By Nay Thiha
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ရန်ကုန်မှာကော်ဖီဆိုင်ထိုင်တဲ့အလေ့ခေတ်စားလာပြီး အပြင်အဆင်ကောင်းကောင်းနဲ့ကော်ဖီဆိုင်လေးတွေကိုလည်း အများအပြားတွေ့လာရပါတယ်။ ကော်ဖီဆိုင်တဆိုင်ဝင်ထိုင်မယ်၊ ကော်ဖီ ၁၀မျိုးလောက်ထဲက ကိုယ့်စိတ်ကြိုက်ကော်ဖီတခွက်ကိုမှာလိုက်မယ်၊ ပြီးရင်အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်နေမယ်။ ဒါဟာသမားရိုးကျကော်ဖီဆိုင်ထိုင်နည်းပါ။
Jack’s Gourmet Coffee and Food မှာတော့လုံးဝဆန်းသစ်တဲ့ကော်ဖီအတွေ့အကြုံကိုခံစားရမယ်။ ဘာလို့လည်းဆိုတော့သူ့မှာ ကော်ဖီစေ့ဒါဇင်ဝက်လောက်ရှိပြီး ဖျော်စပ်ပုံ ၆မျိုးရှိပါတယ်။ ဒီအထဲကမှသင့်စိတ်ကြိုက်အနံ့နဲ့အရသာကိုရွေးချယ်ပြီး သင့်စိတ်ကြိုက်နည်းနဲ့ဖျော်ခိုင်းလို့ရတယ်။ ဒီထက်စိတ်ဝင်စားစရာကောင်းတာက သင်ရွေးချယ်လိုက်တဲ့ကော်ဖီစေ့ကိုသင့်စားပွဲပေါ်မှာတင် barista ကဖျော်စပ်ပေးတာပါ။ ကော်ဖီစေ့ကိုလက်နဲ့ကြိတ်တဲ့နေရာကနေ ခွက်ထဲကော်ဖီရောက်တဲ့ဖြစ်စဉ်တခုလုံး သင့်မျက်စိရှေ့မှာဖြစ်သွားမှာပါ။
ကျနော်တို့ကတော့ syphon နဲ့ moka pot တို့နဲ့ဖျော်တဲ့ကော်ဖီနှစ်ခွက်ကိုမှာလိုက်တယ်။ Syphon နည်းမှာရေထည့်ထားတဲ့ဖန်အိုးလေးကိုအောက်ကမီးနဲ့အပူပေးတဲ့အခါ ရေငွေ့တွေဟာဖန်ပြွန်ကိုဖြတ်ပြီးအပေါ်က ကော်ဖီမှုန့်ထည့်ထားတဲ့ဖန်အိုးထဲရောက်သွားပါတယ်။ အဲ့ဒီရေနွေးငွေ့ကရေပြန်ဖြစ်ပြီးရလာတဲ့ကော်ဖီကိုမှသောက်သုံးရတာပါ။ အောက်ကခွက်ထဲပြန်ကျလာတဲ့ကော်ဖီဟာ ဇကာနှစ်ခုကိုဖြတ်သန်းပြီးဖြစ်တဲ့အတွက် ပြင်းအားအနည်းငယ်လျော့သွားပြီး ကော်ဖီပျော့ပျော့သောက်တတ်သူတွေအတွက်သင့်လျော်ပါတယ်။ ဒီအတွက်သုံးတဲ့ကော်ဖီအမျိုးအစားကတော့ Java Estate ပါ။ ကော်ဖီစေ့ ၃မျိုးကိုရောထားတာဖြစ်ပြီး ချောကလက်နံ့သင်းသလို ချိုမြမြ aftertaste ရပါတယ်။
Moka Pot ကတော့မိရိုးဖလာကော်ဖီဖျော်နည်းလို့ဆိုင်ပိုင်ရှင် Jack ကရှင်းပြတယ်။ “ကော်ဖီစတင်သောက်သုံးတဲ့အချိန်က အိုးထဲကော်ဖီမှုန့်ထည့် ရေထည့်ပြီးမီးနဲ့တိုက်ရိုက်အပူပေးရင်း သောက်ကြတာလေ။ အခုလိုဆန်းပြားတဲ့ကိရိယာတွေမပေါ်သေးဘူး။ အခု moka pot ကလည်းအဲ့ဒီနည်းကိုပဲအသုံးပြုထားတာပါ။” Old Dark လို့ခေါ်တဲ့နက်မှောင်တဲ့ကော်ဖီစေ့ကတော့ ဒီနည်းနဲ့ဖျော်ဖို့အသင့်တော်ဆုံးပါပဲ။ Java Estate ထက်ပိုမွှေးပြီးအရသာလည်းပိုပြင်းတဲ့အတွက် ကော်ဖီခါးခါးသောက်တတ်တဲ့သူတွေအကြိုက်တွေ့မှာပါ။ နို့နဲ့သကြားလိုအပ်ရင်တောင်းယူလို့ရပေမယ့် သဘာဝကော်ဖီအရသာကိုသူ့ချည်းသက်သက် အရင်မြည်းကြည့်ဖို့အကြံပေးချင်ပါတယ်။ ဆူမားတြားနဲ့ဂျာဗားကျွန်းတွေကကော်ဖီစေ့တွေကိုသုံးထားတယ်လို့သိရတယ်။ ကော်ဖီနဲ့အတူစားဖို့ ချောကလက်အနှစ်ဆမ်းထားတဲ့ စပိန်သွားရည်စာမုန့် Churros ကလိုက်ဖက်ပါတယ်။
မနက်စောစောထပြီး မလန်းတာမျိုး၊ ညကများသွားလို့ hangover ဖြစ်တာမျိုးတွေအတွက် အေးခဲထားတဲ့ကော်ဖီအနှစ်ကိုသကြားလေးနည်းနည်းပဲရောထားတဲ့ Freddo ကိုတကျိုက်တည်းမော့ချလိုက်တာနဲ့လန်းဆန်းမှုကိုခံစားရမှာပါ။
ကော်ဖီကိုဦးစားပေးရောင်းတယ်ဆိုပေမယ့် နေ့လယ်စာ menu ကောင်းကောင်းလေးတွေလည်းရှိပါတယ်။ ပီဇာကြိုက်သူတွေအတွက်ချိုချိုစပ်စပ်အရသာ Chili Barbecue Chicken Pizza နဲ့ မှိုလေးမျိုးပါတဲ့ Mushroom Pizza တို့ကိုစားကြည့်သင့်တယ်။ Thin crust ဖြစ်တဲ့အတွက်မုန့်သားကပါးလွှာကြွပ်ရွတယ်။ ဆန်းဆန်းပြားပြားအစားအသောက်ကိုမှမြည်းစမ်းချင်သူတွေအတွက် ကော်ဖီပါစတာရှိပါတယ်။ Black coffee ကိုသကြားနည်းနည်းနဲ့အခါးလျှော့ပြီးလုပ်ထားတဲ့အနှစ်ကို ပါစတာခေါက်ဆွဲနဲ့ရောနယ်ပြီးချက်ထားတာပါ။ သက်သတ်လွတ်ဖြစ်ပြီးမွှေးပျံ့ခါးဆိမ့်တဲ့အရသာရှိပါတယ်။
အမဲသားကောင်းကောင်းစားချင်ရင်တော့ rosemary၊ ၀ိုင်နီတို့နဲ့နှပ်ထားတဲ့မိုးခိုသားကို medium အနေအထားကင်ထားတဲ့ beef steak ကိုရွေးချယ်ပါ။ အအီပြေ Organic Nectaring ဆိုတဲ့ drink ကိုမှာပါ။ Oolong tea နဲ့ lemon juice ကိုသရက်နဲ့မက်မွန်သီးရောစပ်ထားတဲ့ဒီဖျော်ရည်ဟာ ချဉ်ပြုံးပြုံးနဲ့ခံတွင်းရှင်းသလို လူကိုလည်းလန်းဆန်းစေပါတယ်။ Latest item ဖြစ်တဲ့ taco ကိုတော့ ကြက်သား၊ အမဲသား၊ ငါးတန်တို့နဲ့ရရှိနိုင်ပါတယ်။
Jack’s ကထူးခြားတဲ့ကော်ဖီအတွေ့အကြုံကိုပေးစွမ်းနိုင်ပြီး အစားအသောက်တွေကလည်းအရသာရှိတယ်။ ဈေးနှုန်းအနေဖြင့်ကြည့်မယ်ဆိုရင်လည်း ကော်ဖီတခွက်ကို ၂၀၀၀ကနေ ၃၀၀၀၀န်းကျင်သာရှိပြီး အစားအသောက်တွေက ၁၀,၀၀၀ အောက်သာရှိပါတယ်။ မည်သည့် gym member card ကိုင်ဆောင်သူမဆို ၁၀ရာခိုင်နှုန်းလျှော့ဈေးရနိုင်ပါတယ်။ ဒါ့အပြင်နေ့အလိုက် discount item တွေရှိတဲ့အတွက် သူ့ Facebook page မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ကိုဖိုးသော်မကြာခဏလာထိုင်တတ်တဲ့အတွက် ကံကောင်းရင်သူနဲ့တောင်တွေ့ခွင့်ရဦးမှာနော်။
ကျွမ်းကျင်တဲ့ barista တွေကသင့်ရှေ့မှာပဲသင့်စိတ်ကြိုက်ကော်ဖီကိုဖျော်စပ်ပေးတဲ့ အတွေ့အကြုံကိုလိုချင်ရင်တော့ Jack’s ကိုတခါလောက်သွားကြည့်လိုက်ပါ။
လိပ်စာ။ ။ အမှတ် 27B၊ မြေညီထပ်၊ သင်္ဂဟလမ်း၊ ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်။
ဖုန်းနံပါတ်။ ။ 09 959 304598
ဆိုင်ဖွင့်ချိန်။ ။ မနက် ၈နာရီခွဲမှ ည ၁၀နာရီ (တနင်္လာနေ့တရက်ပိတ်)