By Nay Thiha
“အနာဂတ်ဆိုတာဝေေ၀ဝါးဝါးပဲလေ။ အတိတ်ကအရာဝတ္ထုတွေမှာတော့သူ့အဓိပ္ပာယ်နဲ့သူရှိနေတယ်။ ဥပမာ ဒီလက်နှိပ်စက်လေးမှာတစုံတယောက်ကသူချစ်ရတဲ့သူတွေအတွက်စာရေးချင်ရေးဖူးမယ်။ ဒီရေဒီယိုလေးကိုမိသားစုဝင်တွေဝိုင်းဖွဲ့နားထောင်ရင်းကြည်နူးခဲ့ဖူးမယ်။”
မမေချိုဟာ သူစုဆောင်းထားတဲ့ရှေးဟောင်းပစ္စည်းလေးတွေအပေါ်ထားတဲ့သူ့စိတ်ကူးကိုပြောပြတယ်။ ကျနော်ရောက်နေတဲ့နေရာကတော့ ၃၇လမ်းအလယ်လမ်းထဲက Café Deja Brew ဆိုတဲ့ကော်ဖီဆိုင်လေးပါ။ ဆိုင်ရှင်မမေချိုဟာရှေးဟောင်းပစ္စည်းစုတာဝါသနာပါပြီး သူ့ဆိုင်လေးထဲမှာ နေရှင်နယ်ရေဒီယို၊ လက်နှိပ်စက်ကနေ ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေး first edition အထိရှိတယ်။ အစားအသောက် menu တွေကိုလည်းသူ့ဘာသာသူလက်နှိပ်စက်နဲ့ တဂျောင်းဂျောင်းရိုက်လေ့ရှိပါတယ်။



“အစ်မဆိုင်လေးရဲ့ concept ကတော့ရှင်းပါတယ်။ ‘ကာဖီသောက်ပါ’ ဆိုတဲ့အတိုင်း ကော်ဖီကို နို့၊ နို့ဆီ၊ သကြားတွေမထည့်ဘဲ သူ့ချည်းသက်သက်စမ်းသောက်ကြည့်စေချင်တာ” မမေချိုကပြောပြတယ်။
သူ့စကားအတိုင်း pour-over နဲ့ French press နည်းတွေနဲ့ဖျော်တဲ့ကော်ဖီကိုမြည်းစမ်းကြည့်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့ကလုံးဟေးဆိုတဲ့ပအို့ဝ်ရွာလေးကရွာသူတွေစိုက်ပျိုးတဲ့ကော်ဖီစေ့တွေကို သုံးထားတယ်။ ဒီကော်ဖီစေ့တွေဟာအရည်အသွေးကောင်းမွန်တာမို့လူကြိုက်များလာတဲ့အခါ ကျေးရွာဖွံ့ဖြိုးရေးအတွက်လည်းအထောက်အကူဖြစ်လိမ့်မယ်လို့ မမေချိုကဆိုပါတယ်။
Pour-over ဟာအင်မတန်အနုစိတ်တဲ့ကော်ဖီဖျော်နည်းပါ။ ရေရဲ့အပူချိန်ဟာ ၉၅ဒီဂရီအတိအကျရှိရမှာဖြစ်ပြီး ဒီထက်ပိုပူရင်ကော်ဖီမှာတူးနံ့ရနိုင်သလို ဒီလောက်မှမပူရင်လည်းကော်ဖီမနပ်တာမျိုးဖြစ်တတ်ပါတယ်။ စက္ကူဇကာထဲထည့်ထားတဲ့ကော်ဖီမှုန့်နဲ့ရေကိုအညီအမျှထိတွေ့ပေးဖို့ရေနွေးကိုခရုပတ်ဗွေပုံထည့်ပေးရပြီး ကော်ဖီတခွက်အဆင်သင့်ဖြစ်ဖို့ ၁၅မိနစ်လောက်တော့စောင့်ရမှာပါ။ အချိန်ပေးရသလောက် သောက်တဲ့အခါမှာလည်းအရသာထူးကဲပါတယ်။ သောက်ခါစမှာချဉ်ပြုံးပြုံးအရသာရှိပြီး မျိုချလိုက်ရင်တော့ခါးစိမ့်တဲ့အရသာကိုခံစားရမယ်။ ရေသောက်လိုက်ရင်တော့ ချိုမြတဲ့ aftertaste ကျန်ခဲ့ပါတယ်။ French press နဲ့ဖျော်တဲ့ကော်ဖီကတော့ပိုအဆီအနှစ်များပြီးလေးလေးပင်ပင်ရှိတယ်။ အရသာပျော့ပျော့ကြိုက်ရင်တော့ ကော်ဖီနှပ်တဲ့အခါ ၁မိနစ်စောင့်ရပြီး အပြင်းကြိုက်ရင်တော့ ၄မိနစ်စောင့်ရပါတယ်။ အချိန်ပေးနိုင်ရင်တော့ဒီ specialty coffee တွေကိုဆိုင်မှာအေးဆေးထိုင်သောက်ပါ။ အချိန်မပေးနိုင်ဘူးဆိုရင်လည်း takeaway ကော်ဖီတွေသုံးဆောင်နိုင်ပါတယ်။



အစားအစာကြိုက်တဲ့သူတွေအတွက်ကတော့ ကြက်ကင်ထည့်လိပ်ထားတဲ့ချာပါတီကိုညွှန်းပါတယ်။ အသားကင်တုံးလေးတွေကို မရောနိစ်၊ ပူစီနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ/နီတို့နဲ့သုပ်ထားပြီး ချာပါတီထဲထည့်လိပ်တယ်။ ငရုတ်သီးကိုအစေ့တွေထုတ်ပြီးအသားလေးတွေပဲထည့်ထားတဲ့အတွက် အစပ်ကအနေတော်ပဲ။ တချက်ကိုက်လိုက်တိုင်းပူစီနံသင်းသင်းလေးကြောင့်ခံတွင်းမြိန်ပါတယ်။
မုန့်ကြွပ်သားအထူကြီးတွေနဲ့ကြက်တောင်ပံကြော်တွေကိုငြီးငွေ့နေပြီဆိုရင်တော့ ဒီဆိုင်လေးကဗမာကြက်တောင်ပံကြော်ကိုမြည်းစမ်းကြည့်သင့်ပါတယ်။ သူနဲ့တွဲဖက်စားရတဲ့အချဉ်ကတော့ မမေချိုရဲ့ secret recipe ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့သစ်ဥသစ်ဖုတွေထောင်းပြီးဖျော်စပ်ထားတာမို့ ချဉ်ပြုံးပြုံးနဲ့ပူစပ်တဲ့အရသာရှိတယ်။
ဒီဟင်းလျာတွေနဲ့တွဲဖက်ဖို့အကောင်းဆုံးဖျော်ရည်ကတော့ Cocograss ဖျော်ရည်ပါပဲ။ အုန်းစိမ်းရည် (coconut juice) နဲ့စပါးလင် (lemongrass) ကိုပေါင်းစပ်ထားပြီး သံပုရာရည်လေးညှစ်ထားတာမို့ တငုံလောက်သောက်လိုက်တာနဲ့ လန်းဆန်းသွားတယ်။ အအေးဖျော်စပ်ပုံထက်ထူးခြားတာက ပလတ်စတစ်ပိုက်အစားစပါးလင်အရိုးကိုသုံးထားတာပါပဲ။ ပလစ်စတစ်ကိုအတတ်နိုင်ဆုံးလျှော့ချဖို့ ရည်ရွယ်ထားတဲ့အကြောင်း၊ စပါးလင်ရိုးကန်စွန်းရိုးတို့ကိုပိုက်အဖြစ်အစားထိုးဖို့စိတ်ကူးထားကြောင်း မမေချိုကပြောပြတယ်။ စသောက်ခါစမို့ပလတ်စတစ်ပိုက်တွေလောက်တော့မလွယ်ကူဘူး။ ဒါပေမယ့်ရည်ရွယ်ချက်နဲ့ပလတ်စတစ်လျှော့ချရေးအတွက်ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေသုံးထားတာကိုလေးစားမိပါတယ်။ ဒါကြောင့်လည်းစပါးလင်ရိုးလေးပဲသုံးပြီးတခွက်လုံးကုန်တဲ့အထိသောက်လိုက်ပါတယ်။



ကော်ဖီနဲ့အစားအသောက်တွေပြီးတော့ မရိုးနိုင်တဲ့မြန်မာ့ရိုးရာလက်ဘက်သုပ်ချဉ်ငံစပ်နဲ့ ရေနွေးကြမ်းကိုအစာပိတ်အနေနဲ့မှာလိုက်ပါတယ်။ မမေချိုကသူ့အဘွားဖြစ်သူရဲ့သုပ်နည်းအတိုင်း သံပုရာသီးလေးတွေကိုညှပ်ပြီးသုပ်ထားတာပါ။
ဈေးနှုန်းတွေက ၃၀၀၀ ဝန်းကျင်ပဲရှိတဲ့အတွက် စားပျော်ပါတယ်။ ဆိုင်လေးကနည်းနည်းကျဉ်းတဲ့အတွက် အေးအေးဆေးဆေးစာဖတ်ချင်တယ်ဆိုရင်တော့အပေါ်ထပ်မှာထိုင်ပါ။ ကိုယ့်အိမ်ကစာကြည့်စားပွဲမှာ ထိုင်နေသလိုခံစားချက်မျိုးရမယ်။ နံရံကပ်စာအုပ်စင်တွေပေါ်မှာ Jodi Picoult ကနေ စံပယ်ဖြူနုအထိစာအုပ်တွေစုံစုံလင်လင်ထားပေးထားပါတယ်။ ဆိုင်လေးကဒီလမှစဖွင့်တာဖြစ်တဲ့အတွက် menu တွေထပ်တိုးဖို့အစီအစဉ်ရှိကြောင်း၊ လွတ်နေတဲ့နံရံတွေပေါ်မှာဝါသနာရှင်ပန်းချီဆရာတွေရဲ့ လက်ရာတွေကို အခမဲ့ချိတ်ဆွဲပြသခွင့်ပေးဖို့စိတ်ကူးထားကြောင်း မမေချိုကပြောပြတယ်။
Café Deja Brew မှာရှေးဟောင်းပစ္စည်းလေးတွေကိုကိုင်တွယ်ကြည့်ရှုရင်း၊ ကော်ဖီကောင်းကောင်းသောက်ပြီး စာဖတ်ရင်းအားလပ်ရက်ကိုဖြတ်သန်းကြည့်ပါ။ မနက် ၉နာရီကနေ ည ၈နာရီထိဖွင့်ပါတယ်။ ပြီးရင်တော့ဘေးကပ်ရပ်မှာရှိတဲ့ မြန်မာမာတိကာ စာအုပ်ဆိုင်မှာစာအုပ်တွေရွေးတာပေါ့နော်။


