Advertisement

By Nay Thiha

ပန်းချီဆရာ(ဦး)ခင်မောင်ရင်၏လက်ရာများအားစုစည်းပြသသည့်ပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဇန်န၀ါရီလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိကျင်းပလျက်ရှိပါတယ်။

David နှင့် Jenny Walton Masters တို့ဇနီးမောင်နှံဟာလွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစပြီး ခင်မောင်ရင်ရဲ့ပန်းချီကားများကိုလိုက်လံဝယ်ယူစုဆောင်းခဲ့တာဖြစ်ပြီး ဒီ collection မှာဆိုရင် ပန်းချီကားရာနဲ့ချီပါဝင်ပါတယ်။

“ကျနော်နဲ့ Jenny ဟာသူ့ပန်းချီကားတချပ်ကိုလွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစတွေ့ခဲ့တာပါ။ မြင်မြင်ချင်းမှာပဲတောက်ပတဲ့အရောင်တွေကကျနော်တို့ကိုဆွဲဆောင်နိုင်ခဲ့တယ်။ အဲ့ဒါနဲ့ပန်းချီပြခန်းတွေကနေတဆင့်သူ့ပန်းချီကားတွေကိုတတ်နိုင်သလောက်ဝယ်ယူစုဆောင်းဖြစ်ခဲ့ပါတယ်” လို့ David Walton Masters ကဇန်န၀ါရီလ ၂၁ရက်နေ့မှာပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာဆိုပါတယ်။

ခင်မောင်ရင်ဟာမြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုရဲ့ရှေ့ဆောင်လမ်းပြတဦးဖြစ်ပြီး ပန်းချီဆရာပေါ်ဦးသက်၊ ပန်းချီဆရာဝင်းဖေတို့နဲ့ရင်းနှီးတဲ့မိတ်ဆွေများလည်းဖြစ်ပါတယ်။ ဗိသုကာပညာနဲ့ကျောင်းပြီးခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာအဖြစ်လည်းလုပ်ကိုင်ခဲ့ဖူးပါတယ်။

David Walton Masters က “သူဟာအရမ်းကြင်နာတတ်ပြီး ရိုးရှင်းစွာနေထိုင်တတ်သူပါ။ ငွေကြေးနဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကိုလည်း အလေးမထားသူဖြစ်ပါတယ်။ သူတခါကပြောဖူးတယ် ‘ငါအစားစားတယ်၊ ပန်းချီဆွဲတယ်၊ ဂန္ထ၀င်သီချင်းတွေနားထောင်တယ်’ တဲ့။”

ပန်းချီခင်မောင်ရင်ဟာအရောင်အယူအဆများဆန်းကျယ်သလို နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ပုံတူပန်းချီကို သူ့စိတ်ကူးနဲ့တီထွင်ရေးဆွဲတဲ့နေရာမှာလည်း တမူထူးခြားပါတယ်။ ဒီပွဲမှာဆိုရင် ရှုခင်းပုံ၊ ပုံတူပန်းချီနဲ့ nude art တချို့ကိုကြည့်ရှုခံစားနိုင်မှာပါ။ ပန်းချီပုံတွေရိုက်နှိပ်ထားတဲ့တီရှပ်နဲ့ ခင်မောင်ရင်နဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေကိုလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

ပန်းချီဆရာခင်မောင်ရင်ဟာ ၂၀၁၄ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆နှစ်ရှိပါပြီ။

ပြပွဲကျင်းပချိန်

Day 1 (21 Jan) 10 am to 5 pm
Day 2 (22 Jan) 10 am to 6 pm
Day 3 (23 Jan) 10 am to 6 pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here