By Nay Thiha
ပြည်တွင်းဂိမ်းလုပ်ငန်းနဲ့အသိုင်းအ၀ိုင်းဟာတနေ့တခြားတိုးတက်လာပါတယ်။ ကလေးတွေဂိမ်းဆော့ပြီးစာမဖတ်ဘူးဆိုတဲ့ရှေးရိုးစွဲပုဂ္ဂိုလ်တော်တော်များများငြိုငြင်နေတဲ့ကြားထဲက ESport အဖွဲ့အစည်းတခုတည်ထောင်ဖို့အားထုတ်မှုတွေရှိလာသလို
ပြည်တွင်းဖြစ်ဂိမ်းတွေအများအပြားထွက်လာပါတယ်။
Global Game Jam (GGJ) ဆိုတာတကမ္ဘာလုံးကဂိမ်းရေးဆွဲထုတ်လုပ်ခြင်းကို ၀ါသနာပါတဲ့လူငယ်တွေဟာ ၄၈နာရီအတွင်းဂိမ်းများဖန်တီးရေးသားရတဲ့အစီအစဉ်ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်ကစတင်ပြီးကမ္ဘာတ၀ှမ်းမှာ နှစ်စဉ် GGJ တွေကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာပါဝင်သူများဟာအဖွဲ့ကိုယ်စီဖွဲ့ပြီး ပေးထားတဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့ ဂိမ်းတခုကို ၄၈နာရီအတွင်းဖန်တီးရပါတယ်။ ဒီနှစ်ရဲ့အကြောင်းအရာကတော့ Home ဖြစ်တဲ့အတွက် ပါဝင်သူလူငယ်များဟာ အိမ်နဲ့ပတ်သက်တဲ့ဂိမ်းတွေကိုဖန်တီးရမှာပါ။

မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ ၂၅ကနေ ၂၇အတွင်း Myanmar Computer Industry Association ကကြီးမှူးပြီးပထမဦးဆုံးအကြိမ်ကျင်းပခဲ့တဲ့ 2019 GGJ မှာတော့ game programmer, graphic artist, concept artist တွေနဲ့ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲဝင် ၈၀ကျော်၊ အဖွဲ့ပေါင်း ၁၄ဖွဲ့ရှိခဲ့ပြီး အိမ်နဲ့ပတ်သက်တဲ့ ဂိမ်း ၁၄ခုကို ၄၈နာရီအတွင်းထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ ပွဲအတွင်းမှာလူငယ်တွေကိုအကြံဥာဏ်တွေပေးဖို့ JoyDash Game Company ရဲ့တည်ထောင်သူ ကိုသက်နိုင်ဆွေ၊ Kodots Games Studio ရဲ့တည်ထောင်သူ ကိုချစ်ကိုကို၊ graphic artist ကိုအောင်ကျော်ခင်နဲ့ Pencell Studio က art director animator ကိုနိုဘယ်အောင်တို့က mentor တွေအဖြစ်ရှိနေပေးမှာပါ။ ပြိုင်ပွဲမစတင်ခင်တရက်အလို ဇန်န၀ါရီလ ၂၅ရက်နေ့မှာ mentor ၄ဦးကပြိုင်ပွဲဝင်တွေကိုအကြံပေးစကားများပြောသွားခဲ့ပါသေးတယ်။
ဒီဂိမ်းဟာအနိုင်အရှုံးဆုံးဖြတ်တဲ့ပွဲမဟုတ်ဘဲ game community တခုတည်ဆောက်လိုခြင်းသာဖြစ်တယ်လို့ organiser တဦးဖြစ်သူ ကိုအေးမောင်မောင်ကြည်ကမိန့်ခွန်းထဲထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီနှစ်ပွဲမှာတော့ ၁၁၄နိုင်ငံက jam site ၈၆၀အထိပါဝင်ခဲ့တယ်လို့ နောက်ထပ် organiser တဦးဖြစ်သူကိုဒိုရှိုင်းကဆိုတယ်။ မြန်မာနိုင်ငံကလူငယ်ဂိမ်းရေးဆွဲသူတွေရဲ့လက်ရာဂိမ်းတွေကို အောက်ပါ link မှာဆော့ကစားကြည့်နိုင်ပါတယ်။