By Nay Thiha
နတ်ဆိုးပူး တစ္ဆေပူးတဲ့အကြောင်းရုပ်ရှင်တွေဟာ ဖော်မြုလာတခုနဲ့လာတတ်ပါတယ်။ ဇာတ်ကောင်သိပ်အများကြီးမပါဘူး၊ သရဲခြောက်တာခံဖို့ကလွဲရင်ဇာတ်ကောင်စရိုက်မရှိဘူး၊ အဓိကဇာတ်ကောင်ဟာအတိတ်ဆိုးတခုခုကနေရုန်းထွက်ဖို့ကြိုးစားနေတဲ့သူ။ The Possession of Hannah Grace မှာလည်းဒီဖော်မြူလာကိုပဲသုံးထားတယ်။
ဘုန်းတော်ကြီးတွေက Hannah Grace ဆိုတဲ့ကောင်မလေးကိုပယောဂကုတာကနေဇာတ်လမ်းစပါတယ်။ ထုံးစံအတိုင်းခန္ဓာကိုယ်ကတွန့်လိမ်ကောက်ကွေးပြီး ညစ်ညစ်ပတ်ပတ်တွေအန်ချတယ်။ နောက်ဆုံးသူ့အဖေကမကြည့်ရက်တော့ဘဲသူ့သမီးကိုခေါင်းအုံးနဲ့ဖိသတ်တယ် (Thanks, dad!)။ များသောအားဖြင့်ဒီလိုပယောဂကုနည်းတွေကမအောင်မြင်တတ်ဘူး။ ထင်ထားတဲ့အတိုင်းပဲ Hannah လည်းသေသွားခဲ့တယ်။

ဒီလိုနဲ့ Hannah အလောင်းဟာရင်ခွဲရုံတခုဆီရောက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် Hannah အလောင်းရောက်လာတဲ့နေ့မှာပဲ အဲ့ဒီရင်ခွဲရုံမှာ ဇာတ်လိုက်မင်းသမီး Megan ကအလုပ်စဆင်းတယ်။ Megan ဟာရဲဝန်ထမ်းဟောင်းတဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့ပတ်သက်ပြီး ၀မ်းနည်းစရာအတိတ်ဆိုးတွေရှိနေတယ်။ အရက်ဖြတ်ပြီးဘ၀ကိုအသစ်ကပြန်စဖို့ ဘ၀ဆုံးသွားတဲ့လူတွေကိုထားသိုရာရင်ခွဲရုံမှာအလုပ်လုပ်တယ်။ သူအလုပ်လုပ်တဲ့ရင်ခွဲရုံရှိတဲ့ဆေးရုံကြီးကတော့ အနည်းငယ်ကျောချမ်းစရာပါ။ မီးတွေမှာ motion sensor ရှိတာကြောင့်လူလာမှ ပွင့်လာပါတယ်။ ဒါကတော့ကြည့်နေတဲ့သူတွေကို jumpscare လေးတွေသုံးပြီး ဖမ်းစားနိုင်ဖို့အားထုတ်မှုတခုပါ။ ဒီနည်းဟာအများအားဖြင့်အောင်မြင်တတ်ပါတယ်။ ခေါင်မိုးပေါ်ကမီးချောင်းတွေကိုလက်ဝါးကပ်တိုင်ပုံစံဆင်ထားကတော့ ခရစ်ယာန်ဘာသာကိုအခြေခံထားတဲ့သရဲကားမှန်း မသိသိအောင် setting ချထားတဲ့ပုံပေါက်နေပါတယ်။
Megan ဟာရောက်လာသမျှလူသေအလောင်းတွေကိုဓာတ်ပုံရိုက် လက်ဗွေယူပြီးမှတ်တမ်းတင်ရတာမို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့လူသေကောင်တွေကိုကြည့်ရတာကြိုက်တဲ့သူတွေကတော့ သဘောကျနိုင်တယ်။ တချို့ကဒီလိုမျိုးတွေမြင်ရမှသရဲကားပီသတယ်လို့ထင်တတ်ကြတယ်လေ။ အထူးသဖြင့် Hannah ရဲ့အသက်မဲ့ခန္ဓာကပီပြင်လွန်းတယ်။ လက်တဘက်ကပုပ်သိုးစပြုနေပြီး လည်ပင်းနဲ့ဝမ်းဗိုက်မှာလည်းဓားရာတွေနဲ့။ မျက်နှာမှာဒဏ်ရာတွေနဲ့၊ မျက်လုံးတွေကပွင့်လို့။ မကြာခင်မှာပဲသူ့အလောင်းကြီးဟာအသက်ဝင်လာပြီး ဆေးရုံတခွင်လျှောက်သွားရင်းအဲ့ဒီညမှာကံဆိုးစွာဂျူတီကျတဲ့ဝန်ထမ်းတွေကိုခြောက်လှန့်သတ်ဖြတ်ပါတော့တယ်။ နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာဆက်လက်စောင့်ကြည့်ကြပါတော့။

ဒီရုပ်ရှင်ကောင်းလားမကောင်းဘူးလားဆိုတဲ့မေးခွန်းကတော့ကြည့်တဲ့သူရဲ့မျှော်လင့်ချက်အပေါ်မှာပဲမူတည်ပါတယ်။ သင်က Paranormal Activities တို့ Hereditary တို့လိုဇာတ်အိမ်ကောင်းပြီး တစိမ့်စိမ့်နဲ့ကျောချမ်းစရာသရဲကားမျိုးကိုမျှော်လင့်တာလား။ အဲ့ဒါဆိုရင်တော့ဒီရုပ်ရှင်ကသင့်အတွက်မဟုတ်ပါဘူး။ The Exorcism of Emily Rose နဲ့ Veronica တို့ကိုရွေးချယ်တာကပိုအဆင်ပြေပါလိမ့်မယ်။ ဒါမှမဟုတ် jumpscare တွေနဲ့ဖော်မြူလာဆန်ပြီး ကြည့်နေစဉ် ၂နာရီလောက်အတွင်းမှာသွေးပျက်စရာမြင်ကွင်းများများပါတဲ့ The Nun လိုကားမျိုးကိုကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကသင့်ကိုဖျော်ဖြေမှုကောင်းကောင်းပေးနိုင်ပါလိမ့်မယ်။