By Sithu Han
ရန်ကုန်မြို့က စားသောက်ဆိုင်တွေကို Review တင်ဆက်ပေးနေကျဖြစ်တဲ့ Myanmore အဖွဲ့သားတွေဟာ ဒီတပတ်မှာတော့ မန္တလေးမြို့ကို ခြေဆန့်ခဲ့ကြပြီး မြန်မာပြည်အထက်ပိုင်းမြို့တော်ရဲ့ အစားအသောက်တွေကို မြည်းစမ်းဖြစ်ခဲ့ပါတယ်။
မန္တလေးမြို့ပေါ် ခြေချလိုက်ပြီဆိုတာနဲ့ လည်ပတ်စရာအများအပြားနဲ့ နာမည်ကျော် အစားအသောက်တွေက အရန်သင့်စောင့်ကြိုနေပါတယ်။ မနက်အစောပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိခဲ့တဲ့ စားမယ်အဖွဲ့သားတွေဟာ မနက်စာကို အရသာရှိရှိ သုံးဆောင်နိုင်ဖို့ မန္တလေးမြို့ရဲ့ အထင်ကရ စိုးစိုးမုန့်တီဆိုင်ဆီ ခြေဦးလှည့်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ တော်တော်များများက မန္တလေးမုန့်တီဆိုရင် “နန်းကြီးသုပ်”ပဲလို့ ထင်ကြပါတယ်။ ရန်ကုန်က မုန့်တီလို့ဆိုလိုက်တာနဲ့ ရခိုင်မုန့်တီကို အရင်သတိရကြမှာပါ။ တကယ်တော့ နန်းကြီး၊နန်းလတ်၊ နန်းသေးနဲ့ နန်းပြားမုန့်တီတွေက မန္တလေးဇာတိမုန့်တီသုပ်တွေဖြစ်ပါတယ်။
စိုးစိုး မုန့်တီဆိုင်ကို စောစောစီးစီးရောက်သွားခဲ့ပေမယ့် ဆိုင်ထဲမှာတော့ စားသုံးသူတွေနဲ့ ပြည့်နေပါပြီ။ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာတွေထဲမှာ မုန့်တီ၊ နန်းကြီးသုပ်၊ နန်းလတ်သုပ်တို့က ထိပ်ဆုံးကနေရာ ယူထားပါတယ်။
စိုးစိုးမုန့်တီသုပ်တွေရဲ့ အဓိက စားကောင်းစေတဲ့အချက်ကတော့ ပဲမှုန့်ပါပဲ။ ကိုယ်တိုင်စနစ်တကျပေါင်းထားတဲ့ ပဲမှုန့်တွေဟာ မုန့်တီသုပ်တွေကို အရသာတမူ ထူးကဲစေတာပါ။ မုန့်ဖတ်အမျှင်တိုင်းမှာ ကပ်ပါနေတဲ့ ပဲမှုန့်က ပြီးပြည့်စုံတဲ့ မုန့်တီသုပ်အဖြစ် ခံတွင်းဖြစ်စေတာပါ။ သန့်ရှင်းလတ်ဆတ်တဲ့ ကြက်သွန်နီ၊ နံနံပင်နဲ့ သံပုရာစိတ်လေး ညစ်ကာ နှံ့စပ်အောင် သမပြီး စားသုံးလိုက်ပါက စားသုံးသူအတွက် အလွန်ခံတွင်းတွေ့စေမှာပါ။
မုန့်တီသုပ်တွေကို ဖြည်းဖြည်းချင်း မြည်းစမ်းရင်း အငွေ့တနွေးနွေးထနေတဲ့ ငါးဖယ်လုံးဟင်းချိုကလည်း ပိုမိုလိုက်ဖက်ညီအောင် အရသာပေးစွမ်းပါတယ်။ ဗမာကြက်ရိုးကနေ စနစ်တကျ ချက်ပြုတ်ထားတဲ့ ဟင်းရည်တွေက ပူပူနွေးနွေးနဲ့ တစွန်းချင်း မမေ့နိုင်တဲ့ အရသာကို ပေးစွမ်းပါတယ်။
မုန့်တီသုပ်တွေအပြင် မန္တလေး ဘယာကြော်နဲ့ ငါးဖယ်ပေါင်းကလည်း အရံအစားအစာအဖြစ် မြည်းစမ်းဖြစ်ခဲ့ပါသေးတယ်။ ငှက်ပျောရွက်လေးတွေနဲ့ ပေါင်းထားတဲ့ ငါးဖယ်ပေါင်းကို ဆော့စ်လေးနဲ့ စားရတာက နူးညံ့ပြီး ခပ်လေးလေးအရသာကို ရစေမှာပါ။ ဘယာကြော်ကတော့ ပူပူနွေးနွေး လတ်ဆတ်တဲ့အရသာနဲ့ ကော်ဖီနဲ့ တွဲသောက်ဖို့ အရမ်းလိုက်ဖက် ညီတာကို တွေ့ရမှာပါ။
စိုးစိုးမုန့်တီဟာ ၁၉၇၉ ခုနှစ်တွင် မန္တလေးမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာဆို နှစ်ပေါင်း(၄၀) ပြည့်မြောက်မှာဖြစ်ပါတယ်။ စားသုံးသူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဟင်းခတ်မှုန့်၊ ဟင်းချိုမုန့်၊ အသားမုန့်တွေကို လုံးဝမသုံးပဲ ပဲဆီစစ်စစ်ကိုပဲ အသုံးပြုပြီး သဘာဝကျကျ ချက်ပြုတ်တာကြောင့် အခုလို နှစ်ပေါင်းများစွာ ဆက်လက်အောင်မြင်နေတာဖြစ်ပါတယ်။ ရန်ကုန်က Foodies တွေအနေနဲ့လည်း မန္တလေးမုန့်တီစစ်စစ်ကို စားသုံးချင်တယ်ဆိုရင်တော့ စမ်းချောင်း၊ မြေနုလမ်းထိပ်မှာ စိုးစိုးမုန့်တီ ရန်ကုန်ဆိုင်ခွဲကို ဖွင့်လှစ်ထားကြောင်း အသိပေးလိုက်ပါတယ်။