By Nay Thiha
Lincoln in the Bardo

၁၈၆၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့တောက်လောင်နေစဉ်မှာ သမ္မတ Lincoln ရဲ့သားငယ် Willie ဟာအပြင်းအထန်ဖျားနာနေပါတယ်။ ဆရာဝန်တွေကပြန်ကောင်းလာမယ်လို့ပြောကြပေမယ့် Willie လေးကွယ်လွန်သွားခဲ့ပါတယ်။ စိတ်ထိခိုက်နေတဲ့သမ္မတကြီးဟာ သားဖြစ်သူရဲ့အုတ်ဂူဆီမကြာခဏတယောက်တည်းသွားလည်တတ်တယ်လို့ သတင်းစာတွေကဖော်ပြကြတယ်။
ဒီသမိုင်းဝင်အဖြစ်အပျက်ကိုအခြေခံပြီး စာရေးဆရာ George Saunders ဟာဒီစိတ်ကူးယဉ်ဝတ္ထုကိုရေးသားထားတာပါ။ Willie Lincoln ဟာသေပြီးနောက်ပိုင်း တမလွန်ဘုံကိုရောက်သွားတယ်။ တိဘတ်ထုံးတမ်းစဉ်လာအရ Bardo လို့ခေါ်တဲ့ဒီဘုံမှာ Willie ကြုံတွေ့ရတဲ့ဝိညာဉ်တွေရဲ့ပြုမူနေထိုင်ပုံတွေက ဒီဝတ္ထုရဲ့အဓိကဇာတ်လမ်းပါ။
တမလွန်ဘုံသားတွေသူတို့ရဲ့အရင်ဘ၀ကိုပြန်အောက်မေ့သတိရတဲ့အကြောင်း၊ ကျွန်ုပ်တို့ချစ်တဲ့သူတွေ အရာဝတ္ထုတွေအားလုံးကိုတနေ့ထားခဲ့ရမယ်ဆိုတဲ့အကြောင်း စာရေးဆရာကမသိမသာပြောပြသွားပါတယ်။
The Naked Ape

သတ္တဗေဒပညာရှင် Desmond Morris ဟာ လူသားတွေကိုဘုရားသခင်ရဲ့ဖန်တီးမှုဆိုတာထက် မျောက်တွေရဲ့မျိုးဆက်အဖြစ်ရေးသားဖော်ပြထားတယ်။ မျောက်ကနေဆင်းသက်လာပေမယ့် လူသားတွေရဲ့ဒူပေဒါပေခံနိုင်မှု၊ စွမ်းဆောင်ရည်နဲ့ စိတ်ကူးစိတ်သန်းတွေဟာအံ့သြစရာကောင်းလှပါတယ်။ ဒါပေမယ့်လူဆိုတာလည်း တိရစ္ဆာန်ကနေဆင်းသက်လာတာပဲဖြစ်တယ်ဆိုတာကိုတော့ မေ့နေကြတဲ့အကြောင်းပါရေးထားတယ်။ လူတို့ရဲ့ဇာစ်မြစ်၊ မေထုံမှီဝဲမှုသဘာဝ၊ အလေ့အကျင့်၊ လူနဲ့တိရစ္ဆာန်တို့ကြားကသံယောဇဉ်တွေအကြောင်းရှင်းလင်းတင်ပြထားတဲ့ The Naked Ape ဟာ ၁၅ကြိမ်မြောက်ထုတ်ဝေရတဲ့အထိ နာမည်ကြီးလူကြိုက်များလှပါတယ်။
The Persuaders

နေ့စဉ်နေ့တိုင်းကျွန်ုပ်တို့ကိုလူတွေကတနည်းမဟုတ်တနည်းနဲ့မြှူဆွယ်ဖို့ကြိုးစားနေကြတယ်။
သူတို့သုံးတဲ့နည်းလမ်းတချို့ကအရမ်းသိမ်မွေ့လွန်းတာကြောင့်
မြှူဆွယ်လို့မြှူဆွယ်နေမှန်းတောင်
သိလိုက်မှာမဟုတ်ပါဘူး။
ဒဿနပညာရှင် James Garvey ဟာစည်းရုံးရေးဝါဒဖြန့်ရေးလုပ်ငန်းစဉ်တွေမှာလုပ်ကိုင်နေတဲ့သူတွေနဲ့
သူတို့သုံးလေ့ရှိတဲ့နည်းလမ်းတွေအကြောင်းပြောပြထားတယ်။
ဒီစာအုပ်မှာပင်လယ်ကွေ့စစ်ပွဲကို
မီးထိုးပေးတဲ့ ၀ါဒါဖြန့်လုပ်ငန်းကနေ ကုန်ပစ္စည်းကြော်ငြာတွေအထိ လူ့စိတ်ကိုစည်းရုံးမြှူဆွယ်တဲ့နေရာမှာသုံးတဲ့နည်းလမ်းတွေအကြောင်းဖတ်ရှုရမယ်။
PR လုပ်ငန်းတွေ နိုင်ငံရေးလော်ဘီတွေဆင်တဲ့ထောင်ချောက်တွေထဲ
ဘယ်လိုသက်ဆင်းမိသွားတာလဲ။ ဒီမြှူဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်ကြောင့်
ကျွန်ုပ်တို့စိတ်ချမ်းသာမှုကိုထိခိုက်နိုင်သလား။
ဒီမေးခွန်းတွေကိုအဖြေရှာချင်ရင်တော့
The Persuaders ကိုဖတ်ကြည့်ဖို့လိုပါတယ်။
The Sun is also a Star

မကြာခင်မှာရုပ်ရှင်ဖြစ်လာတော့မယ့် ဒီစာအုပ်ဟာ New York Times အရောင်းရဆုံးစာရင်းမှာ နံပါတ် ၁ဖြစ်ခဲ့ပြီး စာဖတ်ပရိသတ်တွေကြားမှာလည်း အရမ်းနာမည်ကြီးခဲ့ပါတယ်။ Natasha ဟာသိပ္ပံပညာ၊ လက်တွေ့ကျကျအချက်အလက်တွေကိုသာယုံကြည်သူဖြစ်ပြီး ကံတရားတွေ စိတ်ကူးယဉ်မှုတွေကိုအလေးမထားသူပါ။ သူမမိဘတွေ ဂျာမေကာနိုင်ငံဆီပြန်ပို့ခံရဖို့ ၁၂နာရီလောက်ပဲလိုတော့တဲ့အချိန်မှာ နယူးယောက်မြို့လမ်းတွေပေါ်မှာတွေ့တဲ့ကောင်လေးတစ်ယောက်နဲ့ ချစ်မိသွားလိမ့်မယ်လို့ သူမမထင်ထားခဲ့ပါဘူး။
Daniel ကတော့စာကြိုးစားတဲ့သားကောင်းလိမ္မာလေးဖြစ်ပြီး သူ့မိဘတွေစိတ်ချမ်းသာအောင်အမြဲနေတဲ့သူပါ။ စိတ်ကူးယဉ်တတ်သူ ကဗျာဆန်တတ်သူမဟုတ်ပါဘူး။ ဒါပေမယ့် Natasha ကိုတွေ့တဲ့အချိန်မှာတော့ သူ့ဘ၀မှာမကြုံခဲ့ရဖူးတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပါတော့တယ်။
သူတို့ ၂ယောက်တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘာကြီးဟာသူတို့ထင်ထားတာထက် ပိုမိုအရောင်စုံတောက်ပတယ်ဆိုတဲ့အကြောင်း သဘောပေါက်လာကြပါတယ်။
Milk and Honey

New York Times ရဲ့နံပါတ်တစ်အရောင်းရဆုံးကဗျာစာအုပ်ဟာ မိန်းမတစ်ယောက်ရဲ့ကြုံခဲ့ရတဲ့ အဓမ္မမှု၊ အကြမ်းဖက်မှု၊ ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှု၊ မိန်းမသဘာဝတွေအကြောင်းရေးဖွဲ့ထားတာပါ။
ဒီစာအုပ်ထဲကကဗျာတွေဟာကြမ်းတမ်းတဲ့ဘ၀အတွေ့အကြုံတွေအကြောင်းရေးသားထားသလို အဲ့ဒီအတွေ့အကြုံဆိုးတွေထဲမှာပဲ လှပတဲ့အခိုက်အတံ့လေးတွေရှိသေးကြောင်းပြောပြထားပါတယ်။ ကြည့်တတ်မယ်ဆိုရင် အရာရာတိုင်းမှာအလှတရားရှိပါတယ်။