Advertisement

By Sithu Han

မန္တလေးမြို့မှာ မြန်မာအစားအစာတွေကို ရိုးရာပုံစံနဲ့ ခမ်းခမ်းနားနား သုံးဆောင်နိုင်မယ့် ဆိုင်ကတော့ ဒေါင်းလန်းကြီးဆိုင်ပါ။ ထူးခြားတဲ့ ဆိုင်အပြင်အဆင်က အညာအငွေ့အသက်တွေ လွမ်းခြုံနေတာကို တွေ့ရာမှာဖြစ်ပြီး ထန်းပင်၊ ထန်းရွက်တွေနဲ့ ဆိုင်အတွင်းမှာ အလှဆင်ထားပုံက စားသုံးသူတွေအတွက် အလွန်ဆွဲဆောင်မှုရှိတာကို တွေ့ရမှာပါ။

မြန်မာလူမျိုးတွေရဲ့ ရှေးရိုးရာရဲ့စားသောက်တဲ့ပုံစံဖြစ်တဲ့ ဒေါင်းလန်းနဲ့ စားတဲ့ပုံစံကို ဆက်လက်ဖော်ဆောင်ပြီး ခေတ်နှင့်အညီ ကျန်းမာရေးအတွက် မိသားစုဝိုင်းဖွဲ့စားသောက်ပုံစံကို ဆန်းသစ်ထားတာဖြစ်ပါတယ်။

 မြန်မာအစားအစာများကို အဓိကရောင်းချတာကြောင့် ဟင်းပွဲတိုင်းက စားသုံးသူတွေ အကြိုက်တွေ့စေနိုင်တဲ့ ဟင်းလျာတွေပဲ ဖြစ်ပါတယ်။ ဒေါင်းလန်ကြီးစားတော်ပွဲကတော့ (၆)ယောက်စာနဲ့ (၃)ယောက်စာ မှာယူနိုင်ပြီး အသားဟင်း(၂)မျိုး၊ အသားကြော်(၂)မျိုး အရန်ဟင်း၊ အသုပ်၊ ဟင်းရည်တို့ဖြင့် ဖွယ်ဖွယ်ရာရာ သုံးဆောင်နိုင်မှာပါ။

စားခဲ့တဲ့ဟင်းလျာတွေထဲမှာတော့ ပုဇွန်နဲ့ ကြက်သားအရသာက အရသာအတော်လေးကောင်းမွန်ပြီး အရန်ဟင်းတွေကလည်း စုံလင်တာကြောင့် ထမင်းစားရမှာ ပိုမြိန်စေပါတယ်။ နေကြာဆီကိုပဲ အသုံးပြုထားပြီး အချိုမှုန့် လုံးဝမသုံးပဲ ပုဇွန်ခြောက်မှုန့်ကိုပဲ အဓိက အသုံးပြုထားတာပါ။ ဟင်းပွဲတိုင်းရဲ့ အရသာပိုင်းက အိမ်ချက်လက်ရာဖြစ်တာကြောင့် စားသုံးသူတွေအတွက် အလွန်ခံတွင်းတွေ့စေပါတယ်။

ထမင်းစားသုံးပြီးချိန်မှာ အချိုပွဲက ဘူဖေးပုံစံ သုံးဆောင်နိုင်ပြီး မြန်မာမုန့်မျိုးစုံနဲ့ ရာသီအလိုက် သီးနှံတွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။ ခမ်းနားတဲ့ဆိုင်ရဲ့ အပြင်အဆင်က စားသုံးသူတွေကို အညာအငွေ့အသက် တွေကြား ရိုးရာဟင်းလျာတွေကို အရသာရှိရှိ သုံးဆောင်နိုင်မှာ ဖြစ်ပြီး ညခင်းတွေမှာလည်း မြန်မာ့ပတ္တလား၊ ဆောင်းတို့ဖြင့် တီးခတ်ဖျော်ဖြေနေကြဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မန္တလေးကို ရောက်ဖြစ်ခဲ့မယ်ဆိုရင်  ဒေါင်းလန်းကြီးကိုသွားစားကြည့်သင့်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here