By Min Ye Kyaw
မြေဆွဲအားကိုလွန်ဆန်ပြီးရင်းတူနဲ့ညှပ်ထားရင်းလေပေါ်ဝဲနေတဲ့ခေါက်ဆွဲဖတ်တွေရဲ့ပုံတွေအင်တာနက်ပေါ်ပျံ့နှံ့လာတော့ မြင်ရတဲ့သူတွေအကုန်တအံ့တသြဖြစ်ကုန်ပါတယ်။ Chaun Xiao Er ဆိုတဲ့ခေါက်ဆွဲဆိုင်လေး စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်လာတဲ့အတွက် ဒီခေါက်ဆွဲတွေရဲ့ပဟေဠိကိုကိုယ်တိုင်အဖြေညှိနိုင်ပါပြီ။
သန့်ရှင်းပြီးအလင်းရောင်ကောင်းကောင်းရတဲ့ Chaun Xiao Er ဟာရှင်စောပုလမ်းပေါ်မှာတည်ရှိတယ်။ သစ်သားခုံလေးတွေသာသုံးထားပြီး နံရံမှာရှေးဟောင်းတရုတ်လူမျိုးတွေရဲ့ပန်းချီကားတွေနဲ့အလှဆင်ထားတဲ့အတွက် တကယ့်တရုတ်ပြည်ကစားသောက်ဆိုင်လေးတခုထဲရောက်သွားသလိုခံစားချက်မျိုးရတယ်။
တရုတ်အ၀တ်အစားဝတ်ထားတဲ့စက်ရုပ်ကဂျုံလုံးတွေကိုခေါက်ဆွဲပုံဖြစ်အောင်ဓားတချောင်းနဲ့လှီးဖြတ်နေတာကိုအံ့သြဖွယ်တွေ့ရမယ်။
ကျနော်တို့လည်းဆိုင်ရဲ့နာမည်ကြီးအစားအစာ လေပေါ်ပျံဝဲကြက်သားခေါက်ဆွဲ (၄၀၀၀ကျပ်) နဲ့ စီချွမ်ဝက်သားခေါက်ဆွဲ (၃၅၀၀ကျပ်) တို့ကိုမှာလိုက်ပါတယ်။

ကြက်သားခေါက်ဆွဲကတော့အရသာရှိရုံသာမကလေပေါ်ဝဲနေတဲ့ခေါက်ဆွဲတွေရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရတဲ့အတွက် စိတ်ကျေနပ်မှုပါရလိုက်တယ်။ ၀က်သားခေါက်ဆွဲကတော့ဟင်းခတ်အမွှေးအကြိုင် ကောင်းကောင်းသုံးထားတဲ့အတွက် အနံ့အရသာနဲ့ပြည့်စုံပါတယ်။G
တခုကို ၁၀၀၀ကျပ်ကျသင့်တဲ့ ကြက်သွန်ဖြူ၊ ပဲကြာဇံတို့နဲ့လုပ်ထားတဲ့ဂုံးကောင်နဲ့ တရုတ်ကြက်ဥပေါင်း (၄၀၀၀ကျပ်) ကိုထပ်မှာပါတယ်။ ဂုံးကောင်ကသေးပေမယ့်အရသာရှိပြီး ကြက်ဥပေါင်းပူပူနွေးနွေးကတော့သကြားမသုံးထားတဲ့သဘာဝအချိုအရသာဖြစ်ပြီး ကြက်သားပြုတ်ရည်နဲ့တည်ခင်းပါတယ်။
ကြက်သွန်ဖြူ၊ ပဲကြာဇံတို့နဲ့လုပ်ထားတဲ့ဂုံးကောင် တရုတ်ကြက်ဥပေါင်း
စက်ရုပ်စားဖိုမှူးလေးကိုတွေ့ရတာ လေပေါ်ပျံနေတဲ့ခေါက်ဆွဲဖတ်တွေရဲ့လျှို့ဝှက်ချက်ကိုသိရတာ အရသာရှိတဲ့အစားအသောက်တွေကိုစားရတာတွေကြောင့် စိတ်ကျေနပ်မှုအပြည့်အ၀ရမှာပါ။ ခေါက်ဆွဲတွေရဲ့လျှို့ဝှက်ချက်ကိုတော့ ကိုယ်တိုင်သွားစားပြီးကြည့်ကြည့်လိုက်ပါတော့နော်။
Address: 86B Shin Saw Pu Road,
Sanchaung Township
Contact: 09 44373 9029
Opens 7am to 9pm