Fire and Blood

A Game of Thrones ဖြစ်ရပ်မတိုင်ခင်နှစ်ရာပေါင်းများစွာက Targaryen မျိုးနွယ်တွေ Dragonstone ဆီရောက်လာပုံကနေစပြီးဇာတ်အိမ်တည်ထားပါတယ်။ နဂါးသခင်တွေရဲ့ဇာတိမြေ Valyria ကျွန်းကြီးမီးတောင်ပေါက်ကွဲမှုကြောင့်ပျက်စီးသွားတဲ့အခါမှာတော့ နောက်ဆုံးကျန်ခဲ့တဲ့ Targaryen မိသားစုက Westeros ဆီပြောင်းရွှေ့လာကြတယ်။ Aegon the Conqueror ကမိသားစုရဲ့အကြီးအကဲဖြစ်ပြီး Iron Throne ရဲ့ဖန်တီးသူလည်းဖြစ်ပါတယ်။ Targaryen တွေ Westeros ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပုံကနေ Targaryen မျိုးနွယ်အချင်းချင်းတိုက်ခိုက်ကြတဲ့ပြည်တွင်းစစ် Dance of Dragons အထိအဖြစ်အပျက်တွေအကြောင်းပါဝင်ပါတယ်။
Someday

ဒီဝတ္ထုကတော့ A လို့ခေါ်တဲ့သူတယောက်ရဲ့ဇာတ်လမ်းပါ။ A မှာအမည်နာမမရှိသလို ကိုယ်ပိုင်ခန္ဓာကိုယ်လည်းမရှိပါဘူး။ နေ့တိုင်းမှာတစုံတယောက်ရဲ့ခန္ဓာကိုယ်ထဲ ၂၄နာရီသာ ၀င်ရောက်နေထိုင်ရတယ်။ A မှာခန္ဓာကိုယ်မရှိပေမယ့် နာမ်စိတ်တော့ရှိတယ်။ ပြီးတော့ကိုယ်ပိုင်မှတ်ဥာဏ်တွေလည်းရှိသလို သူဝင်ရောက်နေထိုင်သူရဲ့မှတ်ဥာဏ်တွေကိုလည်းသိနိုင်စွမ်းရှိတယ်။ တနေ့မှာ Justin ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ရဲ့ကိုယ်ထဲဝင်ရောက်ပူးကပ်ပြီး Justin ရဲ့ချစ်သူ Rhiannon ကိုစွဲလမ်းသွားခဲ့တယ်။ A ဟာ Justin နဲ့ Rhiannon တို့ကြားကပြဿနာတွေကိုဖြေရှင်းပေးပြီး Rhiannon ရဲ့အနားကလူတွေကိုပူးကပ်ရင်းသူမနဲ့အနီးဆုံးနေနိုင်ဖို့ကြိုးစားပါတော့တယ်။ Every Day ဆိုတဲ့နာမည်နဲ့ရုပ်ရှင်လည်းထွက်ရှိထားပါတယ်။
The Art of Happiness

Dalai Lama ကိုကြည့်ရင်အမြဲလိုလိုပြုံးရွှင်နေတာကိုမြင်ရပါလိမ့်မယ်။ သူဟာသူ့နိုင်ငံကိုဆုံးရှုံးခဲ့ရပေမယ့် ဘယ်တော့မှအပြုံးမပျက်တာကိုတွေ့ရတယ်။ Dalai Lama ရဲ့အယူအဆကတော့ စိတ်ချမ်းသာမှုဆိုတာလူတိုင်းရဲ့မူလရည်ရွယ်ချက်ဖြစ်ပါသတဲ့။ ကျနော်တို့လုပ်သမျှအပြုအမူတိုင်းရဲ့ရည်ရွယ်ချက်ဟာ ပျော်ရွှင်ဖို့စိတ်ချမ်းသာဖို့ပါလို့သူကယူဆပါတယ်။ ဒီစာအုပ်မှာတော့ စိတ်ပညာရှင် Dr. Howard Cutler နဲ့အတူစိတ်ချမ်းသာမှုရဲ့သော့ချက်တွေအကြောင်းကို သာမန်လူတွေနားလည်နိုင်တဲ့အရေးအသားနဲ့ပြောပြထားတယ်။
Island

Pala လို့ခေါ်တဲ့ပစိဖိတ်သမုဒ္ဓရာထဲကကျွန်းလေးပေါ်မှာ နှစ် ၁၂၀လောက်ရှိနေပြီဖြစ်တဲ့ စံပြလူ့အဖွဲ့အစည်းတခုအကြောင်းဇာတ်အိမ်တည်ထားပါတယ်။ ဒီလူ့အဖွဲ့အစည်းလေးကိုသိမ်းပိုက်ဖို့ကြံနေကြသူတွေလည်းရှိတယ်။ ဒီအကြံသမားတွေရဲ့ကိုယ်စားလှယ်စာနယ်ဇင်းသမား Faranby စီးလာတဲ့သင်္ဘောပျက်ပြီး ကျွန်းလေးပေါ်ရောက်လာတဲ့အချိန်ကနေ ဇာတ်လမ်းစပါတယ်။ Pala ကျွန်းသားတွေနဲ့နေထိုင်ရင်း Faranby ရဲ့အတွေးအခေါ်တွေပြောင်းလဲလာပြီးဘ၀မှာပထမဆုံးအကြိမ်အဖြစ်အနာဂတ်အတွက်မျှော်လင့်ချက်ရှိလာပါတော့တယ်။
Green Mile

Cold Mountain အကျဉ်းထောင်ကထောင်စောင့် Paul Edgecombe ရဲ့နေရာကနေဇာတ်လမ်းပြောတဲ့ပုံစံနဲ့ ဇာတ်အိမ်တည်ထားတယ်။ လူ့ဘီလူးကြီးလိုခန္ဓာကိုယ်နဲ့ အပြစ်သား John Coffey ဟာစိတ်ကတော့ကလေးတယောက်လိုအတွေးမျိုးသာရှိသူပါ။ သူဟာလူဖြူကလေးမလေး ၂ယောက်ကိုမုဒိမ်းကျင့်သတ်ဖြတ်မှုနဲ့လျှပ်စစ်ထိုင်ခုံမှာသေဒဏ်ပေးခံရတဲ့သူလည်းဖြစ်ပါတယ်။ အပြစ်သားတွေအမျိုးမျိုးနဲ့တွေ့ကြုံဖူးတဲ့ Edgecombe ဟာ Coffey ရဲ့ဘ၀ဇာတ်လမ်းအကြောင်း တဖြည်းဖြည်းသိလာပြီး သူ့ကိုယ်ပိုင်ယုံကြည်ချက်တွေကိုသံသယ၀င်စပြုလာပါတော့တယ်။