Advertisement

By Nay Thiha

၂၀၁၉ခုနှစ်ရဲ့အော်စကာဇကာတင်စာရင်းတွေအဂါင်္နေ့ကထွက်ရှိလာပါပြီ။ ၉၁ကြိမ်မြောက်အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ကျရင် California က Dolby Theatre မှာကျင်းပသွားမှာဖြစ်ပါတယ်။ ABC channel ကလည်းတိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပါ။ ဒီပို့စ်မှာတော့အကောင်းဆုံးရုပ်ရှင်ဆုအတွက်လျာထားခံရတဲ့ ရုပ်ရှင်ကား ၈ကားအကြောင်းပြောပြချင်ပါတယ်။

အော်စကာဆုရွေးချယ်တဲ့ဒိုင်လူကြီးတွေဟာဒီနှစ်မှာလည်း #OscarsSoWhite ဆိုတဲ့ဝေဖန်မှုကို ချေဖျက်ဖို့ကြိုးစားနေပုံရပါတယ်။ ၂၀၁၅ခုနှစ်ကစတင်ခဲ့တဲ့ဒီ social media campaign ဟာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ လူဖြူတွေသာကြီးစိုးပြီးလူမည်းတွေနဲ့တခြားသောလူမျိုးတွေနေရာမရတဲ့အတွက် တက်ကြွလှုပ်ရှားသူ April Reign က twitter ပေါ်မှာ #OscarsSoWhite, they asked to touch my hair.” လို့ရေးတင်ခဲ့ရာကနေဒီ hashtag ခေတ်စားသွားခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းဒိုင်လူကြီးတွေဟာ အော်စကာဇကာတင်စာရင်းမှာ အသွေးအရောင်စုံလူမျိုးစုံပါဝင်အောင် တနှစ်ထက်တနှစ်ကြိုးစားလာတာကိုမြင်ရတယ်။ ဒီနှစ်မှာလည်းဇကာတင်စာရင်းဝင်သရုပ်ဆောင်တွေ၊ နည်းပညာအတတ်ပညာရှင်တွေထဲလူမျိုးစုံပါဝင်လာပါတယ်။ ဇကာတင်ရုပ်ရှင် ၈ကားမှာလည်း လူနည်းစုတွေရဲ့ဘ၀ကိုကိုယ်စားပြုတဲ့ရုပ်ရှင်တွေပါနေတာတွေ့ရပါတယ်။

အကောင်းဆုံးရုပ်ရှင်ဆုတွေကိုရွေးချယ်ပုံဟာနည်းနည်းရှုပ်ထွေးပါတယ်။ Academy of Motion Picture Arts and Sciences ရဲ့အဖွဲ့ဝင် ၆၆၀၀ဟာသူတို့စိတ်ကြိုက်ရုပ်ရှင်ကားတွေကို လျာထားစာရင်းထဲထည့်သွင်းရပါတယ်။ အဲ့ဒီထဲကမှ ၅ရာခိုင်နှုန်းနဲ့အထက်လျာထားခံရတဲ့ဇာတ်ကားတွေဟာ ဇကာတင်စာရင်းအတွက်ရွေးချယ်ရမယ့်စာရင်းထဲရောက်လာပါတယ်။ အဲ့ဒီစာရင်းထဲကမှစိတ်ကြိုက်ရုပ်ရှင်တွေကိုထပ်မဲပေးကြပြီး မဲဆန္ဒ ၅၁ရာခိုင်နှုန်းအထက်ရတဲ့ဇာတ်ကားတွေက နောက်ဆုံးဇကာတင်စာရင်း ၈ကားထဲဝင်လာပါတယ်။

ဒီစာရင်းမှာဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ကြတဲ့ If Beale Street Could Talk နဲ့ Leave No Trace လိုရုပ်ရှင်တွေပါမလာတာအံ့သြစရာပါပဲ။ ဒီစာရင်းထဲမှာလည်းကိုယ်သဘောမတွေ့တဲ့ကားတွေပါချင်ပါနိုင်ပါတယ်။ ဆုဆိုတာကလူမှုသတ်မှတ်ချက်တခုသာဖြစ်ပြီး ပရိသတ်တယောက်ချင်းစီရဲ့အကြိုက်ကိုကိုယ်စားမပြုနိုင်ပါဘူး။ ဒါကြောင့်သဘောတူတာမတူတာတွေဘေးချိတ်ပြီးဇကာတင်စာရင်းထဲကရုပ်ရှင်တွေအကြောင်းဖတ်ကြည့်ကြရအောင်ပါ။

Bohemian Rhapsody

ဂန္ထ၀င်ရော့ခ်တီးဝိုင်း Queen နဲ့ပင်တိုင်အဆိုတော် Freddie Mercury ရဲ့ဘ၀ဇာတ်လမ်းဖြစ်ပါတယ်။ တီးဝိုင်စတင်ချိန်ကနေ ၁၉၈၅ခုနှစ်မှာဖျော်ဖြေခဲ့တဲ့ Live Aid ပွဲအထိဖြတ်သန်းခဲ့ရမှုများကိုရိုက်ကူးထားတာပါ။ Freddie Mercury အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Rami Malek ရဲ့ကြိုးစားမှုများကိုပရိသတ်တွေကော ဝေဖန်ရေးဆရာတွေကပါချီးကျူးခဲ့ပေမယ့် ရုပ်ရှင်ဇာတ်လမ်းကတကယ့်သမိုင်းထဲကအဖြစ်အပျက်တွေနဲ့ ကွာဟမှုတွေရှိနေလို့အပြစ်တင်ခြင်းတွေကိုလည်းခံခဲ့ရပါတယ်။ ဥပမာ Freddie ဟာသူ့မှာ HIV ရှိနေကြောင်း ၁၉၈၆-၈၇၀န်းကျင်မှသိခဲ့တာဖြစ်ပြီး ရုပ်ရှင်ထဲမှာလို Live Aid ဖျော်ဖြေပွဲမတိုင်ခင်သိခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့်ဇာတ်ညွှန်းရေးဆရာ Anthony McCarten ကတော့ရုပ်ရှင်ဆန်ဆန်ကြည့်ကောင်းစေဖို့ တချို့အချက်တွေကိုပြင်ထားရတာပါလို့အကြောင်းပြခဲ့တယ်။ အတ္ထုပတ္တိရုပ်ရှင်တွေမှာ poetic licence သုံးသင့်မသုံးသင့်ကတော့ဝိ၀ါဒကွဲပြားစရာပါ။

Vice

အမေရိကန်ဒုသမ္မတဟောင်း Dick Cheney ရဲ့ဘ၀ဇာတ်ကြောင်းဖြစ်ပြီး ရီပက်ဘလီကန်ပါတီမှာနာမည်ရလာပုံ သမ္မတ George Bush ရဲ့ဒုသမ္မတဖြစ်လာခဲ့တဲ့အထိအာဏာကြီးလာပုံတွေကိုရိုက်ကူးထားပါတယ်။ Cheney ဟာသမ္မတ Nixon လက်ထက်အိမ်ဖြူတော်အလုပ်သင်အဖြစ်သမ္မတရဲ့စီးပွားရေးအကြံပေး Donald Rumsfeld လက်အောက်မှာအလုပ်လုပ်ရင်း နိုင်ငံရေးလောကထဲရောက်လာသူပါ။ Henry Kissinger နဲ့ Nixon တို့ကမ္ဘောဒီးယားကိုဗုံးကြဲတိုက်ခိုက်ဖို့ ဆွေးနွေးနေတာကို မတော်တဆကြားခဲ့ရပြီးနောက်အိမ်ဖြူတော်အတွင်းအာဏာဖြန့်ကျက်ပုံတွေကိုနားလည်လာပြီး နိုင်ငံရေးပါးဝသူတယောက်ဖြစ်လာပါတယ်။ Cheney နဲ့အတတ်နိုင်ဆုံးတူအောင် ကြိုးစားထားတဲ့ Christian Bale ရဲ့သရုပ်ဆောင်မှုတွေကို ဝေဖန်ရေးဆရာတွေကချီးကျူးကြပေမယ့် ဇာတ်လမ်းနဲ့ပတ်သက်ရင်တော့ဝေဖန်ချက်တွေက အကောင်းအဆိုးမျှနေတာကိုတွေ့ရတယ်။ နိုင်ငံရေးလောကရဲ့လက်ခံရခက်တဲ့အမှန်တရားတွေကို တင်ဆက်သွားနိုင်တယ်လို့ချီးကျူးသူတွေရှိသလို Cheney ကို cartoon villain ကြီးအဖြစ်ပုံဖော်ထားတယ်လို့ဝေဖန်တဲ့သူတွေလည်းရှိပါတယ်။

Green Book

၁၉၆၀ ခုနှစ်တွေကအောင်မြင်ထင်ရှားခဲ့တဲ့ အာဖရိကန်-အမေရိကန်စန္ဒရားဆရာ Don Shirley တယောက် လူမျိုးရေးခွဲခြားမှုကြီးမားတဲ့အမေရိကန်တောင်ပိုင်းဒေသတွေဆီ ဖျော်ဖြေပွဲခရီးထွက်စဉ်ကအဖြစ်အပျက်တွေကိုရိုက်ကူးထားတာပါ။ Green Book ဆိုတာလူမည်းတွေခရီးသွားရင် လူမည်းတွေသာဝယ်လို့ရတဲ့ gas station တွေ၊ လူမည်းသီးသန့်တည်းခိုခန်းတွေအကြောင်းရေးထားတဲ့လမ်းညွှန်စာအုပ်ဖြစ်ပါတယ်။ တခေတ်တခါကလူမျိုးရေးခွဲခြားမှုအကြောင်းဟာသလေးတွေနှောပြီးတင်ပြထားတယ်။ အကောင်းမြင်တဲ့ဝေဖန်မှုတွေများပါတယ်။

A Star is Born

နာမည်ကြီးကျေးလတ်အဆိုတော်နဲ့ဘားမှာသီချင်းဆိုတဲ့ကောင်မလေးကြားကအချစ်ဇာတ်လမ်းဟာ ဒီဇကာတင်စာရင်းထိပါလာလိမ့်မယ်လို့ထင်မထားတဲ့သူတွေအများအပြားရှိမှာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဇာတ်ကိုပံ့ပိုးပေးနိုင်တဲ့သီချင်းတွေ၊ သရုပ်ဆောင်တွေရဲ့ကြိုးစားမှုတွေကိုချီးကျူးကြတယ်။ ဘာပဲပြောပြော Cooper နဲ့ Gaga တို့ရဲ့အတွဲညီညီသရုပ်ဆောင်မှု၊ ရင်ထဲရောက်တဲ့အချစ်ဇာတ်လမ်းနဲ့သီချင်းလေးတွေကြောင့် ကြည့်လို့တော့ကောင်းပါတယ်။ ဇာတ်ဝင်တေး Shallow ကတော့ Best original song အတွက်ဇကာတင်စာရင်းဝင်တဲ့အထိအောင်မြင်ခဲ့ပါတယ်။

The Favourite

ဒါရိုက်တာ Yorgos Lanthimos ဟာ The Lobster လို The Killing of a Sacred Deer လို နားလည်ရခက်တဲ့ရုပ်ရှင်တွေကြောင့် နာမည်ကြီးသူပါ။ သူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် The Favourite ကတော့ ရှေ့ကရုပ်ရှင်တွေလောက်တင်ပြပုံအရရော ဇာတ်လမ်းအရရောနားလည်ရလွယ်တယ်လို့ ဝေဖန်ရေးဆရာတွေကဆိုတယ်။ ၁၇၀၈ခုနှစ်ဗြိတိန်နဲ့ပြင်သစ်စစ်ဖြစ်နေတဲ့ကာလကိုဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာအန်းဘုရင်မရဲ့အချစ်တော် Sarah Churchill နဲ့တိုရီအမတ် Robert Harley တို့ကြားကအားပြိုင်မှုအပေါ်အခြေခံပါတယ်။ ကျန်းမာရေးသိပ်မကောင်းတဲ့ဘုရင်မကြီးကို Sarah ကလွှမ်းမိုးခြယ်လှယ်နေပြီး မြေပိုင်ရှင်တွေကိုအခွန်နှစ်ဆကောက်ရင်းရလာတဲ့ငွေကို စစ်ပွဲအတွက်အသုံးပြုဖို့ ဥပဒေကိုအဆိုတင်သွင်းတဲ့အခါ မြေပိုင်ရှင် Harley နဲ့ထိပ်တိုက်တွေ့ကြပါတယ်။ ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင်တွေနဲ့ သမိုင်းဝင်ဇာတ်ဝင်ခန်းတွေကိုရိုက်ကူးရာမှာပိုင်နိုင်မှုကြောင့် ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ပါတယ်။

BlacKkKlansman

၁၉၇၀ခုနှစ်အမေရိကန်ပြည်ထောင်စုမှာ လူဖြူအစွန်းရောက် Ku Klux Klan ဂိုဏ်းထဲသူလျှိုအဖြစ်ဝင်ပြီး ဂိုဏ်းသားတွေအကြောင်းစုံစမ်းထောက်လှမ်းကြတဲ့ဇာတ်လမ်းပါ။ Colorado Springs Police Department ရဲ့ပထမဆုံးလူမည်းရဲအရာရှိဟာ သူတို့မြို့က KKK ဂိုဏ်းကွဲရဲ့ဥက္ကဌဆီဖုန်းဆက်ရင်း KKK ဂိုဏ်းနဲ့အဆက်အသွယ်ရသွားပါတယ်။ သူ့မိတ်ဆွေဂျူးလူမျိုးရဲအရာရှိကိုသူလျှိုအဖြစ်ဝင်ပြီး ထောက်လှမ်းဖို့အကူအညီတောင်းရာကနေ KKK ဂိုဏ်းရဲ့လှုပ်ရှားမှုတွေကိုသိလာရတယ်။ သမိုင်းဝင်အဖြစ်အပျက်တွေကိုအခြေခံထားပြီး ဟာသလေးတွေနှောရင်းရိုက်ကူးထားတဲ့ဒီကားဟာ ထိုခေတ်ကလူမျိုးရေးခွဲခြားတဲ့ယဉ်ကျေးမှုကိုပေါ်လွင်အောင်ဖော်ပြနိုင်တဲ့အတွက် အကောင်းမြင်တဲ့မှတ်ချက်တွေရခဲ့တာပါ။

Roma

Cleo လို့ခေါ်တဲ့အိမ်ဖော်မလေးဟာ Mexico City က Colonia Roma ရပ်ကွက်မှာရှိတဲ့ အလယ်အလတ်တန်းစားမိသားစုတခုဆီမှာအလုပ်လုပ်ပါတယ်။ သူအလုပ်လုပ်တဲ့အိမ်ကလင်မယားဟာ အိမ်ထောင်ရေးအဆင်မပြေပါဘူး။ တနေ့သူ့မှာကိုယ်ဝန်ရှိနေတဲ့အကြောင်းသူ့ရည်းစားကို ဖွင့်ပြောလိုက်ပြီးတဲ့နောက် ရည်းစားဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။ Cleo ရဲ့ရုန်းကန်ရမှု၊ သူ့အိမ်ရှင်လင်မယားရဲ့အိမ်ထောင်ရေးပြဿနာတို့အပြင် ၁၉၇၀ခုနှစ်ဝန်းကျင်က Mexico City ရဲ့ပုံရိပ်တွေကိုရိုက်ကူးထားတဲ့ဒီရုပ်ရှင်မှာ ဒါရိုက်တာ Alfonso Cuaron ကသူ့ရဲ့ငယ်ဘ၀အတွေ့အကြုံတွေကိုပါ ရောစပ်တင်ပြထားပါတယ်။

Black Panther

အကောင်းဆုံးရုပ်ရှင်ဇကာတင်စာရင်းထဲဝင်တဲ့ ပထမဆုံးရုပ်ပြဇာတ်လမ်းမှီငြမ်းရုပ်ရှင်ပါ။ Wakanda လို့ခေါ်တဲ့စိတ်ကူးယဉ်အာဖရိကန်နိုင်ငံတခုက နိုင်ငံရေးရာသဘောထားကွဲလွဲမှုတွေကိုတင်ပြထားတဲ့အတွက် အာဖရိကန်လူမျိုးတွေရဲ့ဘ၀ကိုထင်ဟပ်စေပြီး အသိုင်းအ၀ိုင်းတခုလုံးကိုကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဝေဖန်ရေးဆရာတွေကချီးကျူးပါတယ်။ တဘက်မှာလည်း Marvel ရုပ်ရှင်ဖြစ်တာနဲ့အညီ လှပတဲ့ကွန်ပျူတာအထူးပြုလုပ်ချက်တွေ၊ ဟာသလေးတွေပါဝင်တဲ့အတွက် ၀င်ငွေအရလည်းအောင်မြင်ခဲ့ပြီး ကြည့်ကောင်းတဲ့ရုပ်ရှင်တကားဖြစ်ပါတယ်။  

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here