Advertisement

By Nay Thiha

၂၀၁၈ ကုန်ခါနီးလောက်မှာထွက်လာတဲ့ Netflix ရုပ်ရှင် Bird Box ဟာဆိုရှယ်မီဒီယာတွေမှာ အရမ်းနာမည်ကြီးနေတာကို Myanmore Plus ပရိသတ်ကြီးသတိထားမိမှာပါ။ ရုပ်ရှင်ထွက်ပြီးပြီးချင်း ၇ရက်အတွင်းမှာတင် ကြည့်ရှုတဲ့အကောင့်ပေါင်း ၄၅သန်းရှိတယ်လို့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ Netflix ကထုတ်ပြန်ထားပါတယ်။

မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးပြောပြပေးရမယ်ဆိုရင် ကမ္ဘာကြီးပေါ်မှာအမည်မသိအကောင်အထည်မရှိတဲ့တစ္ဆေတွေပေါ်လာပြီး ၎င်းကိုကြည့်မိတဲ့သူတိုင်းဟာကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်ပေါက်လာကြတယ်။ ဒီဖြစ်ရပ်ကိုရုပ်ရှင်ထဲမှာတစုံတရာအမည်ပေးမထားပေမယ့် Josh Malerman ရဲ့မူရင်းဝတ္ထုဇာတ်လမ်းထဲမှာတော့ “ပြဿနာ” (The Problem) လို့ခေါ်ပါတယ်။

အဓိကဇာတ်ကောင် Sandra Bullock ရဲ့ဇာတ်ကောင် Malorie ဟာ The Problem စဖြစ်ချိန်မှာကိုယ်ဝန်အရင့်အမာရှိနေပြီး သူ့ညီမဖြစ်သူ Jessica ဟာလည်း၎င်းတစ္ဆေတွေကိုကြည့်မိပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်။ Malorie လည်းလူတစုနဲ့အိမ်တအိမ်မှာခိုလှုံနေပြီး အသက်ဆက်ရှင်ဖို့ကြိုးစားရတော့တယ်။

ရုပ်ရှင်ထဲမှာအချိန်ကာလနှစ်ခုကိုတပြိုင်တည်းပြထားပါတယ်။ ပထမတခုကလက်ရှိအချိန်ဖြစ်ပြီး Malorie ဟာကလေးငယ်နှစ်ယောက်နဲ့အတူမြစ်တစင်းကိုဖြတ်ပြီး လုံခြုံစိတ်ချရတဲ့နေရာတခုကိုသွားနေတယ်။ လမ်းခရီးမှာသူတို့ကိုကူညီမယ့်သူဆိုလို့ မကောင်းဆိုးဝါးတွေအနားရောက်လာရင်အော်မြည်သတိပေးတတ်တဲ့ ငှက်ကလေးတွေသာရှိပါတယ်။ သူတို့ကိုသေတ္တာလေးထဲထည့်ခေါ်သွားပြီး ၂ရက်ကြာမယ့်အဲ့ဒီခရီးစဉ်တလျှောက်သူနဲ့ကလေးငယ်နှစ်ယောက်ကြုံတွေ့ရတဲ့အခက်အခဲတွေကအဓိကဇာတ်လမ်းပါ။ ဒီဇာတ်လမ်းနဲ့ The Problem စတင်ဖြစ်ပျက်ခဲ့တဲ့ကာလကနေစပြီး သူရေလမ်းခရီးသွားဖြစ်ခဲ့ပုံအကြောင်းဇာတ်လမ်းကိုရောပြီးပြထားပါတယ်။

ဇာတ်ကားပြီးသွားတော့ကျနော့်အနေနဲ့ ဒီရုပ်ရှင်မှာအဖြေမပါတဲ့ပုစ္ဆာတွေတော်တော်များများရှိနေသေးတာကို သတိထားမိတယ်။ အဓိကမေးခွန်းကတော့ အဲ့ဒီတစ္ဆေတွေဘယ်ကရောက်လာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ရောက်လာတာလဲဆိုတာပါပဲ။

ရုပ်ရှင်ကြည့်ပြီးတဲ့သူတွေနဲ့ဆွေးနွေးလိုတဲ့အတွက်ကြောင့် ဒီနေရာကနေစပြီး spoiler အနည်းငယ်ပါတော့မယ်ဆိုတာသတိပေးချင်ပါတယ်။ Bird Box ထဲကပုစ္ဆာတွေနဲ့ပတ်သက်ပြီး ကျနော့်ထင်မြင်ချက်တချို့ကိုပြောပြသွားပါ့မယ်။ ကိုယ်ပိုင်အယူအဆတွေရှိရင်လည်း comment box မှာဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ဝတ္ထုနဲ့ရုပ်ရှင်ကြားကကွဲပြားချက်တချို့ကိုလည်းပြောပြချင်ပါတယ်။

ပထမပုစ္ဆာကပရိသတ်တွေအနေနဲ့အဲ့ဒီဝိညာဉ်တွေကိုမမြင်ရတာပါပဲ။ အကောင်အထည်မရှိတဲ့သတ္တ၀ါတွေမို့ မြန်မာလိုတစ္ဆေတွေလို့သုံးလိုက်ရပေမယ့် ရုပ်ရှင်ထဲမှာ spirit, ghost ဆိုတဲ့အသုံးအနှုန်းတွေမသုံးထားပါဘူး။ သူတို့ဟာတခြားကမ္ဘာကဂြိုဟ်သားတွေဖြစ်နိုင်သလို ဒဏ္ဍာရီလာနတ်ဆိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဇာတ်ကောင်တွေဟာအဲ့ဒီသတ္တ၀ါတွေကိုမြင်လိုက်တာနဲ့ စိတ်ထိခိုက်သွားပြီးကိုယ့်ကိုယ်ကိုယ်သတ်သေကြတော့တာပါပဲ။ ဒါပေမယ့်စိတ္တဇဝေဒနာရှင်တွေကတော့ ဒီသတ္တ၀ါတွေကိုမြင်ပြီးစိတ်ထိခိုက်ခြင်း သတ်သေခြင်းမပြုကြပါဘူး။ အရမ်းစိတ်ပျော်ရွှင်သွားပြီး တခြားသူတွေကိုပါကြည့်ဖို့အတင်းအကျပ်စေခိုင်းတတ်ကြပါတယ်။ ဒါကြောင့်ဒီဇာတ်ကားရဲ့နောက်ထပ် villain ကတော့မကောင်းဆိုးဝါးတွေကို အတင်းအကျပ်လိုက်ကြည့်ခိုင်းနေတဲ့စိတ္တဇဝေဒနာရှင်တွေလို့ပဲပြောရမယ်။

နောက်တချက်ကကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့သူတွေအနေနဲ့ ဘယ်လိုအမြင်အာရုံမျိုးတွေ့လိုက်ရလဲဆိုတာပါပဲ။ ပြဿနာကြီးစဖြစ်ဖြစ်ချင်းမှာ Maloire ကိုကယ်တင်ခဲ့တဲ့ Lydia ဆိုတဲ့အမျိုးသမီးဟာ အဲ့ဒီသတ္တ၀ါတွေကိုမြင်လိုက်ပြီး “Mom? Please don’t go.” (အမေရယ်၊ မသွားပါနဲ့) လို့ရေရွတ်ပြီးမီးလောင်နေတဲ့ကားထဲဝင်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကိုတွေ့ရပါတယ်။ Lydia ရဲ့ခင်ပွန်း Douglas ကတော့သူမအမေသေသွားတာ ၁၀နှစ်လောက်ရှိပြီလို့ပြောတယ်။ ဒါကိုကြည့်ခြင်းဖြင့် အဲ့ဒီသတ္တ၀ါတွေဟာသူ့ကိုကြည့်မိတဲ့သူတွေရဲ့အတိတ်ကအဖြစ်ဆိုးတွေ မိသားစုဝင်တွေကိုပြပြီး စိတ်ထိခိုက်အောင်လုပ်နိုင်စွမ်းရှိတယ်လို့ယူဆရပါတယ်။

ဒီတစ္ဆေတွေကိုအကောင်အထည်မပြခြင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာ Susanne Bier ကတော့ လူတယောက်နဲ့တယောက်ကြောက်လန့်တဲ့အရာတွေမတူကြတဲ့အတွက်ပုံပန်းသဏ္ဍာန်ကိုထည့်မရိုက်တာလို့ ဆိုထားပါတယ်။ သူတို့ရုပ်ရှင်စရိုက်ကြတဲ့အခါမှာပန်းချီဆရာတွေ အထူးပြုလုပ်ချက်ပညာရှင်တွေနဲ့တိုင်ပင်ပြီး တစ္ဆေတွေပုံကိုပုံကြမ်းဆွဲကြည့်ကြပါသေးတယ်။ အဲ့ဒီပုံကြမ်းတွေဟာ မြွေလိုလို၊ ပုံပျက်ပန်းပျက်ကလေးငယ်မျက်နှာနဲ့အစိမ်းရောင်ခန္ဓာကိုယ်ရှိတဲ့ မကောင်းဆိုးဝါးလိုလိုပုံစံတွေဖြစ်ကြောင်း Bullock ကဆိုပါတယ်။ ဒီမကောင်းဆိုးဝါးတွေကိုကြည့်ရင်းရယ်ချင်လာတာနဲ့ ရုပ်ရှင်ထဲထည့်မရိုက်ဖို့ဆုံးဖြတ်လိုက်တယ်လို့ Bier ကပြောတယ်။ ရုပ်ရှင်ထဲမှာစိတ်ဝေဒနာရှင်တယောက်ဖြစ်သူ Gary ကဒီမကောင်းဆိုးဝါးတွေရဲ့ပုံလို့ယူဆရတဲ့သတ္တ၀ါတွေကို ခဲနဲ့ဆွဲထားတာကျနော်တို့မြင်ခဲ့ရပါတယ်။  

အခုဝတ္ထုနဲ့ရုပ်ရှင်ကြားကကွဲပြားချက်တချို့ကိုပြောပြသွားပါ့မယ်။ အဓိကကွဲပြားမှုကတော့ ဇာတ်လမ်းတည်ရာဒေသပါ။ ၀တ္ထုက Detroit မြို့မှာတည်ထားတာဖြစ်ပြီး ရုပ်ရှင်ကတော့ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာတည်ပါတယ်။ ဒီဒေသဟာရှုခင်းတွေပိုလှတဲ့အတွက် ရုပ်ရှင်ထဲမှာမျက်စိပသာဒဖြစ်အောင်ပြောင်းလိုက်တာလို့သိရပါတယ်။

ရုပ်ရှင်ထဲမှာ Jessica ဟာခဏပဲပါပေမယ့် ၀တ္ထုမှာသူ့ကဏ္ဍကပိုကြီးပါတယ်။ ပြဿနာစတင်ပြီး ၃လလောက်ကြာတဲ့အထိ Malorie နဲ့အတူတူတိုက်ခန်းတခန်းထဲမှာနေထိုင်ခဲ့ပြီး တနေ့မှာမကောင်းဆိုးဝါးတကောင်ကိုမတော်တဆတွေ့ရာကနေ ရေချိုးခန်းထဲမှာ suicide လုပ်သွားတာပါ။ ရုပ်ရှင်ထဲမှာတော့ကားတိုက်ခံပြီးသတ်သေသွားပါတယ်။

နောက်ထပ်အဓိကကျတဲ့ကွဲလွဲမှုတခုကတော့ Douglas ဇာတ်ကောင်ဟာဝတ္ထုထဲမှာမပါဘဲ ရုပ်ရှင်အတွက်သီးသန့်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ပြီးတော့ဝတ္ထုထဲမှာလုံခြုံတဲ့နေရာဆီရောက်အောင်သွားဖို့ Malorie နဲ့ကလေးငယ် ၂ယောက်ဟာ မျက်လုံးအ၀တ်စီးပြီး မြစ်ပေါ်မှာ ၂ရက်ကြာခရီးထွက်ဖို့ ၄နှစ်လောက်လေ့ကျင့်ခဲ့ရပါတယ်။ ရုပ်ရှင်ထဲမှာတော့အဲ့ဒီလောက်အချိန်ယူထားတာမတွေ့ရပါဘူး။

အရေးအကြီးဆုံးပြောင်းလဲမှုကတော့နောက်ဆုံးခန်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ Malorie တို့ဟာသူတို့ကြားထားတဲ့ခိုလှုံရာကိုရောက်သွားပြီးနောက် အဲ့ဒီနေရာဟာမျက်မမြင်ကျောင်းတကျောင်းဖြစ်တယ်ဆိုတာသိလိုက်ရတယ်။ မျက်မမြင်တွေအများစုနေထိုင်ဦးစီးပြီး သာမန်လူတွေလည်းနေထိုင်နေကြတယ်။ ၀တ္ထုထဲမှာတော့ အဲ့ဒီနေရာဟာမျက်မမြင်ကျောင်းမဟုတ်ဘဲ ခိုလှုံနေတဲ့သူတွေဟာသူတို့ရဲ့မျက်လုံးတွေကို သူတို့ဘာသာကန်းအောင်လုပ်ထားကြတဲ့အကြောင်းပြောပြီးနိဂုံးချုပ်ထားပါတယ်။ ဒါရိုက်တာကဒီအချက်နဲ့ပတ်သက်ပြီး “ကျွန်မက၀တ္ထုရဲ့အဆုံးသတ်ကိုကြိုက်ပါတယ်။ ဒါပေမယ့်ရုပ်ရှင်ထဲမှာတော့ အပြုသဘောဆောင်တဲ့ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်စေချင်တယ်။ ပြီးတော့ကမ္ဘာပျက်နေတဲ့အချိန်မှာမျှော်လင့်ချက်တခုနဲ့ဆက်လက်အသက်ရှင်တာမျိုးရိုက်ပြချင်တယ်။ အဲ့ဒါကြောင့်ဇာတ်သိမ်းကိုနည်းနည်းပြောင်းလိုက်တာပါ” လို့ဆိုပါတယ်။

ဒီဇာတ်ကားကိုကြည့်ပြီး ၂၀၀၈ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ M. Night Shyamalan ရဲ့ The Happening ကိုသတိရမိတယ်။ အဲ့ဒီရုပ်ရှင်မှာအပင်တွေကသဘာဝပတ်ဝန်းကျင်ကိုမလေးစားတဲ့လူသားတွေကို လက်စားချေဖို့အဆိပ်ငွေ့တခုကိုလေထုထဲလွှတ်ပြီး ထိတွေ့ရှူရှိုက်မိတဲ့သူတွေအားလုံးကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်အောင်လုပ်ကြတယ်ဆိုတဲ့အကြောင်းရိုက်ပြထားတယ်။ အကြောင်းအရာပိုင်းအရဆင်သလိုရှိပေမယ့် Bird Box ကပိုပြီးရင်မောရသလို ဇာတ်လမ်းပိုင်းအရလည်းပိုသွက်ပါတယ်။ ကလေးမလိုချင်တဲ့ Malorie တယောက် မိခင်စိတ်ရှိလာပုံကိုတဖြည်းဖြည်းရိုက်ပြသွားတာတော်တော်လှပါတယ်။

References:

“Bird Box Book/Movie Differences” by thisisinsider.com
“Bird Box director explains why you never see the creatures in the film” by digitalspy.com

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here