By Min Ye Kyaw
၂၀၁၈ခုနှစ် နိုဝင်ဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ Golden Brown Coffee Co. Ltd က Myanmar Latte Art Championship ကိုမင်းဓမ္မလမ်းက Myanmar Event Park မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကစပြီး နှစ်စဉ်ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲဟာ မြန်မာ့ကော်ဖီလုပ်ငန်းကအဖျော်ဆရာတွေအတွက် သူတို့ပညာတွေကိုလေ့ကျင့်ပြသခွင့်ရနိုင်မယ့်အခွင့်အရေးတခုလည်းဖြစ်ပါတယ်။
လက်တေးအနုပညာဆိုတာ မလိုင်အမြှုပ်လေးတွေကို espresso ကော်ဖီပေါ်ကိုလောင်းချပြီး ပုံနဲ့ဒီဇိုင်းလေးတွေဖော်တဲ့ပညာဖြစ်ပါတယ်။ Bezzera Espresso Machines၊ ဆုဖလားနဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ဆုအဖြစ်ချီးမြှင့်ပါတယ်။
ယှဉ်ပြိုင်သူ ၂၅ယောက်ရှိတဲ့အထဲကမှ အသက် ၂၁နှစ်သာရှိသေးတဲ့ ဆုပိုင်ကအနိုင်ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ အသက် ၂၀အရွယ် ကျော်ဖြိုးကရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ Café Salween ကအဖျော်ဆရာများ ဖြစ်ကြပါတယ်။ အဲ့ဒီ café ဟာ Myanmore ရဲ့ Best Cafe of the Year 2018 ဆုရှင်လည်းဖြစ်ပါတယ်။
Myanmore အနေနဲ့ချန်ပီယံနှစ်ယောက်ရဲ့အတွေ့အကြုံတွေကိုအခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။


Hsu Paing, 21
Winner
Myanmar Latte Art Championship 2018
Myanmar Latte Art Championships 2018 မှာအနိုင်ရရှိခဲ့တဲ့ဆုပိုင်ဟာ ဒေါ်လာ ၂ထောင်တန် Bezzera BZ16 Espresso Machine ကိုဆုအဖြစ်ရရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၃နှစ်ကစပြီး ကော်ဖီလုပ်ငန်းကိုဝင်ရောက်ခဲ့တဲ့ဆုပိုင်ဟာ လက်တွေ့အလုပ်လုပ်ရင်း ကော်ဖီဖျော်စပ်နည်းတွေကိုသင်ယူခဲ့တာပါ။ Café Salween မှာအလုပ်လုပ်နေတဲ့အချိန်မှာ customer တွေရဲ့ကော်ဖီခွက်တွေကိုပြင်ဆင်ပေးရင်း သူ့အနုပညာကိုလေ့ကျင့်ခွင့်ရခဲ့တယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က 2017 World Latte Art Champion Arnon Thitiprasert အပါအ၀င် ဒိုင် ၄ယောက်က အနိုင်ရသူကိုရွေးချယ်ပါတယ်။ ဆုပိုင်ဟာပွဲအတွင်းမှာ လက်တေးအနုပညာလက်ရာဒီဇိုင်း ၇ခုကိုဖန်တီးရပါတယ်။ ပြိုင်ပွဲမှာသုံးရတဲ့ကော်ဖီစက်ကိုမသုံးဖူးတဲ့အတွက် လွယ်တော့မလွယ်ပါဘူး။
အုပ်စုပွဲလေးတွေကိုဖြတ်ကျော်လာအပြီးမှာ ပါရမီရှင်ဆုပိုင်နဲ့ တခြားသောပြိုင်ပွဲဝင် ၆ဦးဟာနောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ အရည်အချင်းနဲ့ကံတရားရဲ့ဖေးမမှုတို့ကြောင့် ဆုပိုင်ဟာအနိုင်ရသူဖြစ်လာခဲ့ပါတယ်။
“Café Salween ဟာကျနော်တို့ရဲ့ပညာကိုလွတ်လွတ်လပ်လပ်လေ့ကျင့်ခွင့်ပေးထားတယ်။ အဖွဲ့လိုက်လုပ်ကိုင်ရခြင်းဟာ ပြိုင်ပွဲမှာအထောက်အကူဖြစ်ပါတယ်။ ကျနော်တို့ဟာတယောက်ရဲ့အမှားကနေ တယောက်ကသင်ခန်းစာယူရင်းတိုးတက်လာတာပါ” လို့ ဆုပိုင်ကဆိုပါတယ်။
ဆုပိုင်ဟာ ၂၀၁၉နှစ်လယ်ပိုင်းကျရင်ထိုင်းနိုင်ငံမှာကျင်းပမယ့် Asean Latte Art Championship မှာပါဝင်ယှဉ်ပြိုင်ဖို့လေ့ကျင့်နေပါတယ်။

Kyaw Phyo, 20
1st Runner Up
Myanmar Latte Art Championship 2018
ကျော်ဖြိုးဟာကော်ဖီလုပ်ငန်းမှာ ၄နှစ်လောက်အတွေ့အကြုံရနေပါပြီ။ Myanmar Latte Art Championships မှာယှဉ်ပြိုင်ခြင်းကလည်း သူ့ရဲ့အိပ်မက်တခုပါ။ Café Salween မှာပဲအလုပ်လုပ်နေပြီး ဆုပိုင်ရဲ့အချစ်ဆုံးသူငယ်ချင်းတယောက်ဖြစ်ပါတယ်။ ဒါဟာသူ့အတွက်ပထမဆုံးပြိုင်ပွဲဝင်ခြင်းမဟုတ်ပေမယ့် ဒိုင်လူကြီးတွေသူ့ခွက်ကိုအကဲဖြတ်နေတာကိုမြင်ရတိုင်း ကြက်သီးထဆဲပါလို့ပြောတယ်။ ဒုတိယဆုသာရခဲ့ပေမယ့်လည်းသူငယ်ချင်းဖြစ်သူအနိုင်ရခဲ့တဲ့အတွက်ဝမ်းသာတယ်လို့ဆိုပါတယ်။ “ဒီပြိုင်ပွဲမှာပါဝင်ခွင့်ရဖို့အထောက်အကူတွေအများကြီးပေးခဲ့တဲ့ ကျနော့်အလုပ်ရှင်နဲ့လုပ်ဖော်ကိုင်ဘက်တွေကိုကျေးဇူးတင်ပါတယ်။ Café Salween ကကော်ဖီစေ့နဲ့နို့ကိုသုံးပြီး ကျနော်တို့များများလေ့ကျင့်ခွင့်ရခဲ့တယ်။ ဒါကြောင့်ပြိုင်ပွဲမှာကောင်းကောင်းယှဉ်ပြိုင်နိုင်တာပါ။ လုပ်ဖော်ကိုင်ဘက်တွေကလည်း ကျနော်တို့ပြိုင်ပွဲဝင်နေတဲ့အချိန်မှာသူတို့အလုပ်ဆင်းချိန်တွေကိုပြင်ပြီး အစားထိုးဆင်းပေးကြတဲ့အတွက်အခုလိုပြိုင်နိုင်တာပါ” လို့ကျော်ဖြိုးကပြောတယ်။
ဒီပြိုင်ပွဲဟာမြန်မာနိုင်ငံကကော်ဖီဖျော်ဆရာတွေအနေနဲ့ သူတို့အရည်အချင်းတွေကိုထုတ်ပြဖို့ အခွင့်အရေးတရပ်ပဲလို့ကျော်ဖြိုးကဆိုပါတယ်။ ဒီပြိုင်ပွဲတွေကနေတဆင့် ကော်ဖီလုပ်ငန်းဟာတနိုင်ငံလုံးကိုပျံ့နှံ့ကြီးထွားလာပါလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
Café Salween ကိုစီမံသူတွေထဲကတဦးဖြစ်တဲ့ကိုရဲမင်းက “ဒီနှစ်ကျင်းပတဲ့ Myanmar Latte Art Championship မှာကျနော်တို့ဝန်ထမ်းတွေက ဆု ၃ဆုထဲကနေ ၂ဆုကိုရယူနိုင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ Customer တွေကိုတည်ခင်းတဲ့ကော်ဖီအရည်အသွေးကို ပိုမိုကောင်းမွန်အောင်ကြိုးစားရင်းသူတို့ရဲ့အနုပညာဖန်တီးမှုတွေလည်းပိုမိုထက်မြတ်လာပါတယ်။ ကျနော်တို့ကော်ဖီဆိုင်စဖွင့်ကတည်းက သူတို့နဲ့အလုပ်လုပ်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာအရည်အသွေးမြင့်ကော်ဖီယဉ်ကျေးမှုတတိယလှိုင်းကိုဖန်တီးချင်တာ ကျနော်တို့ရဲ့အိပ်မက်ပါ။ ဒီနှစ်တွေအတွင်းပြည်တွင်းကော်ဖီလုပ်ငန်းအရမ်းတိုးတက်လာပေမယ့် ဒေသတွင်းနိုင်ငံတွေကိုလိုက်မီဖို့ကြိုးစားနေရဆဲပါပဲ။ Golden Brown လိုကော်ဖီလုပ်ငန်းမှာအရေးပါတဲ့ကုမ္ပဏီတွေက ဒီလိုထောက်ပံ့ပေးတာကလည်းအားရစရာကောင်းပါတယ်” လို့ဆိုပါတယ်။

ဆုရအဖျော်ဆရာတွေဖျော်စပ်တဲ့ကော်ဖီကို သောက်ကြည့်ကြရအောင်နော်။
Café Salween
Address: G15, Urban Asia Center, Maha Bandula Road, Yangon 11161
Phone: 09 42583 0657
Opening Hours: 8am-8pm
(ဘာသာပြန်ဆိုသူ – နေသီဟ)