By Issy D’Arcy Clark
မြန်မာ့ခရီးသွားအဖွဲ့အစည်းရဲ့ အသင်းဝင်တစ်ဦးဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌဖြစ်သည့်အလျောက် ဦးသက်လွင်တိုးဟာ ခရီးသွားလုပ်ငန်းရဲ့ အပြောင်းအလဲများစွာကို နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့ရပါတယ်။ သူဟာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံတို့ဆီ ဘုရားဖူးပို့ဆောင်ပေးသော ခရီးသွားလုပ်ငန်းကုမ္ပဏီကို ၁၉၉၃ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရှေ့ဆောင်လမ်းပြ ပြည်ပခရီးသွားကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ၂၅နှစ်ကြာ အတွေ့အကြုံနဲ့ မြန်မာ့ခရီးသွားလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အနာဂတ်အတွက် သူ့ရဲ့ မျှော်လင့်ချက်နဲ့ တိုးတက်အောင်လုပ်လိုတဲ့ဆန္ဒတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
မေး – အရင်နှစ်က ခရီးသွားလုပ်ငန်းဟာ ၂၀ရာခိုင်နှုန်း ၃၀ရာခိုင်နှုန်းလောက် ကျသွားတယ်လို့သိရပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်ခရီးသွားရာသီအတွက် ခန့်မှန်းချက်လေးကို ပြောကြားပေးပါဦးရှင်။
ဖြေ – အရင်နှစ်နဲ့ယှဉ်ကြည့်မယ်ဆိုရင် ဒီနှစ်က ခရီးသွားတွေ လာရောက်မှုနည်းပါးပေမယ့်လည်း အရှေ့တိုင်းက ခရီးသွားတွေ ပိုမို လာရောက်လည်ပတ်တာကြောင့် အခြေအနေက မဆိုးလှပါဘူး။ တရုတ်ခရီးသွား ၃၆ရာခိုင်နှုန်း၊ ကိုရီးယားခရီးသွား ၁၂ ရာခိုင်နှုန်း နှင့် ဂျပန်ခရီးသွား ၂ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်တိုဘာ ၁ ရက်နေ့မှာ သူတို့တွေကို ဗီဇာ လွတ်ငြိမ်းခွင့်ပေးလိုက်လို့ပါ။ ဒါပေမယ့် အဲ့လိုမြင့်တက်လာခြင်းဟာ Volume tourism ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံက အနောက်နိုင်ငံခရီးသွားတွေလိုမျိုး Value tourism တွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ခရီးသွားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ပါ။ ဒီနေ့ အနောက်တိုင်းဈေးကွက်က ၄၀ရာခိုင်နှုန်း ၅၀ရာခိုင်နှုန်းလောက် ကျသွားပါတယ်။ အရှေ့တိုင်းခရီးသွားခြင်းဟာ ကာလတို အတွက်ကောင်းပြီး အနောက်တိုင်းကတော့ ရေရှည်အတွက် ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဒါကိုကောင်းစွာ နားလည်ထားပါတယ်။
မေး – ခရီးသွားတွေ ရန်ကုန်ကို ပိုပြီး စိတ်ဝင်စားလာအောင် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ – မြန်မာမှာ ရန်ကုန်အပြင် တခြားစိတ်ဝင်စားစရာနေရာတွေ ရှိသော်လည်း ရန်ကုန်မှာတော့ ရွှေတိဂုံဘုရားပဲ ရှိပါတယ်။ ခရီးသွားတွေအတွက် အပန်းဖြေရန် ညလျှောက်လည်ရန်၊ ရှုခင်းနှင့် ဈေးဝယ်ထွက်ပြီး အနားယူရန်နေရာတွေ လိုအပ်ပါတယ်။ ရန်ကုန်မှာ အခြားစိတ်ဝင်စားစရာနေရာအတွက် အရင်နှစ်က ကန်တော်ကြီးမှာ Mingalabar Balloon ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မုတ်သုန်ရာသီမှာ အဲ့ဒါကို ပိတ်ရပါလိမ့်မယ်။ ဒါပေမယ့် ပူဖောင်းတွေလုံလောက်မှုရှိအောင်တော့ ကျွန်တော်တို့ ထပ်မံရင်းနှီးမြှုပ်နှံထားပြီး မကြာခင်ပြီးတော့မှာပါ။ ကျွန်တော်တို့ Mini-Disneyland လိုမျိုး မီးအိမ်ပွဲတော်လုပ်ဖို့ အစီအစဉ်လည်းရှိပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ထောက်ခံချက်ရယူထားပြီး ခရစ်စမတ်မတိုင်ခင်ကနေ စတင်ပြီး မတ်လ မကုန်ခင်အထိ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ရှိသလို ညဈေးနှင့် တနင်္ဂနွေဈေးတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဆန်ဖရန်စစ်စကိုမှာ Farmers market၊ ဂျပန်မှာ100-Yen Markets ရှိပြီး မြန်မာနိုင်ငံမှာတော့ အဲ့လိုမျိုးမရှိပါဘူး။ ခရီးသွားတွေက ညစာစားပြီး သွားဖို့ တနေရာရာ လိုအပ်နေပါတယ်။ ကျွန်တော်တို့က ရွှေတိဂုံဘုရားလမ်းကို ဈေးနေရာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ တနင်္ဂနွေဈေးအတွက် ပန်းဆိုးတန်းလမ်းကို ပိတ်ပြီး ဈေးဖွင့်ချင်ပါတယ်။ ဈေးသည်တွေက အရမ်းအရေးကြီးပါတယ်။ ဈေးသည်က ဈေးရောင်းကောင်းရင် ဈေးဝယ်သူတွေ ရမှာပါ။
မေး – ညဈေးနဲ့ တနင်္ဂနွေဈေးတွေကို အစိုးရဘဏ္ဍာနဲ့လုပ်မှာလား၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေနဲ့လုပ်မှာလား သိပါရစေ။
ဖြေ – ဒါဟာ အရမ်းအရေးကြီးတဲ့ မေးခွန်းပါပဲ။ ရန်ကုန်စည်ပင်သာယာရေးကော်မတီက အချိန်တိုတိုသာကျင်းပတဲ့ပွဲတွေကို တာဝန်ယူနိုင်ပေမယ့် ရေရှည်ပွဲတွေကိုတော့ စီမံခန့်ခွဲနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဈေးနေရာအတွက် စီမံခန့်ခွဲပေးနိုင်မယ့် ကုမ္ပဏီတခုကို အလုပ်အပ်ချင်ပါတယ်။ အဲ့ကုမ္ပဏီက ဈေးနေရာကိုငှားကာ လုံခြုံရေး၊သန့်ရှင်းရေးနဲ့ ဒီအဖွဲ့အစည်းကို တာဝန်ယူပြီး စည်ပင်ကို အခွန်ပေးဆောင်ရမှာဖြစ်တယ်။
မေး – အတွင်းဝန်များရုံးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးကို ပြောပြပေးပါအုံးရှင်။
ဖြေ – အတွင်းဝန်များရုံးအတွက်တော့ ပိုပြီးကောင်းမွန်အောင် ဆွဲဆောင်မှုရှိအောင်လုပ်ဖို့ လိုပါတယ်။ အာဇာနည်တွေရဲ့ နောက်ဆုံးအစည်းအဝေးပွဲအတွက် ကျွန်တော်တို့ ပြတိုက်လိုပါတယ်။ ညနေအပန်းဖြေဖို့အတွက် စာကြည့်တိုက်ကောင်းကောင်းနှင့် ကော်ဖီဆိုင် သို့မဟုတ် ဘား ရှိသင့်ပါတယ်။ အဲ့ဒါက တမူထူးခြားတဲ့နေရာဖြစ်တယ်။ ဒါပေမယ့် ရှေးရိုးစွဲသမားတွေက လက်မခံချင်ကြဘူး။ တနင်္ဂနွေနေ့မှာ လမ်တွေပိတ်ပြီး စာအုပ်ရောင်းသူ၊ ရှေးဟောင်းပစ္စည်းရောင်းတဲ့ပျံကျဈေးသည်တွေ ရှိသင့်ပါတယ်။ ဘာစီလိုနာက ‘လာရမ်ဘလာ’လို ခရီးသွားတွေအတွက်တင် မဟုတ်ဘဲ နယ်ခံတွေအတွက်ပါ ဖြစ်တယ်။
မေး – ပုဂံအတွက် Unesco ကို လျှောက်ထားတဲ့ လတ်တလော အခြေအနေလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဖြေ – ကျွန်တော်ကပုဂံစီမဲခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်တစ်ဦးပါ။ အရင်နှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ရဲ့အဓိကအစီအစဉ်ကို ရေးဆွဲပြီး Unesco ကို တင်ပြခဲ့ပါတယ်။ အရင်လက Unesco စစ်ဆေးရေးအရာရှိပုဂံကိုလာခဲ့ပါတယ်။ ပုဂံကို လက်ခံလို့ရပေမယ့် ပြဿနာတချို့လည်းရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ နယ်ခံနဲ့ တည်းခိုခန်းအပိုင်းမှာ ပြဿနာတွေရှိနေလို့ပါ။ သူတို့က ပုဂံပတ်ဝန်းကျင်မှာ လူမနေစေချင်ပေမယ့် ကျွန်တော်တို့ဘက်က ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပုဂံဆက်လက်အသက်ဝင်နေဖို့ ဖြစ်ပြီး ရှိနေတဲ့ တည်းခိုခန်းတွေကိုလည်း ပကတိအတိုင်းရှိနေစေချင်ပါတယ်။
မေး – ရန်ကုန်မြို့ရဲ့ အနာဂတ်ခရီးသွားလုပ်ငန်းအတွက် ဘာတွေများ မျှော်လင့်ထားပါသလဲရှင်။
ဖြေ – ကျွန်တော်တို့ ခရီးသွားတွေကို ရန်ကုန်မှာ ပိုပြီးနေစေချင်ပါတယ်။ ရန်ကုန်ဟာ ပတ်ဝန်ကျင်ထိန်းသိမ်းပြီး ရင်းနှီးဖော်ရွေသော သန့်ရှင်းသာယာတဲ့ မြို့တမြို့ဖြစ်သင့်တယ်။ လူတွေရဲ့ စိတ်နေစိတ်ထားကလည်း အရေးကြီးပါတယ်။ လူတွေရဲ့ အတွေးအခေါ်ဟာ တစ်ကိုယ်ကောင်းဆန်လာပြီး ရန်လိုလာကြပါတယ်။ အဲ့လိုမဖြစ်သင့်ပါဘူး။ ခရီးသွားလုပ်ငန်းဟာ လူတိုင်းအတွက်ဖြစ်ပြီး လူတိုင်း လူတိုင်း ခရီးသွားလုပ်ငန်းကနေ ပိုက်ဆံရှာနိုင်ပါတယ်။ ယခုအခါမှာ NLD အစိုးရက ငြိမ်းချမ်းရေးကို ယူဆောင်လာဖို့ ကြိုးစားနေကြသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ တကယ်လို့ စီးပွားရေးသာ ဖွံဖြိုးတိုးတက်လာမယ်ဆိုရင် လူတိုင်း ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လိမ့်မယ်။ ယနေ့မှာ ကျွန်တော်တို့တွေ ဆင်းရဲတဲ့အတွက်ကြောင့် ရုန်းကန်နေရတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာပေါ့။ လူနည်းစုတိုင်းရင်းသားတွေနေတဲ့နေရာမှာ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းအပေါ်အခြေခံတဲ့ လုပ်ငန်းတွေအပေါ် အာရုံစိုက်သင့်တယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပြီး သန့်ရှင်းစင်ကြယ်တဲ့ပိုက်ဆံရှာဖို့ လိုပါတယ်။ အဲ့လိုလုပ်ခြင်းဖြင့် မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်း၊ လူကုန်ကူးမှုတို့ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းမြှင့်တင်ကာ ငြိမ်းချမ်းစေဖို့က ကျွန်တော်တို့ရဲ့ အိပ်မက်ပါ။ ကျွန်တော် ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာစိတ်ဖိစီးမှုတွေအများကြီးရှိနေတယ်။
(ဘာသာပြန်ဆိုသူ – မြတ်နိုးဦး)