Advertisement

မြန်မာနိုင်ငံအနေဖြင့် မတ်လ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဆင်ပြတိုက် (Myanmar Elephant Museum) ဖွင့်လှစ်ခြင်းနှင့် ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်း များနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ကျင်းပပြုလုပ်ပြီး နိုင်ငံ့ရတနာ ဖြစ်သော ဆင်များအားဂုဏ်ပြုသွားမှာဖြစ်ပါတယ်။

မြန်မာ့ဆင်ပြတိုက်ဟာ မြန်မာနိုင်ငံမှာပထမဆုံးဖွင့်လှစ်ပြသတဲ့ဆင်ပြတိုက်တစ်ခုဖြစ်ပြီး မြန်မာ့သမိုင်းမှာ‌တောဆင်ရိုင်းနှင့် အိမ်မွေးဆင်များ၏ အရေးပါသော အခန်းကဏ္ဍကို ပြသသွားမည်ဖြစ်သကဲ့သို့ ယ‌နေ့အချိန်တွင် ၄င်းတို့ ရင်ဆိုင်ကြုံတွေ့နေရ‌သော ခြိမ်း‌ခြောက်မှုများ၊ ရေရှည်ရှင်သန်ရပ်တည်နိုင်ရန် ‌ဆောင်ရွက်နေ‌သော အစီအစဉ်များကိုပါ ထည့်သွင်းပြသသွားမှာပါ။ ဆင်ပြတိုက်သည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းခင်းကျင်းထားခြင်းဖြစ်ပြီး သစ်‌တောဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဆင်‌တွေနဲ့ လူ‌တွေက ဟိုးအရင်ကတည်းက‌ အတူတကွ နေထိုင်ခဲ့ကြတာပါ။ ဒီဆင်ပြတိုက် ဖွင့်လှစ်လိုက်တာက အဲ့ဒီ ရင်းနှီးတဲ့ ဆက်ဆံ‌ရေးကို အသိအမှတ်ပြုဖို့နဲ့ ဆင်တွေကို တရားမဝင် အမဲလိုက် သတ်ဖြတ်တဲ့ ပြဿနာ‌တွေကြောင့် ဆင်‌တွေ‌ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု အန္တရာယ်‌တွေကို အသိပညာ‌ပေးဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆင်တွေမရှိ‌တော့တဲ့ မြန်မာနိုင်ငံဆိုတာဟာ မတွေးဝံ့စရာပါပဲ။ ဒါကြောင့် ဒီရတနာတန်းဝင် သတ္တဝါကြီးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့  ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးပမ်းကြရမှာဖြစ်ပါတယ်” ဟု သစ်‌တောဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာ ညီညီ‌ကျော်က ‌ပြောကြားခဲ့ပါတယ်။

ဤဆင်ပြတိုက်ကို   ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar) မှ ငွေကြေးထောက်ပံ့ထားပြီး WEER အမည်ရှိ  မြန်မာလူငယ် ဗိသုကာအဖွဲ့မှ တာဝန်ယူ ဒီဇိုင်းဆွဲပေးခဲ့ပြီး ရုပ်ပုံကားချပ်များ၊ ဆင်အရိုးစုနှင့် အစိတ်အပိုင်းများ၊ ဆင်များ၏ အလေ့အထများနှင့် အကြောင်းအရာများစွာကို ရုပ်သံပြကွက်များ၊ ကိုင်တွယ်ထိတွေ့ကြည့်ရှုနိုင်သည့် ပြကွက်များဖြင့် ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ မည်သူမဆို လာရောက် လေ့လာ ကြည့်ရှုနိုင်မှာပါ။

“မြန်မာနိုင်ငံရဲ့ ပထမဆုံး‌ ဆင်ပြတိုက်ကို ရန်ကုန်မှာ ဖွင့်လှစ်တာမို့ ရန်ကုန်တိုင်းဒေသကြီးအ‌နေနဲ့ အရမ်းကို ဂုဏ်ယူပါတယ်။ ပြသထားမှာတွေက ပြည်တွင်း၊ ပြည်ပ ဧည့်သည့်တွေကိုပါ အဆင်‌ပြေအောင်လို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စီစဉ်ထားပြီး အပြန်အလှန်လှုပ်ရှားမှု ဖလှယ်ရတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပညာ‌ရေးဆိုင်ရာ သင်‌ထောက်ကူ ပစ္စည်းတွေကိုပါ ထည့်သွင်းထားပါတယ်” ဟု ရန်ကုန်တိုင်း‌ဒေသကြီး သစ်‌တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသိန်းတိုးက ပြောကြားသွားခဲ့ပါတယ်။

“ဒီဆင်ပြတိုက်ဖွင့်ဖို့ အတွက် WWF အနေနဲ့  အစိုးရကို ပံ့ပိုးကူညီခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ဒီလိုဖွင့်လှစ်လိုက်ခြင်းက အသိပညာမြှင့်တင်ဖို့ ကို ပိုပြီးဖန်တီးအားပေးစေမှာပါ။ ဒါပေမဲ့ အသိပညာပေးသလို တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုပါ ယှဉ်တွဲဆောင်ရွက်မှသာ ကျွန်တော်တို့  အနေနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြောင်း သိဖို့ ၊ ကြည့်ဖို့ ဆိုရင် ပြတိုက်ထဲမှာသာ သွားကြည့်နိုင်မယ့်အဖြစ်ကို ရှောင်လွှဲနိုင်မှာပါ” လို့  WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး ခရစ္စတီး ဝီလျံကပြောကြားသွားပါတယ်။

လက်ရှိ‌မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများ၌ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀ဝ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃၀ဝ၀ မှ ၅၀ဝဝ ခန့်အထိ ရှိပါတယ်။ မြန်မာနိုင်ငံတွင်  ဆင်များအား အမဲလိုက်သတ်ဖြတ်သည့် ပြဿနာကို မကြုံစဖူး ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ ဆင်သတ်ဖြတ်ခံရမှု ပမာဏအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး ဆင်တစ်ကောင်နှုန်းအထိ အသတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ တောဆင်ရိုင်းများကိုသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင်၊ ‌မွေးမြူထား‌သောဆင်များကိုပါ ပစ်မှတ် ထား သတ်ဖြတ်လာကြတာကိုတွေ့ရပါတယ်။ မြန်မာ့ဆင်ပြတိုက် အသစ်ဖွင့်လှစ်ခြင်းနှင့်အတူ ဖမ်းဆီးရမိသော ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဒုတိယအကြိမ်‌မြောက် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကိုပါကျင်းပမှာဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here