မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် True Indoor မော်တော်ယာဉ်ပြပွဲကြီးအဖြစ် မှတ်တမ်းဝင်မည့် ပထမအကြိမ် ရန်ကုန်အပြည် ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ (The 1st Yangon International Motor Show 2019) ကို Yangon Convention Center ၌ ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။
BMW ၊ Toyota ၊ Suzuki ၊ Ford ၊ Scania နှင့် DFM စသည့် ကမ္ဘာကျော်မော်တော်ယာဉ် အမှတ်တံဆိပ်များမှ ခင်းကျင်းပြသထားသည့် မော်တော်ယာဉ်များကို ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပြီး Modified Street Car Contest ၊ Modified Off-road Car Contest ၊ Vintage & Luxury Exotic Car Contest နှင့် Nissan GT-R Contest အစီအစဉ်များလည်းပါဝင်မှာပါ။
ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇန်န၀ါရီ လ (၂၃) ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဥက္ကဌ ဦးဇော်မင်းဝင်း၊ Japan Chamber of Commerce & Industry, Myanmar မှ Chairman Mr. Kunio Negishi ၊ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ) အသင်းမှ တာဝန်ရှိသူများ၊ GPI Myanmar Co. Ltd. မှ တာဝန်ရှိသူများ၊ မော်တော်ယာဉ်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်အထူးဧည့်သည်တော်များနှင့်သတင်းမီဒီယာများစုံလင်စွာတက်ရောက်အားပေးခဲ့ကြပါတယ်။
ရန်ကုန်မော်တော်ယာဉ်ပြပွဲ၏ ဥက္ကဌ Mr. Anothai Eamlumnow မှ ‘‘မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ကို မြှင့်တင်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ ၂၀၁၉ ကို ကျွန်တော်တို့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။ Indoor Stadium မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး Aircon နဲ့ မိုးလုံလေလုံဖြစ်တဲ့အပြင် ပါဝင်တဲ့ Brand တွေရဲ့အပြင်အဆင်ကတခြားကားပြပွဲတွေထက် ပိုထူးခြားပြီး Agency တွေ ကအစ International Level တစ်ခုကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီပြပွဲကြီး စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာကျင်းပနိုင်ဖို့ ပါဝင်တဲ့ Brand တွေ အသီးသီးကအစွမ်းကုန်ကြိုးစားထားကြပါတယ်”ဟုပြောကြားခဲ့ပါတယ်။
ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကြီး၌ BMW Myanmar မှ ပြိုင်ဘက်ကင်း All-New BMW X5 SUV ကို ထုတ်ဖော်ပြသမိတ်ဆက်သွားမှာဖြစ်ပါတယ်။ ကားအပြင်ပိုင်းအတွင်းပိုင်းအားလုံးသစ်လွင်တဲ့ပုံစံဖြင့်ပွဲထွက်လာခဲ့ပြီး နည်းပညာသစ်များစွာပါဝင်လာပါတယ်။ ထို့ပြင်ကားချစ်သူများအနေဖြင့် Suzuki မှ All-New Suzuki Swift ကို ကိုယ်တိုင်ကိုယ်ကျစမ်းသပ်မောင်းနှင့်ခွင့်လည်းရရှိမှာဖြစ်ပါတယ်။
Toyota မှ Fortuner၊ Corolla၊ Innova၊ Rush၊ Hilux၊ Revo နှင့် Avanza တို့အားပြသသွားမှာဖြစ်ပြီး၊ Ford မှ RAPYOR F-150 ကိုဝင်ရောက်ပြသသွားမှာပါ။ Scaina နှင့် DFM တို့မှလည်း နောက်ဆုံးပေါ်မော်ဒယ်လ်မြင့် ကားများပါဝင်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအော်တိုမိုးတစ်ဖ်အသင်း (AAM) ဥက္ကဌ ဦးအောင်ဝင်းမှ “ကားပြပွဲပြုလုပ်တဲ့အခါမှာ ကားဝယ်မယ့်သူက တစ်နေရာတည်းမှာ Brand အစုံကို စိတ်ကြိုက်ရွေးချယ်ပြီး ၀ယ်ယူလို့ ရသလိုစမ်းသပ်မောင်းနှင်နိုင်မှာဖြစ်တယ်။ နောက်ပြီး ကားဝယ်မယ့်သူတွေ အများအပြားလာရောက်တဲ့အတွက်လည်း ကားဈေးကွက်ကို မြှင့်တင်ရာရောက်ပါတယ်။ ၀ယ်ယူသူတွေ အနေနဲ့လည်း ပြပွဲကာလမှာ ၀ယ်ယူမယ်ဆိုရင် သက်သာတဲ့ဈေးနှုန်းတွေနဲ့ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်သလို နိုင်ငံတကာအဆင့်ပြပွဲကို လာရောက်တဲ့အတွက်လည်း အတွေ့အကြုံနဲ့ဗဟုသုတတွေ ရရှိမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးများပါတယ်။ လက်မှတ်ဈေးနှုန်းတွေ ကလည်းတစ်စောင် (၁၅၀၀)သာ ကျွန်တော်တို့သတ်မှတ်ထားတာကြောင့် ကားချစ်သူလူတိုင်းနီးပါး ၀ယ်ယူကြည့်ရှုနိုင်မှာပါ” ဟု ပြောကြားခဲ့ပါတယ်။
ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို GPI Myanmar Co., Ltd. နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်ဖ်အသင်း (AAM) တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်သည်။ GPI Myanmar Co., Ltd. သည် Grand Prix International Public Company Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို ကျင်းပခဲ့တဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲဟာအာဆီယံနိုင်ငံများအတွင်း အကြီးဆုံးမော်တော်ယာဉ် ပြပွဲတစ်ခုဖြစ်ပြီး ကျယ်ပြန့်လှသည့် အော်တိုမိုးတစ်ဖ်နယ်ပယ် အတွေ့အကြုံကျွမ်းကျင်မှုများကို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ခေါ်ဆောင်လာခြင်းဖြစ်ပါတယ်။