By Nay Thiha
Golden Pho ကရန်ကုန်မှာနေထိုင်သူတွေနဲ့စိမ်းတဲ့ဆိုင်တော့မဟုတ်ပါဘူး။ အထူးသဖြင့် Sule Square ကဆိုင်ဟာရုံးဝန်ထမ်းတွေ၊ ဈေးဝယ်ထွက်သူတွေကြားနာမည်ကြီးပါတယ်။ ဗီယက်နမ်အစားအသောက်တွေဟာ အဆီနည်းပြီးဟင်းသီးဟင်းရွက်တွေ များများစားစားပါဝင်တာမို့ ကျန်းမာရေးလိုက်စားသူတွေ ၀ိတ်ထိန်းနေတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Sule Square က Golden Pho မှာတော့နိုင်ငံခြားသားတွေအပြင် မြန်မာလူမျိုးတွေနဲ့ပါစည်ကားနေတတ်တယ်။
နေ့လယ်စာသွားစားမယ်ဆိုရင် အဓိကညွှန်းပေးချင်တာကတော့ Pho ကိုစားကြည့်ဖို့ပါပဲ။ ၆နာရီကြာပြုတ်ထားတဲ့အမဲရိုးဟင်းရည်ဟာ သဘာဝအချိုအရသာဖြစ်ပြီး အချိုမှုန့်မသုံးထားပါဘူး။ ဒါကြောင့်စားပြီးသွားတဲ့အချိန်မှာရေငတ်တာ ဇက်ကြောတက်တာတွေကနေကင်းဝေးစေမှာပါ။ ထူးခြားတာတခုက အမဲညှီနံ့မရတာပါပဲ။ အမဲရိုးစွပ်ပြုတ်၊ ဆိတ်ရိုးစွပ်ပြုတ်တွေဟာ ဟင်းခတ်မနိုင်ရင်ညှီတတ်တဲ့သဘောရှိပါတယ်။ မဆလာလိုအနံ့ပြင်းတဲ့ဟင်းခတ်တွေလည်းမသုံးဘဲ အမဲညှီနံ့ပျောက်အောင်ချက်ထားတာက ဒီ Pho ရဲ့ထူးခြားချက်ပါ။ Recipe ကိုစပ်စုကြည့်တော့ top secret ပါတဲ့။ အမဲသားမစားတဲ့သူတွေအတွက် ကြက်၊ ၀က်၊ ဟင်းသီးဟင်းရွက်စသဖြင့် ရွေးချယ်စရာတွေရှိပါတယ်။ ကျနော်စားတဲ့ Pho ကတော့ Pho Lot ဖြစ်ပြီး မီးအေးအေးနဲ့ချက်ထားတဲ့အမဲသားနဲ့အသားလုံးတွေ ပါဝင်ပါတယ်။

ပုံမှန်ကတော့အချိုအရသာဖြစ်ပြီး အချဉ်အစပ်ကြိုက်သူတွေကတော့ Pho နဲ့အတူပါတဲ့ သံပုရာသီးနဲ့ငရုတ်သီးစိမ်းလေးတွေထည့်စားနိုင်တယ်။ ရှမ်းနံနံနဲ့ထိုင်းပင်စိမ်းကိုခြွေပြီးထည့်စားရင်တော့ အနံ့အရသာပိုကောင်းပါတယ်။ ပဲပင်ပေါက်ပါချပေးထားပေမယ့် မကြိုက်လို့ထည့်မစားဘူးဆိုရင်လည်း အနံ့အရသာပြောင်းလဲခြင်းမတွေ့ရပါဘူး။ ဒါကြောင့် ပဲပင်ပေါက်ကကျနော့်အတွက်တော့ optional ပါ။
ပြီးတော့ Baguette Bo Ne (အမဲမိုးခိုသားနဲ့ပေါင်မုန့်) ကိုမှာလိုက်တယ်။ သူ့ကိုဗီယက်နမ်ရိုးရာအရပြင်သစ်ပေါင်မုန့် baguette နဲ့တွဲဖက်စားရပါတယ်။ ဒါပေမယ့်မြန်မာဆန်ဆန်ထမင်းဖြူနဲ့စားမယ်ဆိုရင်လည်း ပေါင်မုန့်အစားထိုးအဖြစ်ထမင်းမှာယူနိုင်ပါတယ်။ ငရုတ်ကောင်းဆော့စ်နဲ့နှပ်ထားတဲ့အမဲသားကို ကင်ပြီးပြန်ကြော်လိုက်တဲ့အတွက် အသားကပိုနူးညံ့သွားတယ်။ ဇွန်းခက်ရင်းနဲ့တည်ခင်းပေမယ့် ဓားနဲ့ခက်ရင်းသုံးပြီးစားရင်ပိုအဆင်ပြေမှာပါ။ ကြက်ဥကြော်တလုံးပါတဲ့အတွက် နေ့လယ်စာကိုအ၀စားတတ်တဲ့သူတွေအတွက်သင့်လျော်ပါတယ်။ အအီပြေသံပရာရည်နဲ့ပူစီနံကို ရေခဲမှုန်လေးတွေနဲ့ဖျော်ထားတဲ့ Mint Lime ကိုမှာလိုက်ပါ။
ဗီယက်နမ်ကော်ပြန့်စိမ်းကတော့ appetiser အဖြစ်စားရင်ပိုကောင်းပါတယ်။ Special roll ဆိုရင် ကော်ပြန့်စိမ်းထဲမှာပုစွန်နဲ့ဝက်သားရောထားပြီး မုန့်ဟင်းခါးမုန့်ဖတ်၊ ဆလပ်ရွက်၊ မုန်လာဥနီတို့ပါဝင်တယ်။ အချိုအရသာ sauce နဲ့ ရှာလကာရည်နဲ့ fish sauce ရောထားတဲ့ချဉ်စပ်အရသာ sauce နှစ်မျိုးနဲ့တည်ခင်းတယ်။ ကျနော်ကတော့အချိုအရသာရှိတဲ့ sauce ကိုပိုကြိုက်ပါတယ်။ ဟင်းသီးဟင်းရွက်ကော်ပြန့်စိမ်းမှာဆိုရင် တို့ဟူး၊ မှိုတို့ပါဝင်ပြီး ဗီယက်နမ်စာတွေဟာအသားမပါရင်တောင် စားလို့ကောင်းတယ်ဆိုတာတွေ့ရပါတယ်။
အားလုံးစားပြီးသွားတဲ့အခါမှာတော့အစာပိတ်အဖြစ်ဗီယက်နမ်ကော်ဖီကိုမှာလိုက်တယ်။ ကော်ဖီမှုန့်နဲ့ရေနွေးရောထည့်ထားတဲ့စတီးအိုးလေးထဲကကော်ဖီရည်ဟာအောက်ကနို့ဆီထည့်ထားတဲ့ဖန်ခွက်ထဲ တစက်စက်ကျနေတာကိုထိုင်ကြည့်ရတာကလည်း စိတ်အပန်းပြေစရာမြင်ကွင်းတခုပါပဲ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့အစားအသောက်တွေအကြောင်းစားမြုံ့ပြန်ရင်းခေတ္တထိုင်စောင့်ပါ။ ၁၅မိနစ်လောက်ကြာရင်တော့ဆိမ့်ဆိမ့်ခါးခါးဗီယက်နမ်ကော်ဖီအဆင်သင့်ဖြစ်ပါပြီ။ ကော်ဖီအေးကြိုက်တဲ့သူတွေအတွက် ရေခဲနဲ့ပါတွဲဖက်သုံးဆောင်နိုင်ပါတယ်။ Black မှ black ဆိုသူတွေကတော့ နို့ဆီအစားသကြားရည်နဲ့ရနိုင်တယ်။ အစားအသောက်တွေကကျန်ခဲ့တဲ့ aftertaste တွေအားလုံးကိုကော်ဖီခါးခါးလေးကရှင်းထုတ်ပေးပြီး သင့်ကိုတနေ့တာအတွက်အဆင်သင့်ဖြစ်စေမှာပါ။