Advertisement

By Nay Thiha

ဦးတည်ရာမဲ့ပျံသန်းနေတဲ့လိပ်ပြာလေး၊ သူ့နောက်ကိုမျှော်လင့်တကြီးနဲ့လိုက်နေတဲ့ ကောင်လေးတယောက်၊ အိပ်မက်ဆန်တဲ့ကမ္ဘာတခု။ ဒါတွေကတော့ Big Bag ရဲ့နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “သတိရတယ် (Grounded)” music video ထဲကပြကွက်တွေပါ။ ဆန်းသစ်တဲ့ဒီစိတ်ကူးဟာ Pencell Studio ရဲ့လက်ရာတခုဖြစ်ပါတယ်။ ဒီ music video အတွက် Pencell Studio ဟာ နော်ဝေနိုင်ငံက Ringerike International Youth Film Festival 2018 မှာ Best Music Film Award ကိုရခဲ့တယ်။ ဒီဆောင်းပါးမှာတော့ Pencell Studio ရဲ့ art director ကိုနိုဘယ်အောင်ရဲ့အကြောင်းပြောပြချင်ပါတယ်။

ကိုနိုဘယ်အောင်

၂၀၁၇ခုနှစ်မှာ ကိုနိုဘယ်ဟာညီဖြစ်သူကိုဉာဏ်ကျယ်စေနဲ့ Pencell Studio ကိုပူးတွဲတည်ထောင်ခဲ့တယ်။ နိုင်ငံကျော်ကာတွန်းဆရာ ဆရာအော်ပီကျယ်ရဲ့သားတွေဖြစ်တာနဲ့အညီ သူ့အဖေဟာသူ့ရဲ့လက်ဦးဆရာပါပဲလို့ ကိုနိုဘယ်ကဆိုတယ်။

“အရင်ဆုံး မြင်ဆရာက အဖေ။ အဖေက အဲ့ဒီတုန်းက ကြော်ငြာ Animation တွေ လုပ်ဖြစ်နေတော့ သူ့ဆီက Animation တခု ဘယ်လိုလုပ်လဲ စပြီးလေ့လာဖြစ်တယ်။ အရှိန်ကအဲ့ဒီကနေဆက်တိုက်ရသွားပြီး တော့ကိုယ့်ဟာကိုယ် စာအုပ်တွေကတဆင့်၊ အင်တာနက်ကတဆင့်ဆက်လေ့လာဖြစ်ခဲ့ပါတယ်” လို့သူကပြောတယ်။

ကိုနိုဘယ်ဟာဟာသဉာဏ်ရွှင်ပြီးဖော်ရွေတဲ့သူပါ။ Pencell Studio ကိုမတည်ထောင်ခင်က သူ့ရဲ့ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ပညာရေးက Information Technology နဲ့ ပြီးခဲ့တော့ Programmer အလုပ် အရင်ဆုံးလုပ်ဖြစ်ခဲ့တာ။ အဲ့တုန်းကကိုယ်ဟာကိုယ်ဘာလုပ်နေခဲ့လဲတောင်မသိဘူး။ နောက်တော့ ပိုဝါသနာပါတဲ့ဘက်ကို ဖြည်းဖြည်းချင်းပြောင်းယူရတယ်။”

ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့သွားပြီးတဲ့နောက်ပိုင်းမှာတော့ ကိုနိုဘယ်ဟာသူဝါသနာပါတဲ့ ရုပ်ပြကာတွန်း အနုပညာကိုဇောက်ချလုပ်ကိုင်ခဲ့တာအခုထိပါပဲ။ သူဟာကာတွန်းနဲ့ပတ်သက်တဲ့လုပ်ငန်း တော်တော်များများကိုလည်းလုပ်ကိုင်ခဲ့ဖူးပါတယ်။

“၂၀၁၄ နှစ်ကုန်ပိုင်းမှာ သူငယ်ချင်း ၄ ယောက်လောက်နဲ့ ပေါင်းပြီး Joosk Studio ဆိုတဲ့ ကုမ္ပဏီတခု စလုပ်ဖြစ်တယ်။ ပုံတွေအများကြီးဆွဲမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့။ လူ ၄၊ ၅ ယောက်နဲ့ပဲ စတာ။ ၂၀၁၅ နောက်ပိုင်းမှာ Animation ကို Team နဲ့ စပြီးလုပ်ဖြစ်ခဲ့တယ်။ ‘ဂွမ်းတက္ကသိုလ်’ ဆိုတဲ့ Animation Series Project မှာ ဦးဆောင်ပြီးလုပ်ခဲ့တယ်။ Director အနေနဲ့ပါ။ အဲ့ဒီမှာ Teamwork နဲ့ အလုပ်လုပ်တာကို စပြီးစမ်းသပ်လုပ်ကိုင်ခဲ့တာပဲ။ ‘ဂွမ်းတက္ကသိုလ်’ လည်းလူကြိုက်များခဲ့တယ်။ ၂၀၁၆နှစ်ကုန်မှာ အကြောင်းမျိုးစုံကြောင့် Joosk ကနေနားခဲ့တယ်။ ကျွန်တော်အရမ်းစီးပွားရေး မလုပ်ချင်သေးတာလည်းပါတယ်။”

သတိရတယ် MV ဖန်တီးမှုနဲ့ပတ်သက်ပြီးမေးကြည့်တော့ “Pencell မှာ လုပ်တဲ့ Project တိုင်းလိုလို အဖွဲ့လိုက်စဉ်းစားကြတာများပါတယ်။ သတိရတယ် MV မှာ အဓိကက ကျွန်တော့်ညီ ဉာဏ်ကျယ်စေပါ။ သူက Director ဆိုတော့ သူ့ Feeling တွေ၊ အယူအဆတွေ အများကြီးပါတယ်။ ကျွန်တော်နဲ့ နောက် ၃ ယောက်လောက်က ရုပ်ထွက်ပိုင်းကို အာရုံစိုက်ရတာပါ” လို့ပြောပါတယ်။

အတတ်ပညာပိုင်းမှာ Studio Ghibli ရဲ့ပဲ့ကိုင်ရှင် Hayao Miyazaki ကိုလေးစားတဲ့ကိုနိုဘယ်ဟာ အနုပညာရှင်တယောက်အတွက်ကိုယ်ပိုင်ဟန်ရှိဖို့လိုအပ်တာနဲ့ပတ်သက်ပြီး “ကျွန်တော့်ကိုယ်ပိုင်ဟန်က Japanese Art Style ဘက်ကိုယိမ်းနေတယ်။ ငယ်ငယ်ကအရမ်းရူးခဲ့တော့။ အမြဲတမ်းကိုယ်ပိုင်ဟန်ရအောင် လေ့ကျင့်နေရတယ်။ Art Style မှ မဟုတ်ဘူး။ Directing Style ရော၊ Screenplay လို့ခေါ်တဲ့ အပြပိုင်းရော လေ့ကျင့်နေဆဲပဲ။”

Animated ရုပ်ရှင်တွေဟာလူအင်အားငွေအင်အားများစွာရင်းနှီးမြှုပ်နှံရတဲ့အလုပ်ဖြစ်ပါတယ်။ တစက္ကန့်စာလှုပ်ရှားမှုတခုအတွက် အနည်းဆုံးပုံ ၂၄ပုံရေးဆွဲရတယ်။ Animated ရုပ်ရှင်တွေထုတ်လုပ်ဖို့ စီစဉ်ထားတာရှိမရှိမေးကြည့်တော့အခုလိုပြောပါတယ်။

“နိုင်ငံခြား animated ရုပ်ရှင်တွေပြီးသွားတဲ့အခါပြလေ့ရှိတဲ့ဖန်တီးသူစာရင်းမှာလူအယောက် ထောင်နဲ့ချီပြီးရှိတာကိုတွေ့ဖူးမှာပါ။ သူတို့ကရုပ်ရှင်တစ်ကားကို ပျမ်းမျှ ၃ နှစ်လောက် လုပ်ရပါတယ်။ ဒီအယောက်တထောင်ကို ၃ နှစ်လစာပေးဖို့ဆိုတာမလွယ်ဘူး။ ကျွန်တော်တို့ကလူကိုအနည်းဆုံးနဲ့ အချိန်ကို အတိုဆုံးဖြေရှင်းရမှာပါ။”

အရည်အသွေးမီကာတွန်းရုပ်ရှင်တွေဖြစ်လာဖို့ ပရိသတ်ရဲ့အားပေးမှု၊ ခိုင်မာတဲ့မူပိုင်ခွင့်ဥပဒေ၊ ထုတ်လုပ်သူတွေရဲ့ပံ့ပိုးမှုတွေလိုအပ်ကြောင်း၊ အချိန်တိုတိုနဲ့အကောင်းဆုံးရလဒ်တွေ ဖန်တီးနိုင်တဲ့ ပါရမီရှင်တွေလိုအပ်ကြောင်းထောက်ပြသွားခဲ့ပါတယ်။

အခုဆိုရင်တော့ Pencell Studio မှာအဖွဲ့ဝင် ၃၀ရှိနေပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် ကျင်းပတဲ့ Asean University Games 2018 အားကစားပွဲအတွက် Promo Animation Video ကို ဖန်တီးပေးထားပါတယ်။ လတ်တလော Facebook ပေါ်မှာ သူတို့ဖန်တီးထားတဲ့ JCGV messenger bot promo ကပရိသတ်စိတ်ဝင်စားမှုရနေတယ်။ Music video တခုချပြသွားဖို့အစီအစဉ်ရှိတယ် လို့လည်းပြောပါတယ်။

“Animation ဝါသနာရှင်တွေအတွက်ကတော့ Animation ကိုလုပ်ဖို့အနည်းဆုံး ပုံအခြေခံဆွဲတတ်ဖို့လိုတယ်။ တယောက်တည်းလုပ်ဖို့ အရမ်းမကြိုးစားပါနဲ့။ မြန်မြန်ပြီးချင်ရင် တယောက်တည်းလုပ်၊ ဝေးဝေးသွားချင်ရင် Team နဲ့ လုပ်ပါ” လို့ဝါသနာရှင်လူငယ်တွေအတွက် စကားလက်ဆောင်ပါးသွားခဲ့ပါသေးတယ်။

(Pencell Studio ရဲ့ဖန်တီးမှုတွေကိုအောက်ပါဗီဒီယိုတွေမှာကြည့်ရှုနိုင်ပါတယ်)

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here