The Hound of the Baskervilles

ကြောက်စရာခွေးကြီး၊ မြူဖုံးနေတဲ့တောအုပ်၊ အလောင်းတလောင်း။ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတဲ့ Sherlock Holmes စာအုပ်ကောင်းတအုပ်ပါ။ Sir Charles Baskerville ရဲ့အလောင်းကိုတောအုပ်ထဲမှာ ရှာဖွေတွေ့ရှိပြီးတဲ့နောက် စုံထောက်ကြီး Sherlock Holmes နဲ့ Doctor Watson တို့ကသေမှုသေခင်းကို စုံစမ်းရပါတော့တယ်။ လူအများက Baskerville မျိုးဆက်ရဲ့ကျိန်စာကြောင့်သေရတယ်လို့ပြောနေကြပါတယ်။ Sir Charles ရဲ့မျိုးဆက်ကိုအလားတူကံကြမ္မာဆိုးကနေကယ်တင်ဖို့ Sherlock Holmes တို့ကြိုးစားကြပုံကို စိတ်လှုပ်ရှားဖွယ်ရာဖတ်ရှုရတဲ့အတွက် ဘယ်တော့မှရိုးမသွားမယ့်စုံထောက်ဝတ္ထုတအုပ်ဖြစ်ပါတယ်။
The Perks of Being a Wallflower

အရှက်အကြောက်ကြီးပြီးအရွယ်နဲ့မမျှအောင်ဥာဏ်ကောင်းတဲ့ Charlie ဟာအထက်တန်းကျောင်းဆိုတဲ့ ပတ်ဝန်းကျင်မှာအံဝင်အောင်ကြိုးစားနေရပါတယ်။ အထက်တန်းကျောင်းဆိုတာကလည်း အချစ်ဇာတ်လမ်းတွေ၊ သူငယ်ချင်းသစ်တွေ၊ လိင်မှုကိစ္စတွေ၊ မူးယစ်ဆေးတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ကမ္ဘာတခုပါ။ ကပွဲတိုင်းချောင်တချောင်မှာပဲနေပြီး အများကိုလေ့လာနေတတ်တဲ့ Charlie ယောက် တနေ့မှာသူကိုယ်တိုင်ကပွဲကြမ်းပြင်ပေါ်တက်ပြီးပတ်ဝန်းကျင်ကိုအမြင်သစ်တခုကနေ ကြည့်ဖြစ်သွားပါတော့တယ်။ YA ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်းစာဖတ်သူဟာ ဇာတ်လိုက်ဖြစ်သူဆယ်ကျော်သက်ရဲ့နေရာကနေသူ့ကမ္ဘာကြီးကိုစူးစမ်းရှာဖွေရင်း သူနဲ့အတူရင့်ကျက်သွားပါတယ်။
The Reality Frame

ဘ၀နဲ့ပတ်သက်တဲ့အရှိတရားကို ကာလ၊ အာကာသ၊ ဒြပ်ထု၊ ရွေ့လျားမှု၊ စတဲ့အခြေခံစွမ်းအင်တွေကနေ ရှင်းပြထားတယ်။ ဒီအရှိတရားတွေအားလုံးဟာကျနော်တို့ထင်ထားသလို ပြောင်းလဲမရနိုင်တဲ့တရားသေနိယာမတွေမဟုတ်ဘဲ အမြဲလိုလိုပြောင်းလဲနေတဲ့အရာတွေဖြစ်ကြောင်း Brian Clegg ကဆိုတယ်။ ဘာသာရေး၊ ဒဿနစတဲ့အရာတွေသုံးပြီး လူသားတွေဟာအမြဲတမ်းမှန်တဲ့တရားကိုရှာပြီး ကမ္ဘာကြီးအကြောင်းနားလည်ဖို့ကြိုးစားကြတယ်။ သိပ္ပံပညာထွန်းကားလာတဲ့အချိန်မှာတော့ နှိုင်းရသီအိုရီဟာ ကျနော်တို့မိရိုးဖလာယုံကြည်ထားတဲ့ထာဝရမှန်ကန်တဲ့တရားတွေအတော်များများကိုငြင်းဆိုလိုက်တယ်။ သိပ္ပံပညာပိုမိုတိုးတက်လာတာနဲ့အမျှလူသားဖြစ်ရခြင်းရဲ့အနှစ်သာရကိုလည်း ပိုမိုကောင်းမွန်စွာနားလည်လာကြတယ်ဆိုတဲ့အကြောင်းပြောထားပါတယ်။ ဒီစာအုပ်ဟာသိပ္ပံပညာနဲ့မိရိုးဖလာယုံကြည်ကိုးကွယ်မှုတွေကြားက ကွာဟချက်တွေကိုနှိုင်းယှဉ်ထားတာမို့ ဖတ်ပြီးအတွေးတစရတာကတော့အမှန်ပါပဲ။
The Little Prince

ကန္တာရထဲမှာလေယာဉ်ပျက်ကျလို့လမ်းပျောက်နေတဲ့လေယာဉ်မှူးတယောက်ဟာ လူသေးသေးလေးနဲ့တွေ့ပါတယ်။ အဲ့ဒီကောင်လေးကသူ့ကို သိုးပုံဆွဲပေးပါလို့တောင်းဆိုတယ်။ သူလည်းခဲတံနဲ့စာရွက်ကိုထုတ်ပြီး ကောင်လေးပြောတဲ့သိုးပုံကိုဆွဲဖို့ကြိုးစားတယ်။ အဲ့ဒီကနေပြီးတော့ခေတ်အဆက်ဆက်မရိုးနိုင်တဲ့ပုံပြင်လေးတပုဒ်မွေးဖွားလာပါတယ်။ ကလေးဘ၀ရဲ့ဖြူစင်မှုအကြောင်းလို့တင်စားကြတဲ့ဒီဇာတ်လမ်းလေးဟာ ကလေးသူငယ်စာပေလောကမှာတော့ Peter Pan, Secret Garden တို့နဲ့တတန်းတည်းတန်ဖိုးထားခံရပါတယ်။ ရှုပ်ထွေးလှတဲ့လောကကြီးမှာ အရွယ်ရောက်ပြီးသူတွေနဲ့ကလေးသူငယ်တွေကြားအမြင်မတူကြပုံကို သိမ်မွေ့စွာဖွဲ့ထားပါတယ်။
To All the Boys I’ve Loved Before

၁၆နှစ်သမီး Lara Jean Song သူတဘက်သတ်ကြိုက်ခဲ့တဲ့ကောင်လေး ၅ယောက်ကို သူမပြောချင်တဲ့စကားတွေကိုစာနဲ့ရေးထားမိပါတယ်။ တနေ့မှာအဲ့ဒီစာ ၅စောင်ဟာ အဲ့ဒီကောင်လေးတွေဆီမတော်တဆစာတိုက်ကတဆင့်ပို့မိသွားတဲ့အခါမှာတော့ Lara ရဲ့ဘ၀ဟာတမဟုတ်ချင်းပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ရုပ်ရှင်ထွက်တော့လည်းပရိသတ်အားပေးမှုရခဲ့ပါတယ်။