By Nay Thiha
၂၀၁၉ကတော့ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့နှစ်ပါ။ Marvel ပရိသတ်တွေအတွက် Captain Marvel, Avengers: Endgame, Spider-man: Far From Home တို့လိုရုပ်ရှင်တွေထွက်လာမှာဖြစ်သလို DC ရဲ့ iconic villain Joker ရဲ့ standalone ရုပ်ရှင်နဲ့ SHAZAM! ရဲ့ရုပ်ရှင်လည်းထွက်ရှိလာမှာပါ။ SHAZAM! ကိုတချိန်က Captain Marvel လို့ခေါ်ခဲ့တာမို့ Captain Marvel နှစ်ယောက်ရဲ့ရုပ်ရှင်တွေ တလပဲခြားပြီးရုံတင်မယ့်နှစ်လည်းဖြစ်ပါတယ်။ ၉၀ခုနှစ်ဖွားတွေရဲ့ငယ်ဘ၀မှာအရေးပါတဲ့ဇာတ်ကောင်တွေဖြစ်ခဲ့တဲ့ Toy Story, Dumbo, Hellboy, Pikachu တို့ရဲ့ရုပ်ရှင်တွေလည်းဒီနှစ်မှာပဲထွက်ရှိမှာပါ။ Stephen King ၀တ္ထုကိုအခြေခံထားတဲ့ရုပ်ရှင် ၂ကားပါဝင်ပြီး Addams Family နဲ့ Downton Abbey တို့လိုတီဗီဇာတ်လမ်းတွဲတွေကို အခြေခံထားတဲ့ ရုပ်ရှင်တွေဟာလည်း ငွေရောင်ပိတ်ကားပေါ်ရောက်လာဦးမှာပါ။ ဒါ့အပြင် X-Men ရုပ်ရှင် ၂ကား၊ Quentin Tarentino ရဲ့ရုပ်ရှင်တကားကိုလည်း ထည့်သွင်းထားပါတယ်။ တနှစ်အတွင်းရုံတင်မယ့်ရုပ်ရှင်ကားများစွာထဲကမှ ဒီ list ဟာလူပြောသူပြောအများဆုံးနဲ့ admin အကြိုက်ဆုံးရုပ်ရှင်တွေကိုချည်းစုထားတာဖြစ်ပါတယ်။ Trailer ကြည့်ဖို့ info အသစ်တွေကိုဖတ်ဖို့ IMDb link တွေကိုပါတပါတည်းဖော်ပြထားပါတယ်။ တချို့ရုပ်ရှင်တွေက trailer မထွက်သေးတာမို့ အဲ့ဒီ link တွေမှာစောင့်ကြည့်နိုင်ပါတယ်။
Captain Marvel (March 8)

Captain Marvel ကို ၁၉၉၅ခုနှစ်မှာဇာတ်အိမ်တည်ထားပြီး လေယာဉ်မှူး Carol Danvers တယောက်စကြ်ာဝဠာအတွင်းတန်ခိုးအကြီးဆုံး သူရဲကောင်းတယောက်ဖြစ်လာပုံကိုတင်ဆက်ထားပါတယ်။ ဒီဇာတ်လမ်းဟာ Roy Thomas ရဲ့ ၁၉၇၁ခုနှစ်ထုတ် Kree–Skrull War ဆိုတဲ့ရုပ်ပြစာအုပ်ကဇာတ်လမ်းကိုအနည်းငယ်မှီငြမ်းထားတဲ့အတွက် ဂြိုဟ်သားမျိုးနွယ်နှစ်ခုကြားကစစ်ပွဲကိုမြင်ရပါလိမ့်မယ်။ Nick Fury ရဲ့ငယ်စဉ်ဘ၀ကိုလည်းတွေ့ရမှာဖြစ်သလို ဒုတိယ trailer မှာ Ronan the Accuser ရဲ့ပုံကိုလည်းတွေ့ရတဲ့အတွက် Guardians of the Galaxy ထဲကအဓိက villain Kree ဂြိုဟ်သားကြီးပါလာမယ်လို့လည်းထင်ပါတယ်။
https://www.imdb.com/title/tt4154664/
Dumbo (March 29)

ငယ်ငယ်ကကလေးတိုင်းလိုလိုကြည့်ဖူးခဲ့တဲ့ကာတွန်းကားလေးဟာ Live action အဖြစ်အသက်ဝင်လာပါပြီ။ ကလေးငယ်တွေအတွက်သာရည်ရွယ်ခြင်းမဟုတ်ဘဲ ငယ်ငယ်ကဒီကာတွန်းကားကြည့်ခဲ့ပြီး အခုကြီးပြင်းလာပြီဖြစ်တဲ့ လူငယ်တွေနဲ့ လူကြီးပရိသတ်တွေကိုပါပစ်မှတ်ထားပြီးရိုက်ကူးထားတာမို့ ပိုပြီးရင့်ကျက်တဲ့ဇာတ်လမ်းမျိုးဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ နာမည်ကျနေတဲ့ဆပ်ကပ်အဖွဲ့က သာမန်ထက်ကြီးမားပြီး ပျံသန်းလို့ရတဲ့နားရွက်တွေနဲ့ဆင်ပေါက်ကလေး Dumbo ကိုသုံးကာ ပရိသတ်စိတ်ဝင်စားမှုပြန်ရဖို့ကြိုးစားပါတယ်။ အဲ့ဒီနောက်မှာတော့ Dumbo နဲ့သူ့သူငယ်ချင်းတွေဟာဆပ်ကပ်အဖွဲ့ခေါင်းဆောင်ရဲ့မကောင်းတဲ့အကြံအစည်တွေအကြောင်းသိလာရပါတယ်။ Tim Burton ရိုက်ကူးထားတာဆိုတော့ သူ့ဟန်အတိုင်း dark မယ်လို့ထင်ရပါတယ်။
https://www.imdb.com/title/tt3861390/
SHAZAM! (April 5)

၁၄နှစ်သားအရွယ် Billy Batson ဟာမိဘမဲ့တစ်ဦးဖြစ်ပြီး မွေးစားမိဘတွေနဲ့ Philadelphia မှာနေထိုင်ပါတယ်။ တနေ့မှာသူမြေအောက်ရထားစီးနေရင်း ထူးခြားတဲ့နယ်မြေတစ်ခုဆီရောက်သွားတယ်။ ရှေးဟောင်းမှော်ဆရာကြီးတစ်ဦးနဲ့တွေ့ဆုံပြီး နတ်ဘုရားတစ်ပါးလိုတန်ခိုးကြီးတဲ့သူရဲကောင်းတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။ Shazam လို့ရေရွတ်လိုက်တာနဲ့လူကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်အဖြစ်ပြောင်းလဲသွားပါတယ်။ သူနဲ့အတူနေတဲ့မွေးစားအစ်ကို Freddy Freeman နဲ့အတူသူ့စွမ်းအားတွေကိုစနစ်တကျအသုံးချဖို့ကြိုးစားရင်း သိပ္ပံပညာနဲ့မှော်ပညာကိုရောစပ်ဖို့ကြိုးစားနေတဲ့ Dr. Thaddeus Sivana နဲ့ရင်ဆိုင်ရပါတော့တယ်။
https://www.imdb.com/title/tt0448115/
Hellboy (April 12)

ဒီ Hellboy ရုပ်ရှင်သစ်မှာတော့ David Harbour ရဲ့ဇာတ်ကောင် Hellboy ဟာ Milla Jovovich ရဲ့ဇာတ်ကောင်စုန်းမ Nimue နဲ့ရင်ဆိုင်ရမှာပါ။ Comic ထဲမှာတော့ Nimue ကို Blood Queen လို့လည်းခေါ်ကြပြီး အလယ်ခေတ်ကဗြိတိန်မှာမွေးဖွားခဲ့တဲ့စုန်းမတစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုးသွမ်းရက်စက်လွန်းတဲ့အတွက် စုန်းမအချင်းချင်းကတောင်ကြောက်ကြရတယ်။ အဲ့ဒီအတွက်စုန်းမတွေစုပေါင်းပြီးအကျဉ်းချထားရတဲ့အထိပါပဲ။ ရုပ်ရှင်နဲ့ရုပ်ပြဘယ်လောက်တူညီမှုရှိသလဲဆိုတာကိုတော့ ပိတ်ကားထက်မှာစောင့်ကြည့်ကြပါဦးနော်။
https://www.imdb.com/title/tt2274648/
Avengers: Endgame (April 26)

Trailer လေးတခုကလွဲပြီး ဘာဇာတ်လမ်းမှမသိရသေးတဲ့ Endgame ကတော့ Marvel ချစ်သူတွေအမျှော်လင့်ဆုံးရုပ်ရှင်ဖြစ်မှာပါ။ Trailer ထဲမှာတော့အာကာသယာဉ်တခုထဲမှာ Tony Stark တယောက်သူ့ချစ်သူ Pepper Potts ဆီနှုတ်ဆက်စကားပြောနေတဲ့အခန်း၊ Cap နဲ့ Black Widow တို့နည်းဗျူဟာတခုအကြောင်းတိုင်ပင်နေတဲ့အခန်းတွေတွေ့ခဲ့ရတယ်။ Infinity War မှာပျောက်နေတဲ့ Hawkeye ကိုလည်း comic ထဲက Ronin persona နဲ့တွေ့ရပြန်တယ်။ Scott Lang တယောက် Avengers headquarters ဆီရောက်လာတာကိုကြည့်ခြင်းဖြင့် သူ quantum realm ကနေထွက်လာနိုင်တယ်ဆိုတာသိရတယ်။ Fun theory အများအပြားထွက်နေပေမယ့် Marvel ရုပ်ရှင်တွေရဲ့ဇာတ်လမ်းကိုကြိုခန့်မှန်းဖို့ကတော့ခက်လှပါတယ်။ သေချာတာကတော့ Endgame ဟာ Marvel ခေတ်ဟောင်းရဲ့အဆုံး ခေတ်သစ်တခုရဲ့အစဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ၁၀စုနှစ်တခုကြာချစ်ခဲ့ရင်းနှီးခဲ့တဲ့ hero တွေအများအပြားနဲ့နောက်ဆုံးတွေ့ရခြင်းလည်းဖြစ်ပါတယ်။ Stan Lee ရဲ့ cameo ကိုနောက်ဆုံးတွေ့ရမယ့် Marvel ရုပ်ရှင်လည်းဖြစ်လာပါလိမ့်မယ်။
https://www.imdb.com/title/tt4154796/
Pet Sematary (April 5)

Louis နှင့် Rachel တို့လင်မယားဟာသူတို့ကလေးနှစ်ယောက် နဲ့ကျေးရွာလေးတခုကိုပြောင်းရွှေ့လာပါတယ်။ သူတို့ကိုအိမ်နီးချင်းတွေကဖော်ဖော်ရွေရွေကြိုဆိုကြပြီး သူတို့အိမ်နားကကျောချမ်းစရာ အိမ်မွေးတိရစ္ဆာန်သင်္ချိုင်းအကြောင်းပြောပြပါတယ်။ သူတို့ရဲ့ကြောင်လေး ထရပ်ကားတိုက်ခံရပြီးသေဆုံးသွားတဲ့အခါ Louis ဟာအိမ်မွေးတိရစ္ဆာန်သင်္ချိုင်းမှာမြှုပ်နှံခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သင်္ချိုင်းရဲ့ဇာတ်လမ်းအမှန်ကို Louis တို့သိလာရပါတယ်။
https://www.imdb.com/title/tt0837563/
Pokémon: Detective Pikachu (May 10)

ကလေးတွေအချစ်တော် Pokémon လေးတွေအသက်ဝင်လာပါပြီ။ ကာတွန်းကားထဲကဇာတ်လမ်းနဲ့မတူတဲ့ ရုပ်ရှင်ကားမှာ စုံထောက်ဖြစ်ချင်နေတဲ့ Pikachu ဟာ သူ့စကားကိုနားလည်တဲ့ Tim Goodman ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီးရင်းနှီးသွားပါတယ်။ အဲ့ဒီ Pikachu လေးဟာ Tim ရဲ့အဖေ Harry ရဲ့ Pokémon ဖြစ်ပါတယ်။ အဲ့ဒါနဲ့ပဲနှစ်ယောက်ပူးပေါင်းကာ ကားမတော်တဆဖြစ်မှုအပြီးပျောက်ဆုံးသွားတဲ့ Harry အကြောင်းစုံစမ်းကြပါတော့တယ်။ Trailer ထဲမှာတော့ generation ၃ ၄ ခုစာ Pokémon တွေကိုတွေ့ရတယ်။ ဒီကားကတော့ ‘90s kids တွေအမျှော်လင့်ဆုံးကားတစ်ကားဖြစ်လာမှာသေချာပါတယ်။
https://www.imdb.com/title/tt5884052/
John Wick 3: Parabellum (May 16)

ပြီးခဲ့တဲ့ရုပ်ရှင်မှာ John Wick ဟာလူဆိုးဂိုဏ်းရာဇာတယောက်ကိုသတ်ခဲ့ပြီးနောက် ထွက်ပြေးနေရတာနဲ့အဆုံးသတ်သွားတယ်။ ဒီကားမှာ John အနေနဲ့သူ့ကိုသတ်ပြီးဆုကြေးယူဖို့ကြိုးစားနေတဲ့ လူသတ်သမားတွေဆီကလွတ်အောင်ပြေးရတော့မှာဖြစ်ပါတယ်။
https://www.imdb.com/title/tt6146586/
Godzilla: King of the Monsters (May 31)

ဒီဇာတ်လမ်းသစ်မှာတော့ လျှို့ဝှက်သတ္တဗေဒအေဂျင်စီ Monarch ရဲ့အဖွဲ့ဝင်တွေဟာ Godzilla, Mothra, Rodan နဲ့ခေါင်း ၃လုံးရှိတဲ့နဂါးကြီး King Ghidorah တို့ရဲ့ရန်ရှာခြင်းကိုခံနေရတယ်။ ရှေးဟောင်းဒဏ္ဍာရီလာသားရဲကြီးတွေဟာ ကမ္ဘာပေါ်နောက်တကြိမ်ပြန်ပေါ်လာတဲ့အချိန်မှာတော့ ကမ္ဘာကြီးကိုစိုးမိုးနိုင်ဖို့ယှဉ်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။
https://www.imdb.com/title/tt3741700/
Toy Story 4 (June 21)

Toy Story 3 ကနေတိုက်ရိုက်ချိတ်ဆက်ထားတဲ့ဒီရုပ်ရှင်ဟာ ပိုင်ရှင်သစ်နဲ့ပျော်ရွှင်စွာနေနေတဲ့ Woody, Buzz နဲ့သူတို့သူငယ်ချင်းအရုပ်လေးတွေရဲ့ဘ၀အသစ်အကြောင်းဖြစ်ပါတယ်။ သူတို့ရဲ့ပိုင်ရှင်သစ် Bonnie ဟာပလတ်စတစ်ခက်ရင်းကိုအရုပ်အဖြစ်ကစားပြီး Forky လို့နာမည်ပေးထားတယ်။ သူတို့နဲ့သူငယ်ချင်းအသစ် Forky တို့အတူခရီးသွားတဲ့လမ်းတလျှောက်တွေ့ကြုံရတဲ့စွန့်စားခန်းတွေကို ရိုက်ကူးထားပါတယ်။ Tom Hanks နဲ့ Tim Allen တို့က Woody နဲ့ Buzz Lightyear အဖြစ်ပြန်လည်အသံသရုပ်ဆောင်သွားမှာဖြစ်ပြီး Annie Pots နဲ့ Joan Cusack တို့ကလည်း Bo Beep နဲ့ Jessie အဖြစ်ပြန်ပါလာဦးမှာပါ။ သရုပ်ဆောင်သစ်အဖြစ် Keanu Reeves ပါဝင်လာမှာဖြစ်ပြီး သူအသံသရုပ်ဆောင်မယ့်ဇာတ်ကောင်နေရာကိုတော့ ခုထိမသိရသေးပါဘူး။ ၉၀ခုနှစ်ဖွားတွေရဲ့ကလေးဘ၀မှအဓိကဇာတ်ကောင်တွေဖြစ်ခဲ့တဲ့ Toy Story ဟာလူငယ်ပရိသတ်တွေကိုဆွဲဆောင်နိုင်ဦးမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
https://www.imdb.com/title/tt1979376/
Dark Phoenix (June 7)

X-Men: Apocalypse ဇာတ်လမ်းအပြီး ၁၀နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ X-Men တွေဟာသူရဲကောင်းတွေဖြစ်လာကြပြီး အန္တရာယ်များတဲ့ mission တွေမှာပါဝင်လာရပါတယ်။ အာကာသထဲကယ်တင်ရေးတာဝန်တစ်ခုထမ်းဆောင်ရင်း Jean Grey ဟာနေကလာတဲ့ရောင်ခြည်သင့်ပြီးနောက် သူမရဲ့တန်ခိုးတွေအဆပေါင်းများစွာတိုးတက်လာခဲ့တယ်။ ဒီစွမ်းအားသစ်ကိုမထိန်းချုပ်နိုင်တဲ့အခါ Phoenix ဆိုတဲ့စရိုက်တစ်ခုရဲ့ထိန်းချုပ်မှုကိုခံရပါတော့တယ်။ ဒီကားထဲမှာတော့ X-Men တွေဟာစိတ်သဘောထားပြောင်းလဲလာတဲ့သူတို့ရဲ့သူငယ်ချင်း Jean ကိုကယ်တင်ဖို့ ကြိုးစားကြရလိမ့်မယ်။ Xavier နဲ့ Mystique တို့ကြားကစိတ်သဘောထားကွဲလွဲမှုတွေကိုလည်း trailer ထဲမှာမြင်ခဲ့ရတယ်။ ကိုယ့်အဖွဲ့အစည်းတွင်းကရန်ဟာ ပြင်ပရန်ထက်ကိုင်တွယ်ရခက်ခဲတဲ့အတွက် Phoenix ဟာ X-Men တွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။
https://www.imdb.com/title/tt6565702/
The Lion King (July 19)

‘90s kids တွေအားလုံးလိုလိုကြည့်ခဲ့ကြိုက်ခဲ့တဲ့ Lion King ဟာလည်းနာမည်ကျော်သရုပ်ဆောင်တွေနဲ့ပြန်လည်အသက်ဝင်လာပါပြီ။ Beyonce, Chiwetel Ejiofor, Donald Glover, Seth Rogen တို့လို A lister တွေကအသံသရုပ်ဆောင်ပေးထားပါတယ်။ Trailer ထဲမှာတော့ကြွရွတဲ့ animation တွေမြင်ခဲ့ရပြီး ဇာတ်ကွက်တော်တော်များများကို ကာတွန်းကားထဲကအတိုင်းရိုက်ထားတာတွေ့ရပါတယ်။ အော်စကာမှာ animation နဲ့ပတ်သက်တဲ့ဆုတခုခုချိတ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
https://www.imdb.com/title/tt6105098/
Spider-Man: Far From Home (July 5)

Peter နဲ့သူငယ်ချင်းတသိုက်ဥရောပကိုခရီးထွက်ကြတုန်း လျှို့ဝှက်ဆန်းကြယ်တဲ့တန်ခိုးတွေရှိတဲ့ Mysterio နဲ့တွေ့ပါတယ်။ Mysterio နဲ့ပူးပေါင်းပြီး Elementals လို့ခေါ်တဲ့တန်ခိုးရှင်အဖွဲ့ကိုနှိမ်နင်းရတဲ့ဇာတ်လမ်း လို့သိရတဲ့အတွက် အများထင်နေသလို Mysterio က villain ဟုတ်ပုံမရပါဘူး။ Comic ထဲမှာတော့ Elementals ဆိုတာ မီး၊ ရေ၊ လေ၊ မြေ ဒြပ်စင်တွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအင်အသီးသီးရှိကြတဲ့ Hellfire, Hydron, Zephyr, Magnum တို့ ၄ယောက်ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။
https://www.imdb.com/title/tt6320628/
The New Mutants (August 2)

Mutant လူငယ် ၅ဦးဟာသူတို့ရဲ့စွမ်းအင်တွေကိုစတင်သိရှိလာပြီးနောက် လျှို့ဝှက်အကျဉ်းထောင်တခုမှာ ဖမ်းဆီးခံထားရပါတယ်။ သူတို့ဟာအဲ့ဒီထောင်ကလွတ်မြောက်ဖို့၊ အတိတ်ကအမှားတွေကိုပြုပြင်ပြီး သူတို့ကိုယ်သူတို့ပြန်အဖတ်ဆည်ဖို့ကြိုးစားကြတဲ့အကြောင်းတင်ဆက်ထားတယ်။ လူငယ် mutant ၅ယောက်ကတော့
• The Witch နဲ့နာမည်ကြီးလာတဲ့ Anya Taylor-Joy ကမွေးရာပါမှော်စွမ်းအားရှိတဲ့ရုရှားသူ Illyana Rasputin (aka Magik)
• Game of Thrones ထဲက Maisie Williams က စကော့တလန်သူသမန်းဝံပုလွေ Rahne Sinclair (aka Wolfsbane)
• ကင်တက်ကီနယ်သား Sam Guthrie (aka Cannonball) အဖြစ် Charlie Heaton၊ သူကသူ့ကိုယ်သူအမြောက်ဆံတခုလိုအရှိန်အဟုန်နဲ့လေထဲပျံနိုင်ပါတယ်။
• နေစွမ်းအားကိုထိန်းချုပ်နိုင်တဲ့ဘရာဇီးနိုင်ငံသား Roberto da Costa (aka Sunspot) အဖြစ် Henry Zaga
• လူတို့ရဲ့လိုအင်ဆန္ဒတွေ၊ အကြောက်တရားတွေကိုအခြေခံပြီး ပုံရိပ်ရောင်တွေဖန်တီးနိုင်စွမ်းရှိတဲ့ အမေရိကန်ဒေသခံတိုင်းရင်းသူ Danielle Moonstar (aka Mirage) အဖြစ် Blu Hunt တို့ကပါဝင်ထားပါတယ်။
Alice Braga ကတော့လူငယ် mutant တွေရဲ့ဆရာမလည်းဖြစ် ဆရာဝန်လည်းဖြစ်တဲ့ Cecilia Reyes အဖြစ်သရုပ်ဆောင်ထားတယ်။ သူကလည်းအကာအကွယ်တံတိုင်းတွေဖန်တီးနိုင်စွမ်းရှိတဲ့ mutant တယောက်ပါပဲ။ Antonio Banderas ဟာလည်းဗီလိန်တယောက်အဖြစ်ပါဝင်ထားတယ် လို့သတင်းတွေထွက်နေပေမယ့် သူ့ဇာတ်ကောင်ကိုတော့ထုတ်ဖော်ပြသခြင်းမရှိသေးပါဘူး။
https://www.imdb.com/title/tt4682266/
Once Upon a Time in Hollywood (August 9)

၁၉၆၉ခုနှစ် LA မှာဖြစ်ပွားခဲ့တဲ့ Charles Manson မိသားစုဟာ ဒါရိုက်တာ Roman Polanski ရဲ့ဇနီးရုပ်ရှင်မင်းသမီး Sharon Tate နဲ့မိတ်ဆွေတွေကိုသူတို့အိမ်မှာတင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီနေ့ညမှာ Polanski ဟာဥရောပမှာရုပ်ရှင်ရိုက်ကူးနေတဲ့အတွက် အသက်ဘေးကလွတ်ခဲ့ပေမယ့် Tate အပါအ၀င်လူ ၅ဦးကတော့မရှုမလှအသတ်ခံခဲ့ရပါတယ်။ Quentin Tarentino ရိုက်ကူးတဲ့ရုပ်ရှင်ပီပီ သွေးထွက်သံယိုပြကွက်တွေနဲ့ အကြမ်းစားအက်ရှင်ခန်းတွေပါဝင်မယ်ဆိုတာကတော့ မြေကြီးလက်ခက်မလွဲပါဘူး။ Leonardo Dicaprio, Brad Pitt, Al Pacino, Margot Robbie တို့လိုသရုပ်ဆောင်တွေပါဝင်ထားတော့ လက်လွှတ်မခံသင့်တဲ့ရုပ်ရှင်တကားလည်းဖြစ်ပါတယ်။
https://www.imdb.com/title/tt7131622/
IT: Chapter Two (September 6)

ပထမရုပ်ရှင်အပြီး ၂၇နှစ်အကြာမှာ Losers Club ကအဖွဲ့ဝင်အများစုဟာ သူတို့ဇာတိမြို့ Derry ကနေပြောင်းရွှေ့သွားခဲ့ပါတယ်။ Club ရဲ့ခေါင်းဆောင် Bill Denbrough ဟာသည်းထိတ်ရင်ဖိုစာရေးဆရာအဖြစ်အောင်မြင်နေပြီး၊ သူ့ငယ်ချစ်ဦး Beverly ဟာလည်းနာမည်ကြီးဖက်ရှင်ဒီဇိုင်နာတယောက်ဖြစ်နေပါပြီ။ တခြားအဖွဲ့ဝင်တွေဟာလည်းအသီးသီးအောင်မြင်တဲ့ဘ၀ကိုရနေကြတယ်။ Mike Hanlon တယောက်သာ Derry မှာနေနေဆဲဖြစ်ပြီး စာကြည့်တိုက်မှူးတယောက်အဖြစ်အသက်မွေးနေပါတယ်။ ငယ်ဘ၀ကကြောက်လန့်စရာအဖြစ်အပျက်တွေကိုမေ့ပစ်ဖို့မူးယစ်ဆေးသုံးရာကနေ ဆေးသမားတယောက်ဖြစ်နေတဲ့ Mike ဟာတနေ့မှာသူတို့ရဲ့ကလေးဘ၀ကရန်သူတော်ကြီး It ပြန်ပေါ်လာတာကိုသိရပြီးနောက်သူ့သူငယ်ချင်းတွေကိုအကြောင်းကြားခဲ့တယ်။ Loser တွေလည်း ဒီအိပ်မက်ဆိုးကိုအဆုံးသတ်ဖို့ဇာတိမြို့လေးဆီပြန်လာခဲ့ကြပါတယ်။
https://www.imdb.com/title/tt7349950/
Downton Abbey (September 20)

နာမည်ကြီး ဗြိတိသျှ TV series ဟာရုပ်ရှင်အဖြစ်ငွေရောင်ပိတ်ကားပေါ်ရောက်ရှိလာတော့မှာပါ။ မူလစီးရီးမှာတော့ ၁၉၁၂ကနေ ၁၉၂၆အတွင်း ဗြိတိန်မှာဖြစ်ပွားခဲ့တဲ့သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ စိတ်ကူးယဉ် Yorkshire အိမ်တော်ကသူကောင်းမျိုးမိသားစုတွေကြားက ပတ်သက်ဆက်နွယ်မှုတွေကိုရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကိုမသိရသေးပေမယ့် TV series ကဇာတ်ကောင်တွေတော်တော်များများ ပြန်လည်ပါဝင်လာမယ်လို့ကြားရပါတယ်။ ဘာပဲပြောပြော Downton Abbey ပရိသတ်များကတော့စောင့်မျှော်ရင်ခုန်နေရဦးမှာပါ။
https://www.imdb.com/title/tt6398184/
The Addams Family (October 18)

နောက်ထပ်နာမည်ကြီး TV series ကနေ animated ရုပ်ရှင်ဖြစ်လာမယ့်ကားကတော့ Addams Family ပါ။ Gomez အဖြစ် Oscar Issac၊ Morticia အဖြစ် Charlize Theron တို့ကအသံသရုပ်ဆောင်ထားပါတယ်။ အရုပ်တွေဟာမူလ Addams Family ကာတွန်းအပေါ်အခြေခံထားတယ်လို့သိရပါတယ်။ ဟောလိဝုဒ်မှာနာမည်ကြီးပြီးသားသရုပ်ဆောင်တွေနဲ့ တက်သစ်စတွေစုံနေအောင်ပါဝင်တဲ့ဒီရုပ်ရှင်ဟာ မူလ Addams Family ဇာတ်လမ်းတွဲကိုမကြည့်ဖူးတဲ့သူတွေလည်း နှစ်သက်မှာပါ။
https://www.imdb.com/title/tt1620981/
Joker (October 4)

DC ရဲ့ iconic villain Joker ဖြစ်တည်လာတဲ့အကြောင်းရင်းကိုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ DC Cinematic Universe နဲ့မချိတ်ဆက်ထားဘူးလို့သိရတယ်။ Joaquin Phoenix ဟာနာမည်ကျနေတဲ့လူပျက် Arthur Fleck အဖြစ်သရုပ်ဆောင်ထားပြီး စိတ်ကျန်းမာရေးထိခိုက်သွားရာကနေ Joker ဆိုတဲ့အကြမ်းဖက်သမားဖြစ်သွားပုံကိုတွေ့ရမှာပါ။ Collider နဲ့အင်တာဗျူးတခုမှာ Phoenix က “ဒီရုပ်ရှင်ကိုဘာအမျိုးအစားလို့သတ်မှတ်ဖို့ခက်တယ်ဗျ။ Superhero ရုပ်ရှင်လို့ပြောလို့မရသလို၊ ရိုးရိုးရုပ်ရှင်ပါလို့သတ်မှတ်ဖို့လည်းခက်တယ်။ အဲ့ဒီလောက်ကိုဒီရုပ်ရှင်ကထူးခြားပါတယ်” လို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအသေးစိတ်ကိုမသိရသေးပေမယ့် Phoenix နှင့်အတူ Robert De Niro, Frances Conroy တို့လည်းပါဝင်ထားကြောင်းသိရပါတယ်။
https://www.imdb.com/title/tt7286456/