Advertisement

By Nay Thiha

လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး ရန်ကုန်မြို့မှာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူတူကစားရင်း ကော်ဖီသောက်ဓာတ်ပုံရိုက်လို့ရတဲ့ဆိုင်လေးတွေတွေ့လာရပါတယ်။ ရန်ကုန်လူနေမှုစနစ်အရ တိုက်ခန်းကျဉ်းကျဉ်း မိသားစုဝင်များများနဲ့မို့ ခွေးလေးတွေကြောင်လေးတွေချစ်ပေမယ့် မွေးလို့မရတဲ့သူတွေအတွက် ဒီကော်ဖီဆိုင်လေးတွေဟာ ရသေ့စိတ်ဖြေလည်ပတ်ရာတခုဖြစ်လာခဲ့တယ်။

ခုရက်ပိုင်းမှာတော့ Facebook မှာ Lizzo & Mammo ဆိုတဲ့ဆိုင်လေးရေပန်းစားလာတာတွေ့ရတယ်။ ဆိုင်နာမည်လေးကဆန်းတဲ့အပြင် သူ့ concept ကလည်းတခြား pet café တွေထက်ဆန်းသစ်နေပါတယ်။ အဲ့ဒါကတော့မြင်နေကျခွေးလေးတွေကြောင်လေးတွေသာမကဘဲ စပါးအုံးမြွေ၊ လိပ်၊ ပုတ်သင်ညို စတဲ့ရှားရှားပါးပါးတိရစ္ဆာန်လေးတွေကိုပါထားရှိပေးထားတာပါ။ ကန်တော်ကြီးထဲကဒီဆိုင်လေးဟာ ဖွင့်တာတလလောက်တောင်မရှိသေးပေမယ့် customer တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရပါပြီ။ Myanmore Plus ပရိသတ်တွေအတွက်ဆိုင်တည်ထောင်သူတဦးဖြစ်တဲ့ ကိုတေဇနဲ့စကားပြောဖြစ်ခဲ့ပါတယ်။

ကိုတေဇနဲ့အချစ်တော်မြွေမလေး Coral

Lizzo & Mammo ဆိုတာ lizard တွေနဲ့နို့တိုက်သတ္တ၀ါ mammal တွေကိုကိုယ်စားပြုဖို့ပေးထားတဲ့နာမည်ဖြစ်ကြောင်း ကိုတေဇကရှင်းပြပါတယ်။

“ကိုယ်ကတိရစ္ဆာန်လေးတွေကိုချစ်တတ်တယ်၊ သူတို့နဲ့နေရတာပျော်တယ်။ ပြီးတော့မွေးနေကျမဟုတ်တဲ့တိရစ္ဆာန်လေးတွေဟာ ကြောက်စရာလန့်စရာမဟုတ်ဘူး။ တခြားခွေးလေးတွေကြောင်လေးတွေလိုပဲလူတွေနဲ့နေလို့ရတယ်ဆိုတာ သိစေချင်တာနဲ့ဒီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့တာပါ” လို့ကိုတေဇကပြောပါတယ်။

မွေးနေကျမဟုတ်တဲ့တိရစ္ဆာန်လေးတွေကို အခုလိုထိန်းသိမ်းထားရှိတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒီဝေဖန်မှုတွေကိုဆိုင်မဖွင့်ခင်ကမျှော်လင့်ထားမိလားလို့မေးကြည့်တော့ ကိုတေဇကသူ့အမြင်ကိုအခုလိုပြောပြတယ်။

“ဒီ pet café ယဉ်ကျေးမှုဟာဒီမှာသာအထူးအဆန်းဖြစ်နေပေမယ့် ဒေသတွင်းနိုင်ငံတွေမှာရှိနေတာကြာပါပြီ။ နောက်ပြီးတော့ကျနော်တို့ဆီမှာရှိတဲ့တိရစ္ဆာန်လေးတွေဟာ တောတွင်းကဖမ်းလာတာမဟုတ်ပါဘူး။ အိမ်မှာပဲသားဖောက်ပြီးမွေးထားတဲ့ captive breed တွေဖြစ်ပါတယ်။ အိမ်မွေးဖို့ရည်ရွယ်ချက်နဲ့ နှစ်ပေါင်းများစွာသားဖောက်ပြီးနိုင်ငံတကာကိုဖြန့်နေတဲ့ရောင်းနေတဲ့တိရစ္ဆာန်လေးတွေကိုပဲရွေးချယ်ထားတာပါ။ တောထဲကဖမ်းလာတာမဟုတ်တဲ့အတွက် လူတွေနဲ့နေလို့ stress (စိတ်ဖိစီးမှု) မရကြပါဘူး။ တချို့ဆိုရင်လူနားမှာပဲတချိန်လုံးကပ်နေချင်တဲ့ကောင်လေးတွေတောင်ရှိပါတယ်။

“နောက်ပြီးတော့ကိုယ်ကိုယ်တိုင်ကတိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့အတွက် သူတို့ကိုသူတို့နေထိုင်တဲ့သဘာဝပတ်ဝန်းကျင်နဲ့အနီးစပ်ဆုံးတူညီတဲ့ပတ်ဝန်းကျင်မျိုးမှာထားတယ်။ ပြီးတော့တိရစ္ဆာန်လေးတွေကို ၁၅မိနစ်ခြားတခါပဲဧည့်သည်တွေနဲ့အလှည့်ကျထိတွေ့စေတယ်။ မျိုးစိတ်တမျိုးမှာ ၂ကောင်ထားပေးထားတဲ့အတွက် အလှည့်ကျပဲထွက်လာမှာပါ။ ဒါကြောင့်သူတို့မှာ stress ရှိလာမှာမဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုတွေရှိလာမယ်ဆိုတာကိုတော့ တွေးမိပါတယ်။ ဒါပေမယ့်အစ်ကို့ဘက်ကလည်းအကောင်းဆုံးလုပ်မယ်လို့ဆုံးဖြတ်ထားပြီးသားပါ။”

မျိုးစိတ် ၂၀၊ ကောင်ရေ ၅၀ခန့်မွေးထားပေမယ့် ဆိုင်ထဲမှာတော့လူနဲ့ယဉ်ပါးပြီး အန္တရာယ်မရှိတဲ့တိရစ္ဆာန်လေးတွေကိုပဲထားရှိကြောင်းသိရပါတယ်။

လူတဦးလျှင် ၅၀၀၀ကျသင့်မှာဖြစ်ပြီး zoo area တွင်းမှာတနာရီနေခွင့်ရမှာဖြစ်ပါတယ်။ အဆာပြေစားဖို့ ကိတ်မုန့်၊ ဟမ်ဘာဂါလိုအနောက်တိုင်းအစားအစာတွေရနိုင်ပြီး ကော်ဖီ၊ အအေးမျိုးစုံလည်းရှိပါတယ်။

ဒီတိရစ္ဆာန်လေးတွေကိုဘယ်ကမှာယူသလဲလို့မေးကြည့်တဲ့အခါမှာတော့ “တချို့တွေကတော့ပြည်တွင်းမှာမွေးထားတဲ့သူတွေဆီကပြန်ဝယ်တာပါ။ အများစုကိုတော့ထိုင်းကမှာယူပါတယ်” လို့ပြောပါတယ်။

ပွင့်လင်းလာတဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာကယဉ်ကျေးမှုတွေကိုတခုပြီးတခုမြင်လာရပါတယ်။ ခွေးကဖေး ကြောင်ကဖေးတွေနဲ့မတူဘဲတမူထူးခြားနေတဲ့ Lizzo & Mammo ကိုကြိုက်နှစ်သက်ကြတဲ့သူတွေရှိသလို ဝေဖန်တဲ့သူတွေလည်းရှိနေပါတယ်။ Myanmore Plus ကတော့ပရိသတ်ကြီးကို ဒီဆိုင်လေးနဲ့မိတ်ဆက်ပေးလိုက်ပါပြီ။ ဆိုင်ကတိရစ္ဆာန်လေးတွေရဲ့နေထိုင်မှုပုံစံကိုတော့ ကိုယ်တိုင်လက်တွေ့သွားကြည့်ပြီးလေ့လာတာအကောင်းဆုံးပါပဲ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here