Advertisement

By Nay Thiha

How to Train Your Dragon film series ရဲ့နောက်ဆုံးရုပ်ရှင် The Hidden World ကိုကြည့်ပြီးလောက်ပြီထင်ပါတယ်။ ဗြိတိသျှစာရေးဆရာမ Cressida Cowell ရဲ့ပုံပြင်စာအုပ် ၁၂အုပ်ပေါ်မှာအခြေခံထားတဲ့ franchise ဟာအခုဆိုရင်တီဗီစီးရီးအဖြစ်လည်းအောင်မြင်နေပါပြီ။

အခုနောက်ဆုံးထွက်ရုပ်ရှင်မှာတော့ အရင်နှစ်ကားမှာ single ဖြစ်နေခဲ့တဲ့ Toothless တယောက်ချစ်စရာနဂါးမလေးနဲ့ချစ်သူတွေဖြစ်သွားတာ forever alone တွေကိုလှောင်တဲ့ meme လေးတွေထွက်လာတာကြောင့် ရုံတင်ပြီးသိပ်မကြာခင်မှာပဲ Facebook မှာနာမည်ကြီးလာခဲ့တယ်။

စာရေးဆရာမ Cressida Cowell (@cressidacowellbooks)

Jay Baruchel, Kate Blanchett တို့အပါအ၀င်အရင်ကားကအသံသရုပ်ဆောင်တော်တော်များများ ပြန်လည်ပါဝင်လာတဲ့ ဒီကားဟာ How to Train Your Dragon ထဲမှာနောက်ဆုံးရုပ်ရှင်လို့လည်းပြောသံကြားရတယ်။ မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအကျဉ်းလေးကိုပြောပြပေးပါ့မယ်။

ဒုတိယကားမှာ Hiccup ရဲ့ဖခင်ကွယ်လွန်သွားခဲ့ပြီးနောက်တနှစ်အကြာမှာ တတိယကားကိုဇာတ်အိမ်တည်ထားပါတယ်။ Berk ဆိုတဲ့ Viking ရွာရဲ့အကြီးအကဲ Hiccup ဟာလူနဲ့နဂါးယှဉ်တွဲနေထိုင်ရေးကိုကြိုးစားလျက်ရှိပါတယ်။ ဒါပေမယ့်သူတို့ရဲ့ရွာလေးမှာမုဆိုးတွေလက်ထဲကကယ်ယူထားတဲ့နဂါးတွေအလွန်များပြားလာတာကြောင့် နေစရာရှားပါးတဲ့ပြဿနာနဲ့ကြုံနေရတယ်။

တနေ့မုဆိုးတွေဖမ်းဆီးထားတဲ့နဂါးတွေကိုကယ်တင်နေတဲ့အချိန်မှာ အဖြူရောင်ရှိတဲ့ Night Fury အမျိုးအစားနဂါးမလေးကိုသွားတွေ့ပါတယ်။ နဂါးမလေးကိုမုဆိုးတွေကသူတို့ရဲ့ခေါင်းဆောင် Grimmel ဆီပို့ဆောင်လိုက်ပြီး Grimmel ဟာနဂါးမလေးကိုအသုံးချရင်း Toothless ကိုဖမ်းဖို့အကြံထုတ်ပါတော့တယ်။

အဖြူရောင် Night Fury ကို Hiccup ရဲ့ချစ်သူ Astrid က Light Fury လို့အမည်ပေးလိုက်တယ်။ Grimmel ရဲ့ခြိမ်းခြောက်မှုကြောင့် Hiccup တို့ဟာသူ့အဖေ Stoick တခါကပြောပြဖူးတဲ့နဂါးတို့ရဲ့ကမ္ဘာ Hidden World ကိုပြောင်းရွှေ့ဖို့စီစဉ်ကြရပါတယ်။

ဒီကားလေးဟာ Hiccup နဲ့ Toothless တို့ကြားကသံယောဇဉ်ကိုစမ်းသပ်တဲ့ဇာတ်လမ်းပါ။ Night Fury နဂါးမျိုးတွေထဲမှာတကောင်တည်းကျန်ခဲ့လို့အထီးကျန်နေရှာတဲ့ Toothless ဟာသူနဲ့မျိုးနွယ်ချင်းနီးစပ်တဲ့ Light Fury နဲ့တွေ့တဲ့အခါ သူ့သူငယ်ချင်း Hiccup ကိုမေ့သွားမှာလား။

How to Train Your Dragon ရုပ်ရှင်တွေဟာမတူညီတဲ့ ရန်လိုနေတဲ့ လူသားမျိုးနွယ်နဲ့နဂါးမျိုးနွယ်ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအပေါ်ဇာတ်အိမ်တည်ထားတာပါ။ ဒီကားမှာနဂါးနဲ့လူသားတွေအတူပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတဲ့ဇာတ်သိမ်းမျိုးဖြစ်ပါ့မလား။ ငွေရောင်ပိတ်ကားပေါ်သွားကြည့်ပြီးကိုယ်တိုင်အဖြေရှာကြည့်ကြပါတော့နော်။

ဒီပို့စ်မှာရုပ်ရှင် ၃ကားထဲကထင်ရှားတဲ့နဂါးမျိုးစိတ်တွေနဲ့ Hidden World အကြောင်းပြောပြပါ့မယ်။ နဂါးတွေအကြောင်းပိုပြီးပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ The Incomplete Book of Dragons နဲ့ Meet the New Dragons လို့ခေါ်တဲ့စာအုပ်နှစ်အုပ်ကိုဖတ်ကြည့်သင့်ပါတယ်။

Light Fury

Light Fury ဟာ Toothless လိုပဲ plasma ရောင်ခြည်တွေမှုတ်ထုတ်နိုင်ပြီး အဲ့ဒီရောင်ခြည်တွေရဲ့ပေါက်ကွဲမှုကိုလည်းထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင်အဲ့ဒီရောင်ခြည်တွေထဲဖြတ်ပြီးပျံသန်းခြင်းဖြင့် ကိုယ်ယောင်ဖျောက်နိုင်တဲ့အစွမ်းရှိတယ်။ Night Fury တွေနဲ့ကွာခြားချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာ တောက်ပတဲ့အဖြူရောင်ရှိတာပါပဲ။ ပြီးတော့ Night Fury တွေလိုအကြေးခွံမာတွေမရှိဘဲခန္ဓာကိုယ်ကချောမွေ့ပြောင်လက်နေတယ်။ လူ့စိတ်ကိုနားလည်နိုင်ခြင်း၊ လျင်မြန်စွာပျံသန်းနိုင်ခြင်း၊ အမြှီးကဆူးတောင်ထိခိုက်ဒဏ်ရာရသွားရင် ပျံသန်းနိုင်စွမ်းမရှိတော့ခြင်း စတဲ့အချက်တွေကတော့ Night Fury တွေနဲ့တူညီပါတယ်။

Deathgripper

Grimmel ရဲ့နဂါး Deathgripper တွေဟာဒီကားမှာမှစတင်ပါဝင်လာတာပါ။ ရက်စက်ကြမ်းကြုတ်ပြီးနဂါးအချင်ချင်းပြန်သတ်တတ်သူတွေလို့ ဒါရိုက်တာ Dean DeBlois ကပြောတယ်။ အစွယ်နှစ်ချောင်းရှိပြီး အမြှီးထိပ်မှာအဆိပ်ဆူးတချောင်းလည်းရှိပါတယ်။ Grimmel ရဲ့ airship ကြီးတခုလုံးကို Deathgripper ၄ကောင်ကအေးအေးဆေးဆေးဆွဲပြီး ပျံသန်းနိုင်တာကိုကြည့်ခြင်းဖြင့်သူတို့ရဲ့သန်မာမှုကိုသိနိုင်ပါတယ်။

Night Fury

အလွန်ရှားပါးတဲ့နဂါးမျိုးစိတ်ပါ။ ရုပ်ရှင်ထဲက Viking ပုံပြင်တွေအရတော့ သေခြင်းတရားနဲ့မိုးကြိုးလျှပ်စစ်တို့ရဲ့ သန္ဓေသားလို့တင်စားခေါ်ဝေါ်ကြတယ်။ (Toothless ကတော့တော်တော်ချစ်ဖို့ကောင်းပါတယ်) နဂါးအများစုလိုမီးမမှုတ်ဘဲ plasma ရောင်ခြည်တွေမှုတ်ထုတ်နိုင်ပါတယ်။ ကောင်းကင်ထဲကလျပ်တပြတ်ပေါ်လာပြီး Viking ကျေးရွာတွေကိုရုတ်တရတ်တိုက်ခိုက်တတ်တဲ့အတွက် သူတို့ကိုတော်တော်များများကြောက်လန့်ကြတယ်။ အဲ့ဒါကြောင့်လည်း Viking တွေရဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းကိုအဓိကခံရပြီး မျိုးသုဉ်းလုနီးပါးရှားသွားတယ်လို့ထင်ရပါတယ်။

Bewilderbeast

အကြီးဆုံးနဲ့အရှားဆုံးနဂါးမျိုးစိတ်ပါ။ သူတို့မှာတခြားနဂါးတွေကိုစိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိပါတယ်။ မီးမမှုတ်ဘဲရေခဲတွေမှုတ်ထုတ်ပြီး အဲ့ဒီရေခဲတွေနဲ့ပဲအသိုက်ဆောက်နေထိုင်ကြပါတယ်။

Rumblehorn

ကြံ့လိုဦးချိုနဲ့သံချပ်ကာအကြေးခွံတွေရှိတဲ့ Rumblehorn ဟာအကောင်ကြီးမားသလောက် လျင်မြန်စွာပျံသန်းနိုင်တယ်။ အနံ့ခံအာရုံလည်းအရမ်းကောင်းပြီး မိုင်ပေါင်းများစွာကသားကောင်ကိုခြေရာခံနိုင်စွမ်းရှိပါတယ်။ ကြံ့တကောင်လိုသူ့ရဲ့ဦးချိုနဲ့ ရန်သူကိုတရှိန်ထိုးဝင်ထိုးတိုက်ခိုက်လေ့ရှိတယ်။ Hiccup ရဲ့ဖခင် Stoick မှာ Skullcrusher လို့ခေါ်တဲ့ Rumblehorn တကောင်ရှိပါတယ်။

Stormcutter

နဂါးမျိုးစိတ်တွေထဲမှာအကျွမ်းကျင်ဆုံးပျံသန်းနိုင်တဲ့နဂါးအမျိုးအစားပါ။ လေထဲပျံနေချိန်ခန္ဓာကိုယ်ကို အနေအထားအမျိုးမျိုးပြောင်းလဲပျံသန်းနိုင်သလို မီးမှုတ်ပြီးအတောင်ပံတွေကိုခတ်ရင်း မီးဆင်နှာမောင်းတွေဖန်တီးနိုင်တယ်။ Hiccup ရဲ့မိခင် Valka ရဲ့ Cloudjumper ဟာဒီနဂါးအမျိုးအစားဖြစ်ပါတယ်။

Red Death

ပထမဆုံးရုပ်ရှင်ကအဓိကဗီလိန်ဒီနဂါးကြီးဟာ မျက်စိ ၃လုံးပါဝင်ပြီးတခြားနဂါးတွေကိုကျွန်ပြုခိုင်းစေပါတယ်။ တခြားနဂါးတွေကိုထိန်းချုပ်နိုင်စွမ်းလည်းရှိပါတယ်။

Monstrous Nightmare

ဒီနဂါးတွေကတော့သူတို့ကိုယ်သူတို့မီးတင်ရှို့တတ်လို့နာမည်ကြီးတာပါ။ ဆူးတောင်တွေချိုတွေအများကြီးရှိပြီး ဒေါသကြီးသလိုခွန်အားလည်းကြီးတယ်။ Snotlout ရဲ့ Hookfang ဟာဒီအမျိုးအစားဖြစ်ပါတယ်။

Deadly Nadder

ဒီနဂါးတွေကတော့လှပသလိုအန္တရာယ်လည်းကြီးပါတယ်။ သူတို့ကိုယ်ကအဆူးတွေနဲ့ပစ်လွှတ်တိုက်ခိုက်နိုင်သလို ကျောက်တုံးကိုတောင်အရည်ပျော်စေတဲ့အထိပူတဲ့မီးတွေကိုလည်းမှုတ်ထုတ်နိုင်တယ်။ Astrid ရဲ့ Stormfly ဟာ Deadly Nadder အမျိုးအစားဖြစ်ပါတယ်။

Hideous Zippleback

ခေါင်း ၂လုံးပါတဲ့နဂါးမျိုးစိတ်ဖြစ်ပြီး ခေါင်းတခုစီမှာမတူညီတဲ့စိတ်နေသဘောထားတွေရှိပါတယ်။ ခေါင်းတလုံးကဓာတ်ငွေ့မှုတ်ပြီး နောက်တလုံးကမီးပွားတွေမှုတ်ထုတ်ရင်း ပိုမိုကြီးမားတဲ့မီးတောက်တွေထုတ်လွှတ်နိုင်စွမ်းရှိတယ်။ Ruffnut နဲ့ Tuffnut တို့အမွှာဟာ Barf နဲ့ Belch ဆိုတဲ့ခေါင်း ၂လုံးနဲ့ Zippleback ကိုစီးပါတယ်။

Gronckle

ဒီနဂါးမျိုးစိတ်ကကြီးမားနှေးကွေးပေမယ့် အလွန်မာကျောတဲ့ခန္ဓာကိုယ်ရှိပြီး မီးလုံးတွေကိုဆက်တိုက်မှုတ်ထုတ်နိုင်စွမ်းရှိပါတယ်။ Fishleg ရဲ့နဂါး Meatlug ဟာဒီနဂါးနွယ်ဝင်ဖြစ်ပါတယ်။

Hidden World

Hidden World ဟာမီးတောင်ပျက်ကြီးတခုကဖြစ်လာတဲ့တွင်းထဲမှာရှိပြီး အထဲမှာများပြားလှတဲ့လှိုဏ်ဂူတွေဥမင်တွေရှိပါတယ်။ ဒါရိုက်တာ DeBlois ကတော့ ပင်လယ်ထဲမှာတွင်းပေါက်ကြီးတခုကိုအိပ်မက်မက်ခဲ့ကြောင်း အဲ့ဒီကနေတဆင့် Hidden World ရဲ့ပုံစံကိုစိတ်ကူးယဉ်ခဲ့တာဖြစ်ကြောင်းပြောတယ်။ Hidden World ထဲမှာသက်တမ်းရင့်ထုံးကျောက်တိုင်ကြီးတွေထည့်သွင်းထားတာဟာ ဒီကမ္ဘာရဲ့ရှေးကျတဲ့သဘာဝကိုဖော်ပြချင်တာလို့ယူဆရပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here