Advertisement

By Min Ye Kyaw

အသက် ၁၉နှစ်သာရှိသေးတဲ့ အင်ဒရူးတင်အောင်တိုးဟာ အနုပညာအလုပ်တွေဆောင်ရွက်ရာမှာတော့ Y3llO ဆိုတဲ့နာမည်ကိုသုံးပါတယ်။ ၅နှစ်သားကတည်းကတူရိယာအမျိုးမျိုးတီးတတ်တဲ့သူဟာ နောက်ပိုင်းမှာတော့စန္ဒရားကိုဇောက်ချသင်ကြားဖြစ်ခဲ့တယ်။

အသက် ၁၃နှစ်လောက်မှာ DJ အဖြစ်စတင်ခဲ့ပြီး သူအလုပ်စလုပ်ဖြစ်ခဲ့ပုံအကြောင်း အခုလိုပြောပါတယ် “ကျနော် R4R လို့ခေါ်တဲ့ကျောင်းပွဲတခုကိုသွားတော့ ကျနော့်သူငယ်ချင်းတွေဖြစ်လာမယ့် DJ သမား JD တို့ Fakecake တို့နဲ့တွေ့တယ်ဗျ။ သူတို့ဖျော်ဖြေမှုကိုပရိသတ်တွေအားပေးကြတော့ အရမ်းကျေနပ်စရာကောင်းတယ်။ အဲ့ဒါနဲ့ပဲဒီအလုပ်ကိုစွဲလမ်းသွားတယ်။ တေးဂီတဖန်တီးရေးနဲ့ DJ ကိုအဲ့ဒီအချိန်ကတည်းကစလုပ်ဖြစ်သွားတာ။”

ဂီတလောကထဲစတင်ဝင်ရောက်သူအနေနဲ့ ပြိုင်ဘက်တွေအလွန်များတာက စိန်ခေါ်မှုတခုပါလို့သူကဆိုပါတယ်။

“အကြိုက်ဆုံးဂီတအမျိုးအစားရယ်လို့မရှိဘူးဗျ။ သီချင်းတွေအများကြီးနားထောင်ပြီး အမျိုးအစားတိုင်းကိုကြိုက်ပါတယ်။”

သီချင်းကောင်းလေးတွေနားထောင်ရင် စိတ်ကူးဥာဏ်ကွန့်မြူးလို့ကောင်းကြောင်း၊ သူ့သူငယ်ချင်းတွေနဲ့သူတို့ရဲ့ဂီတကိုနားထောင်ရင်းလည်း စိတ်ကူးလေးတွေရတတ်ကြောင်းပြောပါတယ်။

DJ တီးတဲ့အခါသီချင်းနဲ့တီးလုံးချိန်သားကိုက်ဖြစ်အောင်တီးတတ်ဖို့လိုပြီး ကိုယ့်ပရိသတ်ရဲ့အခြေအနေကိုကြည့်တတ်ဖို့လည်းလိုပါတယ်။ အဲ့ဒါကြောင့် Y3llO ဟာကလပ်တွေမှာလူတွေကနေတုန်း သူ့သီချင်းသစ်တွေဖွင့်ပြပြီးပရိသတ်လက်ခံမှုရှိမရှိလေ့လာပါတယ်။

အလုပ်စလုပ်ပြီး ၂လအတွင်းပွဲ ၆ပွဲမှာပါဝင်နိုင်ခဲ့တဲ့အတွက် တာထွက်ကောင်းခဲ့တယ်လို့ဆိုရမှာပါ။ တနေ့တနေ့သီချင်းတွေ mashup လုပ်ရင်း သူ့ကိုယ်ပိုင်သီချင်းတွေဖန်တီးရင်း အချိန်ကုန်လေ့ရှိပါတယ်လို့ဆိုပါတယ်။ ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ Mary တို့အပါအ၀င်အဆိုတော်တွေအများကြီးနဲ့ အခွေတခုလုပ်နေပြီး ၂၀၁၉အစောပိုင်းမှာဖြန့်ချီဖြစ်မယ်လို့ပရိသတ်ကြီးကိုသတင်းပေးလိုက်ပါတယ်။

Y3llO ရဲ့အကြောင်းသူ့ Facebook @yellomusic မှာဖတ်ရှုနိုင်ပါတယ်။ သူ့သီချင်းတပုဒ်ကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here