By Min Ye Kyaw
ရန်ကုန်မှာမကြာသေးခင်ကမှဖွင့်လှစ်လိုက်တဲ့ Tipsy Bar ရဲ့ရီဝေေ၀ဖြစ်နေတဲ့မျက်လုံးပုံအမှတ်တံဆိပ်ဟာ တခါတွေ့ပြီးတာနဲ့မှတ်မိနေမယ့် တံဆိပ်မျိုးပါ။ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာတည်ရှိတဲ့ဒီဘားရဲ့ဒီဇိုင်းဟာ ခေတ်မီပြီးအတုမရှိလောက်အောင်ဆန်းသစ်တာမို့ သမားရိုးကျကော့တေးဘားမဟုတ်မှန်းမြင်တာနဲ့သိနိုင်ပါတယ်။

ခေါင်မိုးပေါ်မှာထိုင်ပြီးနေ၀င်ချိန်ရှုခင်းကိုလည်းကြည့်ရှုနိုင်တဲ့အတွက် ဖွင့်တာ ၂ပတ်ကျော်လောက်ပဲရှိသေးပေမယ့် ရန်ကုန်မှာနာမည်ရစပြုလာတာကိုတွေ့ရတယ်။ ဘိလိယက်ကစားတဲ့ခုံလည်းထားပေးထားတဲ့အတွက် စားရင်းသောက်ရင်းအပေါင်းအသင်းတွေနဲ့ကစားနိုင်ပါတယ်။
ဆိုင်ထဲဝင်လိုက်တာနဲ့ ကြက်သားသုပ်ရယ် သံပုရာသီးစိတ်လေးတွေထည့်ထားတဲ့ရေတဖန်ခွက်ရယ်နဲ့ ဧည့်ခံပါတယ်။ ပြီးတော့ menu ကိုကြည့်ကြည့်တဲ့အခါ ဘားတွေမှာရလေ့ရှိတဲ့အဆာပြေစာလေးတွေရယ်၊ အကင်တွေရယ်၊ ပါစတာ၊ စွပ်ပြုတ်နဲ့ အထူးလင်ပန်းဟင်းလျာတွေစုံစုံလင်လင်ရတာတွေ့ရတယ်။

“ဒီမိုကရေစီ” နဲ့ “အီဂျစ်သားတယောက်လိုလမ်းလျှောက်ပါ” ဆိုပြီးနာမည်ဆန်းဆန်းလေးတွေပေးထားတဲ့ drink နှစ်ခွက်ကိုစမှာပါတယ်။ တခွက်ကို ၈၅၀၀ကျပ်ကျသင့်ပါတယ်။ စတီးဘူးထဲထည့်ထားတဲ့ ဒီမိုကရေစီဟာတော်တော်ပြင်းတာတွေ့ရတယ်။ အီဂျစ်သားတယောက်လိုလမ်းလျှောက်ပါကတော့ နည်းနည်းပိုပျော့ပါတယ်။ သူ့ကို Botanist gin, Aperol တို့ကိုစည်ထဲ ၂ပတ်လောက်ရောထည့်ထားပြီးဖျော်စပ်ထားတာပါ။ ပြီးတော့ Sunkist အအေးနဲ့ Mint နည်းနည်းထည့်ထားတယ်။

အစားအသောက်အတွက်တော့ carbonara pasta (၅၅၀၀ကျပ်)၊ Tipsy ၀ီစကီကြက်တောင်ပံ (၄၅၀၀ကျပ်)၊ ပြည်ကြီးငါးကင် (၇၀၀၀ကျပ်) တို့ကိုမှာလိုက်တယ်။ Carbonara ကပျစ်ပျစ်နှစ်နှစ်ရှိပြီး ကြက်တောင်ပံကြော်ကတော့ ဆော့စ်ပူပူလေးဆမ်းထားပြီးဝီစကီနည်းနည်းစပ်ထားတယ်။ ပြည်ကြီးငါးကင်ကတော့ဆားလေးဖြူးထားပြီး ပူစပ်စပ်အရသာရှိတယ်။ အစာပိတ်အနေနဲ့ Takoyaki (၄၅၀၀ကျပ်) ကိုမှာလိုက်ပါတယ်။ ဂျုံမုန့်လုံးထဲ ရေဘ၀ဲတုံးလေးတွေရယ်၊ တန်ပူရာအကြွပ်၊ ဂျင်း၊ ကြက်သွန်နီစိမ်းတို့ဌာပနာပြီးကြော်ထားပါ။

အစားအသောက်ကောင်း အပြင်အဆင်ကောင်းတွေကြောင့် Tipsy ဟာသူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးအနားယူဖို့နေရာကောင်းလေးပါ။ အနာဂတ်မှာ shisha ရှူနိုင်တဲ့အခန်းတခန်းပါ ထည့်သွင်းဖို့စီစဉ်ထားကြောင်းသိရပါတယ်။
Address: 138C New University Avenue
Road, Bahan Township, Yangon
Phone: 09 9719 88897
Opening hours: 5pm – 1am