Advertisement

By Min Ye Kyaw

ရန်ကုန်ကနေ ၂နာရီခွဲလောက်လေယာဉ်စီးရုံနဲ့ရောက်နိုင်တဲ့ မလေးရှားနိုင်ငံဟာ လှပတဲ့ကမ်းခြေတွေ၊ မိုးသစ်တောတွေကြောင့်နာမည်ကြီးပါတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်လောက်အတွင်းမှာ လည်ပတ်လို့ရတဲ့မလေးရှားနိုင်ငံရဲ့ထင်ရှားတဲ့ဒေသတွေနဲ့ Myanmore Plus ပရိသတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။

အလုပ်ကိစ္စ၊ အစားအသောက်နဲ့ဈေးဝယ်ထွက်ဖို့အကောင်းဆုံး ကွာလာလမ်ပူ

KL လို့လည်းသိကြတဲ့ ကွာလာလမ်ပူဟာမတူကွဲပြားမှုတွေယှဉ်တွဲတည်ရှိရာနေရာဖြစ်သလို အတိတ်ကယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ခေတ်မီမိုးမျှော်အဆောက်အအုံတွေ ရောနှောတည်ရှိရာလည်းဖြစ်ပါတယ်။ CNN ကတော့ KL ဟာကမ္ဘာပေါ်မှာ စတုတ္ထမြောက်ဈေးဝယ်ထွက်လို့အကောင်းဆုံးနေရာလို့ညွှန်းထားပါတယ်။ KL ဟာအစားအသောက်ချစ်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလေးတခုပါ။ Grab taxi service ကအောင်မြင်ပြီး နေထိုင်မှုစရိတ်သက်သာတာကြောင့် လုပ်ငန်းသစ်တွေဖွံ့ဖြိုးရာလည်းဖြစ်ပါတယ်။

KL မှာခရိုင်အများကြီးရှိတဲ့အထဲကမှ ဘန်ဆာဟာနုပျိုမှုနဲ့ရင့်ကျက်မှုတို့အတူတကွတည်ရှိရာဖြစ်တယ်။ Night club နဲ့ဈေးဝယ်စင်တာတွေမှာ လူငယ်တွေနဲ့ပြည့်နေသလို ဗလီနဲ့ဘုရားရှိခိုးကျောင်းတွေမှာတော့ သက်ကြီးပိုင်းနဲ့ဘာသာရေးကိုင်းရှိုင်းသူတွေနဲ့ပြည့်နေပါတယ်။ ဘန်ဆာဟာလူချမ်းသာတွေနဲ့ တိုင်းတပါးကအခြေချသူတွေနေထိုင်ရာနေရာလည်းဖြစ်တာမို့ အထက်တန်းကျကျစားသောက်ဆိုင်တွေ နိုင်ငံတကာကလာရောက်ဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေလည်း အများအပြားရှိပါတယ်။ Bangsar Shopping Centre နဲ့ Bangsar Village ဟာထင်ရှားတဲ့ဈေးဝယ်စင်တာတွေပါ။ ဒါပေမယ့်အများစုကတော့ Federal Highway က Mid-Valley Mall မှာဈေးဝယ်ရတာသဘောကျကြပါတယ်။ KL တ၀ိုက်လည်ပတ်ရတာဝပြီဆိုရင်တော့ KLCC ကိုသွားပြီး Petronas မျှော်စင်ညီနောင်နဲ့ဓာတ်ပုံရိုက်ပါ။ သူ့အောက်ကပန်းခြံမှာကော်ဖီသောက်ပြီး Bangsar Village မှာဈေးဝယ်ပါ။

ထင်ရှားတဲ့နေရာတွေနဲ့နီးပြီး မြို့လယ်မှာပဲရှိတဲ့ Pullman Kuala Lumpur Bangsar ဟိုတယ်ကတော့ တည်းခိုလို့အကောင်းဆုံးပါပဲ။ ဘန်ဆာတောင်ပိုင်းမှာရှိတဲ့ကုမ္ပဏီတွေက၀န်ထမ်းတွေဆီ လာလည်သူတွေအတွက်လည်း ဒီဟိုတယ်ကသွားရေးလာရေးအဆင်ပြေတဲ့နေရာမှာရှိပါတယ်။ Pullman ရဲ့ဟိုတယ်တွေကအဆင့်အတန်းမြင့်သလို အခန်းတွေကလည်းကျယ်ဝန်းပြီး အစည်းအဝေးခန်းတွေ၊ စားသောက်ဆိုင်တွေပါရှိတဲ့အတွက် အလုပ်ကိစ္စခရီးသွားသူတွေအတွက်အဆင်ပြေလှပါတယ်။ KL နေ၀င်ချိန်ကိုကြည့်ရင်း တခုခုသောက်ချင်တယ်ဆိုရင်တော့ business lounge (ဧည့်ခန်းစောင်) ရှိတဲ့နေရာကို upgrade လုပ်ပါ။

KL သို့လေကြောင်းခရီးစဉ်များ

  • AirAsia
  • Malaysia Airlines
  • Malindo Air

Pullman Kuala Lumpur Bangsar
1 Jalan Pantai Baharu, Jaya Tower 3, 59200 Kuala Lumpur, Wilayah Persekutuan Kuala Lumpur, Malaysia
+60 3-2298 1888

Website www.pullmankualalumpur.com

အနားယူလို့အကောင်းဆုံး ပီနန်ကျွန်း 

၁၈ရာစုလောက်ကဗိသုကာလက်ရာတွေနဲ့ပြည့်နေတဲ့ပီနန်ကျွန်းဟာ KL ကနေအလွယ်တကူသွားလို့ရပါတယ်။ ကုန်းမကြီးကနေလေယာဉ်စီးရင်တနာရီလောက်နဲ့ရောက်နိုင်ပါတယ်။ ကျွန်းပေါ်ကအဆောက်အအုံတွေဟာ အနောက်တိုင်း၊ အရှေ့တိုင်းဟန်တွေနဲ့တည်ဆောက်ထားတာဖြစ်သလို ဒေသခံပြည်သူတွေရဲ့ထုံးတမ်းစဉ်လာ ဗိသုကာလက်ရာတွေကိုလည်းမြင်တွေ့ရမယ်။ နိုင်ငံခြားကအခြေချနေထိုင်သူတွေကတော့ ပင်စင်ယူတဲ့အခါဒီကျွန်းလေးမှာလာနေလေ့ရှိပါတယ်။ အစားအသောက်တွေဈေးသက်သာသလို ကမ်းခြေတွေ၊ တောင်တန်းတွေလည်းရှိတယ်။ ဒေသခံတွေကလည်းဖော်ရွေကြပါတယ်။

၂၀၀၈ ခုနှစ်မှာ Georgetown မြို့ဟာ Unesco World Heritage Site အဖြစ်သတ်မှတ်ခံရပါတယ်။ ၁၈ရာစုဝန်းကျင် ဗြိတိသျှကိုလိုနီလက်အောက်မှာရှိခဲ့စဉ်ကတည်ဆောက်ခဲ့တဲ့အဆောက်အဦးတွေဟာ အခုချိန်ထိရှိနေဆဲပါ။ Cornwallis ခံတပ်၊ Weld Quay၊ Esplanade ကမ်းနားလမ်း၊ ဆိပ်ကမ်းဧရိယာတွေဟာ လေ့လာလည်ပတ်လို့ကောင်းတဲ့နေရာတွေဖြစ်ပါတယ်။

Bishop Street, Church Street, China Street, Chulia Street နဲ့ Little India တို့ကိုလှည့်လည်သွားလာရင်း မတူကွဲပြားမှုတွေယှဉ်တွဲတည်ရှိကြပုံကိုလေ့လာနိုင်တယ်။ Khoo Kongsi, Cheah Kongsi, Tan Kongsi, Lim Kongsi, Yap Kongsi, Yeoh Kongsi စတဲ့တရုတ်လူမျိုးစုတွေရဲ့ဂေဟာတွေကိုလည်းလည်ပတ်ကြည့်ဖို့ မမေ့နဲ့နော်။ ကျွန်းရဲ့မြောက်စူးစူးက Shangri-La’s Rasa Sayang Resort and Spa ဟာ မလေးရှားရဲ့ပထမဆုံးဇိမ်ခံဟိုတယ်နဲ့အပန်းဖြေအဆောက်အအုံဖြစ်ပါတယ်။ ၎င်းဟာ Batu Feringgi ကမ်းခြေမှာတည်ရှိပါတယ်။ ၁၉၇၃ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီး ကျွန်းဆီလာလည်တဲ့ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့အတွက် တိုင်းပြည်ရဲ့ခရီးသွားလာရေးကဏ္ဍကို တဘက်တလမ်းကအထောက်အကူပြုလျက်ရှိပါတယ်။ Rasa Sayang ဆိုတာကတော့ မလေးလို “အချစ်ဆိုတဲ့ခံစားချက်” လို့အဓိပ္ပာယ်ရပါတယ်။ ဟိုတယ်မှာ ဧက ၃၀ကျယ်ဝန်းတဲ့ဥယျာဉ်၊ spa၊ ယောဂလေ့ကျင့်တဲ့နေရာ၊ ဂေါက်ကွင်းတွေပါဝင်သလို ကမ်းခြေနဲ့နီးတဲ့အတွက်ပီနန်မှာနာမည်ကြီးပါတယ်။

ပီနမ်ကျွန်းသို့သွားနိုင်မည့်နည်းလမ်းများ

  • KLIA2 Airport (သို့) Sultan Abdul Aziz Shah Airport မှတိုက်ရိုက်လေကြောင်း
  • ၄နာရီခွဲခန့်ကြာမည့်ရထားဖယ်ရီခရီးစဉ်
  • ၅နာရီခန့်ကြာမည့်ရထားခရီးစဉ်
  • ၄နာရီမှ ၅နာရီအထိကြာနိုင်သည့်ဘတ်စ်ကားခရီးစဉ်

Shangri-La’s Rasa Sayang Resort and Spa
Batu Feringgi Main Road, Jalan Batu Feringgi, 11100 Batu Feringgi, Pulau Pinang, Malaysia
+60 4-888 8888

Website: www.shangri-la.com/penang/rasasayangresort/

ယဉ်ကျေးမှုများလေ့လာရန်အကောင်းဆုံး မလက္ကာ

KL ကနေ ၂နာရီလောက်ကားမောင်းရင်ရောက်နိုင်တဲ့ မလက္ကာမြို့ဟာ ၂၀၀၈ ခုနှစ်မှာ Unesco အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာခဲ့တယ်။ KL မဖွံ့ဖြိုးသေးခင်အချိန်က မလက္ကာဟာအရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်သွယ်ဆိပ်ကမ်းမြို့တမြို့ဖြစ်ခဲ့ပါတယ်။

သမိုင်းဝင်အဆောက်အအုံတွေနဲ့ပြည့်နှက်နေတဲ့ မလက္ကာဟာဥရောပသားတွေနဲ့ မလေးလူမျိုးတွေပထမဆုံးထိတွေ့ဆက်ဆံခဲ့တဲ့နေရာလည်းဖြစ်တယ်။ ဒါကြောင့်ဗြိတိသျှ၊ ဒတ်ခ်ျ၊ ပေါ်တူဂီလက်ရာခံတပ်၊ ပြတိုက်၊ ဘုရားရှိခိုးကျောင်းတွေအများအပြားတွေ့နိုင်ပါတယ်။ ၁၅၁၁မှာပေါ်တူဂီတွေတည်ဆောက်ခဲ့တဲ့ Famosa ခံတပ်ဟာဥရောပရှေးဟောင်းဗိသုကာအမွေအနှစ်တခုလည်းဖြစ်ပါတယ်။

၁၆၅၀မှာ ဒတ်ခ်ျတွေတည်ဆောက်ခဲ့တဲ့ Stadhuys အဆောက်အဦးကနေ Jonker ဈေးလမ်းအထိ သမိုင်းဝင်အမွေအနှစ်တွေ ခေတ်မီပျိုမျစ်တဲ့ဗိသုကာလက်ရာတွေ ယှဉ်တွဲတည်ရှိနေတယ်။ Jonker လမ်းကဈေးမှာဆိုရင် ပူပူနွေးနွေးကွတ်ကီးတွေ၊ ဒူးရင်းသီးအရသာရေခဲချောင်း၊ ချောကလက်၊ အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ မလေးရှားစားစရာတွေကိုဝယ်ယူနိုင်ပါတယ်။

မလက္ကာရဲ့ယဉ်ကျေးမှုအဆောက်အအုံတွေကလည်း ပြိုင်ဘက်ကင်းပါတယ်။ မလေးရှားနိုင်ငံမှာသာမက အရှေ့တောင်အာရှမှာပါပထမဆုံးဘုရားရှိခိုးကျောင်းဖြစ်တဲ့ St. Paul ဘုရားကျောင်းဟာဒီမြို့မှာပဲတည်ရှိတယ်။ ၁၅၂၁ မှာပေါ်တူဂီသူကောင်းမျိုး Duarte Coelho တည်ဆောက်ခဲ့တဲ့ဒီဘုရားကျောင်းကနေတမြို့လုံးကို ရင်သပ်ရှုမောမြင်နိုင်ပါတယ်။ သူတော်စင် Francis Xavier ရဲ့ရုပ်တုကိုလည်းတွေ့ရမှာပါ။ ဂိုအာမြို့ရဲ့ပုပ်ရဟန်းမင်းကြီး Xavier ဟာမလက္ကာမှာနေထိုင်ခဲ့ပြီး သူသီတင်းသုံးခဲ့တဲ့ကျောင်းဟာအခုဆိုရင်ပြတိုက်ဖြစ်နေပါပြီ။

ကိုလိုနီအဆောက်အအုံတွေကြားဖြတ်သန်းစီးဆင်းတဲ့ မလက္ကာမြစ်တလျှောက်လမ်းလျှောက်ထွက်ပါ။ နံရံဆေးရေးပန်းချီတွေနဲ့တန်ဆာဆင်ထားတဲ့ My Kiehl’s Heritage တံတိုင်းကိုလေ့လာကြည့်ပါ။ မြစ်နားမှာကိုမိုဒိုနဂါးကြီးတွေကိုလည်းတွေ့ရဦးမှာနော်။

မလက္ကာသို့သွားနိုင်မည့်နည်းလမ်းများ

  • ၂နာရီခွဲခန့်ကြာသောရထားခရီးစဉ်
  • ၂နာရီခန့်ကြာသောဘတ်စ်ကားခရီးစဉ်

(ဘာသာပြန်ဆိုသူ – နေသီဟ)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here