By Sithu Han
နေဝင်ချိန်ကျော်လွန်ပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်း အအေးဓါတ်ပိုကဲလာတဲ့ မန္တလေးညခင်းမှာ စားမယ်အဖွဲသားတွေဟာ ဟော့ပေါ့စားရင်း အအေးဓါတ်နဲ့ လိုက်လျှောညီထွေရှိဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။
ဒီတစ်ခေါက် သွားစားဖြစ်တဲ့ ဆိုင်လေးကတော့ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား၊ ခိုင်ရွှေဝါ လမ်းမှာတည်ရှိတဲ့ HotPot Time ဆိုတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကို ရွှေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းကတော့ Halal ဆိုင်ဖြစ်သလို Zero Percent Alcohol ဆိုင်လေးဖြစ်တာကြောင့် အေးအေးဆေးဆေး ထိုင်ချင်တဲ့ မိသားစုတွေ၊ လူကြီးပိုင်းတွေအတွက် အထူးသင့်တော်တဲ့ ဆိုင်လေးပါ။
HotPot Time မှာ ဟော့ပေါ့အတွက် Thai Tom Yum၊ Hot Chilli Broth၊ Spicy Sichuan Broth၊ Megical Detox Broth ဆိုတဲ့ Soup လေးမျိုးကို ရရှိနိုင်ပါတယ်။ Spicy Sichuan နှင့် Megical Detox တို့ကို မှာယူစားသောက်ရာမှာတော့ ကောင်းမွန်တဲ့အရသာကို ခံစားနိုင်မှာဖြစ်ပြီး အချို၊ အစပ် မျှတတဲ့ ဟင်းရည်နှစ်မျိုးပါ။
စီချွမ်ဟင်းရည်ဟာ မူလ ဝက်သားနဲ့ ချက်ပြုတ်ရတာဖြစ်ပေမယ့် HotPot Time ကတော့ Halal ဆိုင်ဖြစ်တာကြောင့် ဟောင်ကောင် စားဖိုမှူးဆီကနေ Recipe ဝယ်ယူပြီး ကြက်အရိုးနဲ့ ချက်ပြုတ်ကာ စီချွမ်အရသာ ရရှိအောင် ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။
အသီးအရွက်တွေနဲ့ အသားအငါးတွေက သန့်ရှင်းလတ်ဆတ်သလို ဟင်းရည်ရဲ့ အရသာက အတော်ကောင်းလွန်းတာကြောင့် စာသုံးသူကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ တုံယမ်း၊ စီချွမ် ၊ မာလာဟင်းရည်ကတော့ အစပ်နည်းနည်းလေးကဲပေမယ့် ကြက်ဆေးပေါင်း(Megical Detox)နဲ့ တွဲစပ်မယ်ဆိုရင်တော့ အတော်လေးဆွဲမတ်စရာပါပဲ။
ဆိုင်ရဲ့ နာမည်ရတဲ့ အစားအစာတွေထဲမှာတော့ စီချွမ်၊ တုံယမ်း ဟင်းရည်တွေနဲ့ မာလာရှမ်းကောတို့က လူကြိုက်များကြပါတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင်တော့ လူပြည့်နေတက်တာကြောင့် စောစောသွားရောက်ဖို့လိုပါတယ်။ ဆိုင်ဖွင့်လှစ်တာ (၂)လအတွင်းမှာပဲ ရှိသေးပေမယ့် စားသုံးသူများလာတာကြောင့် ဆိုင်ထပ်ချဲ့ဖို့ ပြင်ဆင်နေပြီး သင်္ကြန်တွင်းမှာလည်း ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ရွှေမန်းသူရွှေမန်းသားတွေကိုရော မန္တလေးကိုလည်ပတ်ဖို့ရည်ရွယ်ထားတဲ့ ရန်ကုန်သူရန်ကုန်သားတွေကိုပါအသိပေးလိုက်ပါတယ်။