့ဖခင်ဖြစ်သူကအမွေဆက်ခံပြီး သူတို့မိသားစုတာဝန်တွေလွှဲပြောင်းပေးဖို့စီစဉ်နေတယ်။ တဘက်မှာလည်း Monty ကသူနဲ့ခရီးသွားဖော်လည်းဖြစ် အခင်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ Percy ကိုကြိတ်ကြွေနေပါတယ်။

Mackenzi Lee ရဲ့ဒီဝတ္ထုကိုတချို့က ၁၇၀၀ ပြည့်နှစ်တွေကိုနောက်ခံထားထားတဲ့ Simon vs. the Homo Sapiens Agenda ဆိုပြီးချီးမွမ်းကြတယ်။ အချစ်အလွမ်းစွန့်စားခန်းတွေကိုဟာသလေးနှောပြီးရေးထားတဲ့ ဒီဝတ္ထုမှာ လိင်တူစိတ်ဝင်စားတဲ့ Monty နဲ့ သူ့မိတ်ဆွေ Percy တို့ကြားကသံယောဇဉ်အကြောင်းတွေ့ရပါလိမ့်မယ်။

The Narrow Road to the Deep North

အဓိကဇာတ်ကောင် Dorrigo Evans တစ်ယောက် စစ်အတွင်းကဂျပန်တပ်တွေရဲ့သုံ့ပန်းအဖြစ်ထိန်းသိမ်းခံထားရတုန်းကအတွေ့အကြုံတွေအပေါ် အခြေခံထားတယ်။ အတိတ်ကထောင်ထဲမှာသူသိခဲ့ရတဲ့ ဘ၀တူအကျဉ်းသားတွေအကြောင်း ဂျပန်စစ်သားထောင်မှူးတွေအကြောင်းတွေလည်းပါဝင်သလို မျက်မှောက်ခေတ်သြစတြေးလျနိုင်ငံရဲ့ပုံရိပ်တွေကိုပါတွေ့ရမယ်။ ကြမ်းတမ်းရက်စက်သလို သိမ်မွေ့လှပတဲ့ဒီဝတ္ထုဟာ ချစ်ခြင်းမေတ္တာနဲ့သေခြင်းတရား၊ စစ်နဲ့အမှန်တရားတို့အကြောင်းဖြစ်ပြီး လူတယောက်ရဲ့ဘ၀ကိုသူသိမြင်ခံစားရတဲ့အတိုင်းဖတ်ရပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here