Advertisement

Nay Thiha

ခုရက်ပိုင်းညနေစောင်းလာတာနဲ့ အအေးပိုလာတာကိုခံစားမိမှာပါ။ ရုံးဆင်းတဲ့အခါအိမ်မပြန်သေးဘဲ ရာသီဥတုအေးအေးလေးမှာအပူအစပ်စားချင်တယ်၊ ထိုင်းစာနဲ့မာလာရှမ်းကောတွေကိုလည်းရိုးနေပြီဆိုရင်တော့ ပူပူစပ်စပ်ကိုရီးယားစတိုင်ခေါက်ဆွဲတွေအဓိကရနိုင်တဲ့ Junction City ၅လွှာက YKKO ရဲ့ဘေးမှာဖွင့်ထားတဲ့ ChilliBoom ကိုညွှန်းပေးချင်ပါတယ်။

ဖွင့်တာတလလောက်ပဲရှိသေးတဲ့ဒီဆိုင်လေးမှာထူးခြားတာက အစပ် level ၇ဆင့်အထိရှိတာပါပဲ။ ပုံမှန်အားဖြင့် ၁ နဲ့ ၃အတွင်းကအတော်များများစားနိုင်ကြပြီး ၄နဲ့အထက်ကတော့ challenge level လို့ခေါ်ကြပါတယ်။ ကိုယ်စားနိုင်မယ်ထင်သလောက် အစပ်ကိုတဆင့်ချင်းတင်ပြီးစားကြည့်လို့ရသလိုမစားနိုင်တော့တဲ့အခါပြန်လျှော့ခိုင်းလို့လည်းရပါတယ်။ ဒါကြောင့်အရမ်းစပ်ရင်ငါစားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စရာမလိုပါဘူး။

ဒီဆိုင်ရဲ့ထူးခြားချက်ကခေါက်ဆွဲဟင်းလျာတွေအားလုံးမှာ ramen ခေါက်ဆွဲကိုသုံးထားတဲ့အတွက် ခေါက်ဆွဲသားဟာနူးညံ့ပြီးအရသာပြည့်ဝတာပါပဲ။ တယောက်တည်းသွားမယ်ဆိုရင်တော့ Beef Noodle Soup ကိုအရင်စမ်းကြည့်ပါ။ ကင်ချီအနှစ်နဲ့လုပ်ထားတဲ့ဟင်းရည်ဟာအဆီနည်းပြီး ချိုချိုစပ်စပ်အရသာရှိပါတယ်။ ကျနော်ကတော့ Beef Soup ကို Level 2 နဲ့စားခဲ့ပါတယ်။ ခေါက်ဆွဲကြော်ကြိုက်တယ်ဆိုရင်တော့ Lunch Set ကိုရွေးပါ။ ပုစွန်၊ ကင်းမွန်၊ ငါးအသားလုံး၊ ဂဏန်းချောင်းတွေပါတဲ့ ခေါက်ဆွဲကြော်ဟာ ကင်ချီအနှစ်နဲ့ခေါက်ဆွဲကိုလုံးပြီး ဒယ်အိုးထဲကြော်ထားတာမို့ ဆီမများဘဲချိုစပ်စပ်အရသာရှိတယ်။ သူနဲ့တွဲစားဖို့ လတ်ဆတ်တဲ့ပင်လယ်ရေညှိနဲ့ တို့ဟူးတွေထည့်ထားတဲ့ဟင်းသီးဟင်းရွက်ဟင်းရည်တခွက်နဲ့ ကိုကာကိုလာတခွက်ပါပါတယ်။ ဒါကြောင့်ခေါက်ဆွဲကြော်ကို အစပ် Level 3 လောက်အထိတင်ပြီး စားကြည့်သင့်ပါတယ်။ စပ်ရင်ဟင်းရည်ချိုချိုလေးသောက်ရုံပါပဲ။

သူငယ်ချင်း ၃ယောက်လောက်စုပြီးသွားမယ် ဒါမှမဟုတ် ကိုယ့်ချစ်သူနဲ့သွားမယ်ဆိုရင်တော့ ChilliBoom Spicy Noodle (The Lot) ကိုစားကြည့်ပါ။ ကင်ချီအနှစ်နဲ့ချက်ထားတဲ့ခေါက်ဆွဲပြုတ်ထဲမှာ ကြက်၊ ၀က်၊ အမဲသား၊ ပုစွန်ထုပ်၊ ကင်းမွန်၊ ဂဏန်းချောင်း၊ ငါးအသားလုံး၊ ကြက်ဥချောင်းတွေပါပြီး မှို ၅မျိုးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်ပါတယ်။ သူ့ကိုတော့ Level 3 ကစပြီးစားကြည့်တယ်။ နည်းနည်းခံနိုင်လာတဲ့အခါ Level 4 အထိတင်ပြီး စားကြည့်ခဲ့ပါတယ်။ စဖွင့်ကတည်းကနေအခုချိန်ထိ စားသုံးသူတွေက Level 4 ကိုအမြင့်ဆုံးထားပြီးစားကြည့်ကြတယ်လို့ store manager မအေးနန္ဒာကျော်ကဆိုပါတယ်။

ဟင်းပွဲတွေထဲမှာပါတဲ့အသားနဲ့အရွက်တွေအပြင်ထပ်စားချင်သေးတယ်ဆိုရင်တော့ add-on အဖြစ်အသားနဲ့အရွက်မျိုးစုံကို ဈေးနှုန်းသက်သက်သာသာနဲ့မှာယူနိုင်ပါသေးတယ်။ Menu အသစ်အဖြစ် သစ်သီးဖျော်ရည်၊ ဗီယက်နမ်ကော်ဖီ၊ bubble tea၊ ကိုရီးယားကင်ချီထမင်းကြော်တို့ ထပ်တိုးဖို့ရှိတယ်လို့လည်းသိရပါတယ်။ ဘာပဲပြောပြော ChilliBoom ဟာအပူအစပ်ကြိုက်သူတွေနှစ်သက်မယ့်ဆိုင်မျိုးပါ။ ကိုယ့်သူငယ်ချင်းတွေကြား ဘယ်သူအစပ်ဘယ်လောက်စားနိုင်လဲလို့စိန်ခေါ်ပြီးစားချင်တယ်ဆိုရင်လည်းရတယ်နော်။ အရမ်းစပ်လို့မစားနိုင်တော့ဘူးဆိုရင် ဖော်ရွေပျူငှာတဲ့ဝန်ထမ်းတွေက သင့်စိတ်ကြိုက်အနေအထားရောက်အောင်ပြုပြင်ပေးပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here