By Nay Thiha
အခုဆိုနိုင်ငံတကာမှာanimation ရုပ်ရှင် Spiderman: Into the Spider-Verse ဟာပရိသတ်တွေနဲ့ ဝေဖန်ရေးဆရာတွေရဲ့ချီးမွမ်းမှုကိုရရှိထားပါတယ်။ ၀င်ငွေအနေနဲ့ပြောရရင်လည်း ရုံတင်တင်ချင်းအပတ်မှာတင် အမေရိကန်ပြည်ထောင်စုနဲ့နိုင်ငံတကာရုံဝင်ငွေတွေပေါင်းလိုက်ရင်ဒေါ်လာသန်း ၁၀၀နီးပါး ရရှိထားတယ်လို့သိရပါတယ်။ ဒါ့အပြင်ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း အကောင်းဆုံးanimation ရုပ်ရှင်ဆုအတွက်လျာထားခံရပါတယ်။
အဓိကဇာတ်ကောင်နေရာမှာ အာဖရိကန်-ပွာတိုရိကန်သွေးနှော Miles Morales ကိုထားထားခြင်းကိုကြည့်ခြင်းဖြင့် Spider-Verse ဟာလူမျိုးပေါင်းစုံယှဉ်တွဲနေထိုင်မှုကိုလည်း အားပေးထားတာကိုတွေ့နိုင်တယ်။ အရင်က box-office မှာနာမည်ကြီးတဲ့ Spider-Man ရုပ်ရှင်တွေအားလုံးဟာလူဖြူအမျိုးသားကိုပဲ အဓိကဇာတ်ကောင်နေရာမှာထားတာပါ။ သွေးနှောဇာတ်ကောင်ကိုအဓိကနေရာမှာထားပေမယ့် ရုပ်ရှင်ရဲ့ဝင်ငွေမထိခိုက်တာကိုကြည့်ခြင်းဖြင့် ပရိသတ်တွေဟာလူဖြူမဟုတ်တဲ့ဇာတ်လိုက်တွေကိုလည်း လက်ခံလာကြပြီဆိုတာကိုသိနိုင်ပါတယ်။

ဇာတ်လမ်းကတော့ဂရပ်ဖီတီဆွဲဝါသနာပါတဲ့ Miles ဟာမြေအောက်ရထားဘူတာရုံမှာပုံဆွဲနေရင်း ရေဒီယိုဓာတ်သတ္တိကြွပင့်ကူကိုက်တာခံလိုက်ရတယ်။ ပင့်ကူတကောင်လိုအစွမ်းသတ္တိတွေရသွားတဲ့ Miles ဟာတနေ့မှာ Wilson Fisk ရဲ့လျှို့ဝှက်ဓာတ်ခွဲခန်းကိုရှာတွေ့သွားတယ်။Kingpin လို့လည်းလူသိများတဲ့ Fisk ဟာကားအက်ဆီးဒင့်တခုမှာသူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရလို့particle accelerator တခုတည်ဆောက်ပြီး တခြား dimension ကသူ့မိန်းမနဲ့ကလေးကိုပြန်ယူဖို့ကြိုးစားနေတယ်။ Spider-Man တယောက်ရောက်လာပြီး Fisk ရဲ့အစီအစဉ်ကိုတားဆီးဖို့ကြိုးစားရင်း accelerator ဖောက်ပြန်သွားပါတယ်။
နောက်ပိုင်းမှာတခြား dimension တွေက Spider-People တွေရောက်လာပြီး Fisk ရဲ့အကြံကိုတားဆီးဖို့ပူးပေါင်းကြပါတော့တယ်။
နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ငွေရောင်ပိတ်ကားမှာဆက်ကြည့်ကြပါနော်။ ဒီပို့စ်မှာတော့ ပရိသတ်နဲ့မရင်းနှီးတဲ့ Spider-People တွေအကြောင်းမိတ်ဆက်ပေးသွားပါ့မယ်။
Spider-Gwen

မူလ Spider-man ဇာတ်လမ်းနဲ့ခြားနားတဲ့ကမ္ဘာတခုမှာ Gwen Stacy ဟာရေဒီယိုဓာတ်သတ္တိကြွ ပင့်ကူကိုက်ခံရပြီးပင့်ကူတကောင်လိုစွမ်းအင်တွေရရှိသွားတယ်။ ပြီးတော့ Spider-Woman ဆိုတဲ့နာမည်နဲ့ မတရားမှုတွေကိုဆန့်ကျင်ခဲ့တယ်။Peter Parker ဆိုတာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း။ Peter ဟာအမြဲလိုလိုကျောင်းသားတွေရဲ့ အနိုင်ကျင့်ခြင်းကိုခံရတာကြောင့် သိမ်ငယ်စိတ်ဝင်နေတဲ့သူ။ Spider-Woman ကိုအားကျနေပြီးသူ့လိုစွမ်းအင်တွေလိုချင်တာနဲ့အိမ်မြှောင်တကောင်လိုစွမ်းအင်တွေ ပေးနိုင်တဲ့ဆေးရည်ကိုတီထွင်ခဲ့တယ်။
Prom night မှာကျောင်းသားတွေအနိုင်ကျင့်ခြင်းကိုခံရတာကြောင့် သည်းမခံနိုင်တော့တဲ့ Peterဟာသူ့ဆေးရည်ကိုထိုးသွင်းပြီး Lizard အဖြစ်ပြောင်းလဲသွားတော့တယ်။ Gwen လည်း Spider-Womanအဖြစ်ပြောင်းလဲပြီး Lizard နဲ့တိုက်ခိုက်ရင်းမတော်တဆသတ်မိသွားတယ်။ Lizard ကနေPeter အဖြစ်ပြန်ပြောင်းသွားပြီး Gwen ရဲ့လက်ပေါ်မှာတင်သေဆုံးသွားတယ်။ အဲ့ဒီအချိန်မှာကျောင်းသားတွေရောက်လာပြီးSpider-Woman ဟာ Peter ကိုသတ်လိုက်တယ်လို့အထင်လွဲသွားကြပါလေရော။ ဒီလိုနဲ့ပဲ Spider-Womanဟာလူသတ်သမားအဖြစ်သတ်မှတ်ခံရပါတော့တယ်။ ဒီကနေပြီး Spider-Gwen series စတင်ပါတယ်။
Spider-Man Noir

Spider-Man Noir ကိုအခုရုပ်ရှင်မှာတော့မင်းသားကြီး Nicholas Cage ကနောက်ခံစကားပြောပေးထားတယ်။ ရုပ်ပြထဲမှာတော့သူဟာ ၁၉၃၃ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကာလက Peter Parker ဖြစ်ပါတယ်။ သူဟာ DailyBugle ကအတွေ့အကြုံမရှိတဲ့သတင်းထောက်တယောက်ဖြစ်ပြီး ကျင့်ဝတ်စံနှုန်းတွေအလွန်အလေးထားသူဖြစ်တယ်။သူ့ရဲ့ဆရာက Marvel ရုပ်ပြတွေထဲကနာမည်ကြီးသတင်းထောက် Ben Urich ပါ။ Peter ဟာမှောင်ခိုဂိုဏ်းတခုရဲ့ကုန်ပစ္စည်းသိမ်းဆည်းရာဂိုထောင်ကိုဖော်ထုတ်ဖို့လုပ်နေတုန်း ရှေးဟောင်းပင့်ကူရုပ်တုတခုကကျကွဲသွားတယ်။အထဲကနေပင့်ကူတွေအများကြီးထွက်လာပြီး တကောင်က Peter ကိုကိုက်သွားခဲ့ပါတယ်။ ပြီးတော့Peter မေ့မျောသွားပြီး အိပ်မက်ထဲမှာ ပင့်ကူနတ်ဘုရားနဲ့တွေ့ဆုံခဲ့တယ်။ အဲ့ဒီနောက်မှာတော့ပင့်ကူတကောင်လိုစွမ်းအားတွေရရှိလာပါတော့တယ်။ဒါ့ကြောင့် Spider-Man Noir စွမ်းအင်ရလာတာဟာသိပ္ပံပညာကြောင့်မဟုတ်ဘဲ ဂမ္ဘီရဆန်ပါတယ်။သေနတ်ပစ်ကျွမ်းကျင်ပြီး လက်နက်ကိရိယာအမျိုးမျိုးကိုင်တွယ်အသုံးပြုနိုင်တယ်။ သူ့ဝတ်စုံဟာဦးလေးဖြစ်သူBen ပထမကမ္ဘာစစ်မှာဝတ်ဆင်ခဲ့တဲ့ယူနီဖောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ သူကကျနော်တို့ရင်းနှီးပြီးသားဖြစ်တဲ့သဘောကောင်းကောင်းပေါ့ပေါ့ပါးပါးနေတတ်တဲ့ Spider-man ပုံစံမဟုတ်ဘဲ ကြမ်းတမ်းခက်ထန်ပြီးလျှို့ဝှက်တဲ့စိတ်နေသဘောထားရှိပါတယ်။
Spider-Ham

သူကတော့Spider-Man ကိုရုပ်ပြောင်အနေနဲ့ဖန်တီးထားတာပါ။ တိရစ္ဆာန်ခေါင်းနဲ့လူကိုယ်ရှိတဲ့သူတွေနေထိုင်တဲ့ကမ္ဘာတခုမှာ Peter Porker ဟာ May Porker လို့ခေါ်တဲ့ဝက်ခေါင်းနဲ့လူကိုယ်ရှိတဲ့သိပ္ပံပညာရှင်တယောက်မွေးထားတဲ့ ပင့်ကူလေးဖြစ်ပါတယ်။ May ဟာသူတီထွင်ထားတဲ့ အနုမြူစွမ်းအင်သုံးဆံပင်အခြောက်ခံစက်ကိုစမ်းသုံးကြည့်နေတုန်းစက်ချွတ်ယွင်းသွားတာနဲ့ စိတ်ဂယောက်ဂယက်ဖြစ်ပြီး Peter ကိုကိုက်လိုက်မိတယ်။ နောက်နေ့လည်းကျရောPeter ဟာဝက်ခေါင်းနဲ့လူကိုယ်ရှိတဲ့ပုံစံအဖြစ်ပြောင်းလဲသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်အသစ်နဲ့မွေးရာပါပင့်ကူစွမ်းရည်တွေကိုသုံးပြီးမတရားမှုတွေကိုဆန့်ကျင်တိုက်ပွဲဝင်ပါတော့တယ်။သူ့ရဲ့ရန်သူတွေကတော့ Marvel villain တွေကိုရုပ်ပြောင်အဖြစ်ဆွဲထားတဲ့ဇာတ်ကောင်တွေပါ။သူဟာ May Porker ရဲ့ဥာဏ်ရည်ကိုလည်းရရှိထားပြီး ပင့်ကူမျှင်တွေထုတ်နိုင်တဲ့လက်အိတ်ကိုလည်း သူ့ဘာသာတီထွင်ခဲ့ပါတယ်။
Peni Parker and SP//dr

ဂျပန်ကာတွန်းရုပ်လေးပုံစံPeni Parker နဲ့ Spider-Man ဟာပင့်ကူကိုက်ခံရတာ၊ ဖခင်ဆုံးပါးပြီးနောက်ပိုင်း အဒေါ်ဖြစ်သူMay၊ ဦးလေးဖြစ်သူ Ben တို့နဲ့အတူနေရတာ စတဲ့အချက်တွေတူပါတယ်။ ဒါပေမယ့်သူဟာ Spider-Manလိုတော့စွမ်းအင်တွေမရှိပါဘူး။ အဲ့ဒီအစားသူ့မှာ SP//dr လို့ခေါ်တဲ့စက်ရုပ်ကြီးရှိတယ်။ အဲ့ဒီစက်ရုပ်ကြီးဟာရေဒီယိုသတ္တိကြွပင့်ကူရဲ့စွမ်းအင်နဲ့လည်ပတ်တာဖြစ်ပြီး Peni နဲ့နှစ်ကိုယ့်တစိတ်လှုပ်ရှားနိုင်တယ်။ဒီစက်ရုပ်ကို Peni ရဲ့ဖခင်က၀တ်ဆင်ခဲ့ပြီး May နဲ့ Ben တို့နဲ့ပူးပေါင်းတီထွင်ခဲ့တာပါ။ဖခင်ကွယ်လွန်ပြီးနောက်ပိုင်း သူ့မျိုးဆက်ဖြစ်တဲ့ Peni ကသာဒီစက်ရုပ်ကြီးကိုမောင်းနှင်နိုင်ပါတယ်။
Peni ကို၂၀၁၄ခုနှစ်ကစပြီး Edge of Spider-Verse ရုပ်ပြဇာတ်လမ်းတွဲမှာမိတ်ဆက်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲဟာမူလSpider-Man ဇာတ်လမ်းကိုပဲပုံစံအမျိုးမျိုးပြောင်းထားပြီး ဖြစ်တည်မှုကွဲပြားတဲ့Spider-People တွေအဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် Into the Spider-Verse နောက်ဆက်တွဲရုပ်ရှင်တွေသာထွက်ရှိခဲ့ရင် Spider-People အသစ်တွေမြင်တွေ့ရဦးမယ်လို့မျှော်လင့်ရပါတယ်။