Advertisement

ကိုမင်းရဲကျော်ကရန်ကုန်မြို့ရဲ့ ထွန်းတောက်စပြုလာတဲ့ indie band General Tiger Gun နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

တစ်မြို့လုံးမှာ indie တေးဂီတတွေလွှမ်းခြုံမိလာတာ နှစ်အနည်းငယ်ကြာခဲ့ပြီမို့ မြို့သူမြို့သားတွေအနေနဲ့ မြူးကြွတဲ့ဂစ်တာသံတွေ ထူးခြားသစ်လွင်တဲ့သီချင်းစာသားတွေနဲ့ အသားကျလာကြပါပြီ။ General Tiger Gun ဟာဒီတေးဂီတအုပ်စုထဲအပါအ၀င်ဖြစ်ပြီး ကျွန်တော့်အနေနဲ့ အဖွဲ့ဝင် ၄ယောက်ထဲက ၂ယောက်ဖြစ်တဲ့ ပင်တိုင်အဆိုတော် ဗညားဒွေး (၂၅နှစ်) နဲ့ ဂစ်တာသမား ဂျူးဂျူး (၂၆နှစ်) တို့နဲ့တွေ့ဆုံစကားပြောကြည့်ပါတယ်။

၂၀၁၂ခုနှစ် စက်တင်ဘာမှာ ဂျူးဂျူးတစ်ယောက် သူတို့အဖွဲ့ဝင်တစ်ဦးဖြစ်လာမယ့် ဘေ့စ်ဂစ်တာသမား ရာဇာ (၂၆နှစ်) နဲ့တီးဝိုင်းတစ်ခုတည်ထောင်ဖို့စိတ်ကူးရခဲ့ရာကနေ သူတို့တီးဝိုင်းလေးမွေးဖွားလာတာပါ။ ဂျူးဂျူးဟာ metal တီးဝိုင်း Married for the Pain ကအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ရာဇာကတော့ ပန့်ရော့ခ်တီးဝိုင်း No U Turn ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့မတူညီတဲ့ဂီတတွေကိုပေါင်းစပ်ပြီး ဖန်တီးမှုသစ်တွေလုပ်ဖို့စိတ်ကူးရခဲ့ပါတယ်။ ဒရမ်သမား CK (၂၆နှစ်) နဲ့ ဗညားတို့ပါပူးပေါင်းလာခဲ့ပြီး General Tiger Gun (GTG) အဖွဲ့လေးအသက်ဝင်လာခဲ့တယ်။

ဂျူးဂျူးဟာဂစ်တာတီးခြင်းကို ၈တန်းကတည်းကရူးသွပ်ခဲ့တာပါ။ Heavy metal ရော့ခ်အမျိုးအစားကိုနှစ်သက်သူဖြစ်ပေမယ့် သူ့တီးဝိုင်းကိုတော့ ဂီတအမျိုးအစားတစ်ခုထဲ သွတ်သွင်းထားမှာမဟုတ်ဘူးလို့ ဂျူးဂျူးကဆိုတယ်။ “GTG ရဲ့ဖန်တီးမှုတွေဟာ ဂီတအမျိုးအစားတစ်ခုရဲ့ခေါင်းစဉ်အောက်မှာပဲရှိနေမှာမဟုတ်ပါဘူး။ လွတ်လပ်တဲ့ဂီတကို လွတ်လပ်တဲ့အနုပညာသမားတွေအနေနဲ့ဖန်တီးသွားချင်တယ်” လို့ရှင်းပြတယ်။

ဂျူးဂျူးကသူ့အဖွဲ့ဟောင်းနဲ့အဖွဲ့သစ်ကိုယှဉ်ပြီးအခုလိုပြောခဲ့ပါသေးတယ်။ “ဒီအဖွဲ့မှာအားလုံးကကြိုးစားပမ်းစားနဲ့သီချင်းတွေဖန်တီးနေကြတော့ ပိုပြီးစိတ်နှစ်ဖြစ်တယ်ဗျ။ ဒီအတွက်ကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ၊ ကျွန်တော်တို့ဘ၀တွေအကြောင်း ရေးဖြစ်ကြတယ်။ စင်ပေါ်မှာလွတ်လပ်တဲ့အနုပညာသမားတွေအနေနဲ့ပရိသတ်တွေကို ဖျော်ဖြေကြတယ်။”

JAM IT ရှိုးပွဲတွေမှာ ပြင်းထန်တက်ကြွတဲ့စာသားတွေနဲ့ ပရိသတ်ကိုဖျော်ဖြေခဲ့သလို ၅နှစ်အတွင်း သူတို့သီဆိုလာတဲ့ပွဲပေါင်း ၄၀ခန့်ရှိခဲ့ပါပြီ။ ဗညားက ၂၀၁၄ကသူတို့ရဲ့ပထမဆုံးပွဲမှာ စာသားတွေသိပ်မရသေးလို့ ပရိသတ်တွေရှေ့ကြောက်လန့်နေခဲ့တဲ့အကြောင်းပြောပြတယ်။ “ဒါပေမယ့်အခုအဆင်ပြေသွားပါပြီ” လို့ပြုံးရင်းပြောပါတယ်။

“Indie တေးဂီတဟာရန်ကုန်မှာတိုးတက်လာပြီဖြစ်ပြီး မျိုးဆက်သစ်တွေကိုလည်းကြိုဆိုရမယ်။ ဒါကပြိုင်ပွဲမဟုတ်ဘူးလေ၊ သီချင်းတွေဖန်တီးဖို့ပဲဟာ” လို့သူတို့နှစ်ဦးလုံးကယုံကြည်တယ်။ ၂၀၁၈ခုနှစ် မတ်လမှာ 9’Night Indie Album ကိုထုတ်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်န၀ါရီ ၁၂မှာ Lose Control လို့ခေါ်တဲ့ album အသေးစားကိုထုတ်လုပ်ခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ဖန်တီးမှုတွေနဲ့လှုပ်ရှားမှုတွေကို Facebook page @generaltigergun သူတို့ရဲ့နောက်ဆုံးထွက် music video Lose Control ကိုလည်းအောက်က link မှာကြည့်နိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here