By Issy D’Arcy Clark
Forbes ရဲ့ “၂၀၁၉ခုနှစ်အတွက် အနုပညာရပ်ဝန်းထဲက အသက် ၃၀အောက်အောင်မြင်ကျော်ကြားသူ ၃၀” စာရင်းမှာ သူမနာမည်ပါဝင်လာခဲ့ပြီး လက်ရာမြောက်လှတဲ့မြွေရုပ်ထုတွေကနေတဆင့် ကျားမကွဲပြားမှုပြဿနာတွေကိုပရိသတ်ကိုတင်ပြနိုင်ခဲ့ခြင်းကြောင့် နာမည်ကျော်လာခဲ့တဲ့ မစိုးယုနွယ်ဟာစောင့်ကြည့်ရမယ့်ကြွေထည်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာသူမရဲ့တရုတ်မျိုးနွယ်အကြောင်း၊ သဘာဝတရားနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကနေ သူမအနုပညာအတွက်စိတ်ကူးဥာဏ်တွေရခဲ့ပုံ၊ တရုတ်တန်းမှာမှိုရှာတဲ့အကြောင်းတွေကိုပြောပြထားပါတယ်။ Issy D’Arcy Clark ရေးသားပြီးဓာတ်ပုံတွေကိုတော့ ရွှေပေါ်မြတင်ကရိုက်ကူးပေးထားပါတယ်။

ရွှေတောင်တန်းလမ်းကနေရွှေတိဂုံဘုရားအထိကျယ်ဝန်းတဲ့ ရန်ကုန်မြို့ရဲ့တရုတ်ပြည်အသေးစားလေးဟာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီမှာကျရောက်မယ့်ဝက်နှစ်အတွက် နှစ်သစ်ကူးအပြင်အဆင်တွေနဲ့လှပစည်ကားနေပါတယ်။ ဒီအချိန်မှာပဲ Forbes ရဲ့ “၂၀၁၉ခုနှစ်အတွက် အနုပညာရပ်ဝန်းထဲက အသက် ၃၀အောက်အောင်မြင်ကျော်ကြားသူ ၃၀” စာရင်းထဲမှာဖော်ပြခြင်းခံရတဲ့ မစိုးယုနွယ်နဲ့တွေ့ဆုံခဲ့ပါတယ်။ မကြာခင်က Myanm/art မှာကျင်းပခဲ့တဲ့ သူမရဲ့တကိုယ်တော်ပြပွဲ Serpentine (မြွေနဂါး) ဟာလည်းလူကြိုက်များလှတဲ့အတွက် မူလစီစဉ်ထားတာထက် ၁၀ရက်ပိုပြီးပြသခဲ့ရတယ်။
မြန်မာနိုင်ငံရဲ့အသွေးအရောင်စုံလင်လှတဲ့ယဉ်ကျေးမှုတွေအကြောင်းပြောကြရင်း မစိုးယုနွယ်ဟာသူမရဲ့မိသားစုအတွက် တရုတ်တန်းကအရေးပါကြောင်းပြောပြခဲ့တယ်။ “တရုတ်စာတွေချက်ဖို့ ကြွက်နားရွက်မှိုလိုရှားပါးအစားအစာတွေလိုချင်ရင် တရုတ်တန်းကိုအမေနဲ့လာဝယ်လေ့ရှိတယ်။ ဘိုးဘွားတွေကိုကန်တော့ဖို့လည်းလာလေ့ရှိပါတယ်။”
မစိုးယုနွယ်တို့မြန်မာနိုင်ငံကိုပြောင်းရွှေ့လာတာ မျိုးဆက် ၃ဆက်တိုင်ခဲ့ပါပြီ။ သူမအနေနဲ့တရုတ်အမျိုးသမီးဖြစ်ရတဲ့အတွက်စိတ်အနှောင့်ဖြစ်ရတဲ့အချိန်လေးတွေလည်းရှိခဲ့ပါတယ်။ ကျောင်းနေတုန်းကဆိုရင်တရုတ်သွေးပါသူဖြစ်တဲ့အတွက် ကလေးအများစုနဲ့ကွဲပြားနေတဲ့အတွက်စိတ်မသက်မသာဖြစ်ရတာမျိုးရှိခဲ့ပါတယ်။ တဖြည်းဖြည်းချင်းပြောင်းလဲလာပေမယ့် ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့အထီးကျန်မှုတွေ၊ အမျိုးမျိုးသောလူမျိုးစုတွေကြားအထင်အမြင်လွဲမှုတွေအကြောင်းပြောပြပါတယ်။
“ကျွန်မအိမ်မှာပြောတဲ့ဘာသာစကားက ကျောင်းကလူတွေပြောကြတဲ့စကားနဲ့မတူတာကိုသတိထားမိတယ်။ သူတို့ပြောတာကိုနားမလည်တာမျိုးလည်းရှိခဲ့တယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီလိုအရံအတားမျိုးရှုပ်ထွေးမှုမျိုးရှိနေခြင်းကို ကျွန်မအနုပညာထဲမှာရှာဖွေဖို့ကြိုးစားခဲ့တယ်။ ကျွန်မဟာနီးစပ်တဲ့ဆက်ဆံရေး၊ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ရှုပ်ထွေးတဲ့ဖြစ်တည်မှုတွေအကြောင်းစိတ်ဝင်စားတယ်” လို့ပြောပါတယ်။
သူမအနုပညာကတဆင့်ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေဖို့ကြိုးစားရင်း မစိုးယုနွယ်ဟာသူမ ပြောချင်တဲ့အကြောင်းအရာကိုရှာတွေ့လာတယ်။ Chinatown 125 Café မှာဓာတ်ပုံရိုက်ကြတော့ မစိုးယုနွယ်ဟာအရှက်အကြောက်ကြီးပြီး ဘယ်လိုကိုယ်ဟန်ပြရမယ်ဆိုတဲ့အကြောင်း ညီမဖြစ်သူမကြည်ဇာသိမ်းကိုမေးရတယ်။ သူမအလုပ်နဲ့စိတ်ကူးအကြောင်းပြောကြတဲ့အခါမှာတော့ မစိုးယုနွယ်ဟာအတော်ကိုအပြောအဆိုသွက်လက်လာတာကိုတွေ့ရပါတယ်။ သူမအလုပ်အကြောင်းပြောရင်ကဗျာဆန်ဆန်အသုံးအနှုန်းလေးတွေထည့်သုံးတတ်တယ်။
Myanm/art က Serpentine ပြပွဲမှာတော့ ရွှေရောင်၊ ငွေရောင်၊ ပုလဲရောင်နဲ့ အရောင်စုံခြယ်ထားတဲ့ ကြွေထည်မြွေရုပ်ကြီးတွေကို နံရံမှာကပ်ပြီးအလှဆင်ထားတယ်။ မြွေရုပ်တွေဟာမြန်မာ့ဒဏ္ဍာရီတွေထဲက နဂါးမယ်တော်ကိုကိုယ်စားပြုပါတယ်။ သူမကိုယ်တိုင်ဟာလည်းတရုတ်ဇာတာခွင်အရ မြွေနှစ်မှာမွေးဖွားခဲ့တဲ့အတွက် မြွေကိုအမှတ်တံဆိပ်အဖြစ်သုံးဖို့စိတ်ကူးရလာခဲ့တယ်။
“မြွေနဲ့ပတ်သက်တဲ့အယူအဆတွေဟာအရမ်းဝိ၀ါဒကွဲပြားစရာကောင်းပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာဆိုရင် မြွေကမကောင်းတဲ့နိမိတ်ဆောင်ပြီး ဗမာ့အယူအဆမှာတော့မြွေဟာအစောင့်အရှောက်တွေဖြစ်ပါတယ်။ သူတို့ဟာတန်ခိုးကြီးပြီးသူတို့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာအသုံးပြုကြတယ်။ ကျွန်မရဲ့ပွဲအသစ်အတွက် နဂါးမယ်တော်အကြောင်းလေ့လာနေတယ်။ နဂါးဟာသင်္ကရိုက်ဘာသာစကားနဲ့ဆိုရင် မြွေလို့အဓိပ္ပာယ်ရပါတယ်။ ဒီလိုမြွေကနေနဂါးဖြစ်သွားပုံအကြောင်းကိုစိတ်ဝင်စားတယ်။”
မြွေအမှတ်တံဆိပ်ဟာနှစ်ခွအဓိပ္ပာယ်တွေနဲ့ပြည့်နှက်နေပါတယ်။ “မြွေဆိုတာအန္တရာယ်ရှိတဲ့အမျိုးသမီးတွေ၊ အမျိုးသားတွေကိုမကောင်းမှုပြုဖို့ညှို့ယူဆွဲဆောင်နိုင်တဲ့သဘောလည်းရှိသလို မြွေဟာလိင်အဂါင်္ပုံရှည်မျောမျောဖြစ်တဲ့အတွက် ယောက်ျားသဘာဝကိုလည်းကိုယ်စားပြုနေပါတယ်။ အထူးသဖြင့်ကျားမကွဲပြားမှုကိစ္စတွေကိုပြောတဲ့နေရာမှာ မြွေအမှတ်တံဆိပ်နဲ့စတင်ဖို့စိတ်ကူးမိသွားတာပါ” လို့မစိုးယုနွယ်ကဆိုတယ်။
မစိုးယုနွယ်ဖန်တီးလိုက်တဲ့ နဂါးမယ်တော်ဟာဒဏ်ရာတွေနဲ့ပြည့်နှက်နေသလိုပါပဲ။ ခန္ဓာကိုယ်ကကွဲထွက်နေပြီးအသားစိုင်တွေ အကြေးခွံတွေအတိုင်းသားမြင်နေရတဲ့ပုံမျိုးသရုပ်ဖော်ထားတယ်။ ဒါပေမယ့်ဒီအသွေးအသားတွေကြားထဲမှာပဲ နူးညံ့တဲ့ပန်းပွင့်လေးတွေ၊ ဖန်ထည်အရွက်လေးတွေနဲ့ ရွှေရောင်အဖူးအပွင့်လေးတွေကိုမြင်နေရပါတယ်။
“ဒီဒဏ်ရာဟာအမျိုးသမီးတွေကိုအမျိုးသားတွေထက်ဘုန်းကံနိမ့်ကျတယ်လို့ယူဆကြတဲ့လူ့အဖွဲ့အစည်းမှာ မိန်းမလာဖြစ်ရတဲ့သူတယောက်ရဲ့နာကျင်မှုကိုကိုယ်စားပြုပါတယ်။ ဒီဘုန်းကံကြောင့်ယောက်ျားတွေဟာ နာမ်ပိုင်းဆိုင်ရာပိုတန်ခိုးကြီးပြီးဥာဏ်အလင်းရနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မိန်းမတွေအနေနဲ့ဥာဏ်အလင်းရဖို့ ယောက်ျားအဖြစ်လူပြန်ဝင်စားဖို့လိုအပ်တယ်။ ဒီအတွေးအခေါ်ကြောင့်ကျွန်မစိတ်ထိခိုက်ရတယ်။”
ဒီကြွေထည်လက်ရာမှာနူးညံ့ချောမွေ့တဲ့အပေါ်ယံလွှာကွဲအက်ပြီးအတွင်းကလီစာတွေဒဏ်ရာတွေ ထွက်ပေါ်နေခြင်းဟာလည်း မြန်မာ့လူ့အဖွဲ့အစည်းကိုတင်စားဖော်ပြထားတာလားလို့မေးကြည့်တော့ မစိုးယုနွယ်ကနှုတ်ခမ်းစေ့စေ့နဲ့ပြုံးရင်း “ရှင့်အတွေးကစိတ်ဝင်စားစရာပါပဲ။ ကျွန်မကဒီနိုင်ငံရဲ့နိုင်ငံရေးနဲ့ လူမှုစီးပွားဘ၀တွေရဲ့လွှမ်းမိုးမှုခံရတဲ့အနုပညာရှင်ပါ။ ကျွန်မလက်ရာတွေကိုကြည့်ရှုသူတွေဟာ သူတို့စိတ်ကြိုက်အဓိပ္ပာယ်ကောက်ခွင့်ရှိပါတယ်” လို့ပြန်ဖြေတယ်။
မစိုးယုနွယ်ဟာဆေးဝါးပညာရှင်ဖြစ်ဖို့ ဇီဝဗေဒသင်ယူဖို့ကြိုးစားခဲ့ဖူးပါတယ်။ ဒါကြောင့်မြွေရဲ့ကိုယ်တွင်းက အသားစိုင်တွေနဲ့ပန်းပွင့်တွေကိုအနုစိတ်ဖန်တီးနိုင်အဆန်းတော့မဟုတ်ပါဘူး။ သူမကျောင်းတက်တုန်းက ပန်းချီသင်တန်းလုံးဝမတက်ခဲ့ဖူးဘူး။ ဒါပေမယ့်ရန်ကုန်ကကျောင်းမှာကိုယ်တွင်းကလီစာပုံတွေဆွဲရတာကိုတော့ စိတ်ဝင်စားခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက Albion College မှာဇီဝဗေဒသင်ခွင့်ရခဲ့ပေမယ့် မကြာခင်မှာပဲအနုပညာမေဂျာကိုပြောင်းလဲရွေးချယ်ခဲ့တယ်။
သူမရဲ့လက်ရာတွေထဲမှာသဘာဝတရားနဲ့သဘာဝလွန်အခြင်းအရာတွေရောယှက်တည်ရှိနေတာ အမြဲတွေ့ရပါတယ်။ သူမငယ်စဉ်မိဘတွေဟာအဘွားဖြစ်သူရဲ့ခြံထဲကသစ်ပင်တပင်ကို သူမရဲ့ခေါင်းကိုင်မိခင်အဖြစ်သတ်မှတ်ခဲ့ဖူးလို့လည်း သဘာဝလွန်သဘောတရားတွေအပေါ်စိတ်ဝင်စားမှုဟာ ပိုခိုင်မာလာခဲ့တယ်။ “လူမဟုတ်တဲ့သဘာဝသက်ရှိတခုကိုမိခင်အဖြစ်ရရှိလိုက်ခြင်းဟာ နာမ်ပိုင်းဆိုင်ရာထူးခြားမှုပါ။ ဒီသက်ရှိဟာကျွန်မနဲ့အတူရှိနေပြီး ဆက်နွယ်ပတ်သက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။”
Myanm/art တည်ထောင်သူနဲ့ဒါရိုက်တာ Nathalie Johnston အနေနဲ့လည်း မစိုးယုနွယ်ရဲ့နာမ်ပိုင်းဆိုင်ရာ အဓိပ္ပာယ်တွေနဲ့ပြည့်နှက်နေတဲ့လက်ရာတွေကိုသတိထားမိခဲ့တယ်။ “သူမရဲ့နာမ်ပိုင်းဆိုင်ရာစမ်းသပ်ဖန်တီးမှုတွေဟာ ဗုဒ္ဓဘာသာကိုဘ၀နေထိုင်မှုပုံစံအဖြစ်ရော ဘာသာရေးနဲ့ဒဿနအဖြစ်ရောလက်ခံထားတဲ့ဒီအသိုင်းအ၀ိုင်းနဲ့ကိုက်ညီလှပါတယ်။ သူမကအမှတ်တံဆိပ်တွေ၊ အစီအရင်တွေကိုကြည့်ပြီး ရုပ်ဝတ္ထုအကောင်အထည်အဖြစ်ပြောင်းလဲဖန်တီးတယ်” လို့ Johnston ကဆိုတယ်။
နာမ်ပိုင်းဆိုင်ရာအယူအဆအပြင် မစိုးယုနွယ်သုံးတဲ့ကြားခံပစ္စည်းတွေကိုလည်း Johnston ကစိတ်ဝင်စားခဲ့တယ်။ “သူမလက်ရာတွေဟာဖန်နဲ့ကြွေထည်ကိုသုံးပြီးဖန်တီးထားတာ။ ဒီပစ္စည်းနှစ်မျိုးလုံးကအသုံးပြုရတာအရမ်းခက်ခဲပြီး စတူဒီယိုကောင်းကောင်းအရည်အသွေးကောင်းကောင်း ကုန်ကြမ်းပစ္စည်းတွေလိုပါတယ်။ ဒီနှစ်မျိုးလုံးကိုရန်ကုန်မှာမရနိုင်ပါဘူး။ ဒါကြောင့်သူ့လက်ရာကို ရန်ကုန်ကအနုပညာအသိုင်းအ၀ိုင်းအနေနဲ့ကြည့်ခွင့်ရသင့်တယ်လို့ယူဆတယ်။”
အလွန်တရာအကဲဆတ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်နိုင်ငံတကာကပွဲတွေမှာပြသဖို့သယ်ယူပို့ဆောင်တဲ့အခါ ထိရှကွဲအပ်နိုင်လို့ ကင်းဗတ်စပဲသုံးသင့်တာဆိုတဲ့အတွေးမျိုးမ၀င်ဘူးလားမေးကြည့်တော့ “အမြဲတမ်းပါပဲ။ အထူးသဖြင့်ကျွန်မလက်ရာတွေကွဲကြေသွားတဲ့အခါဒီလိုအတွေးဝင်တယ်” လို့ရယ်ရင်းပြောပါတယ်။
ဒါပေမယ့်အတွေ့အကြုံရင့်ကျက်လာတာနဲ့အမျှသူမအနုပညာပစ္စည်းတွေကိုသယ်ယူပို့ဆောင်တဲ့အခါ ခေါင်းအုံးတွေနဲ့ခုခံပြီးထားသလို တစစီဖြုတ်ပြီးသယ်ယူနိုင်တဲ့ရုပ်ထုတွေကိုလည်းပြုလုပ်ဖန်တီးခဲ့တယ်။ သူမရဲ့ကြွေထည်နဲ့ဖန်ထည်တွေဟာ အလှအပတခုဆိုတာထက်ပိုတဲ့အနုပညာလက်ရာတွေဖြစ်တဲ့အတွက် ဒီလိုကာကွယ်ဖို့လိုအပ်ပါတယ်။
“အမေရိကမှာနေတုန်းကစိတ်ဓာတ်ကျပြီးအထီးကျန်သလိုခံစားရဖူးတယ်။ ရွှံ့တွေကိုသုံးပြီးအနုပညာတွေဖန်တီးရတာရင်းနှီးမှုတခုခုရသလိုပဲ။ ရွှံ့တွေကိုလက်ထဲမှာကိုင်တွယ်ရတာနဲ့ ကျွန်မစိတ်ထဲကကွက်လပ်တခုပြည့်သွားသလိုပါပဲ။ စုတ်တံနဲ့အလုပ်လုပ်တဲ့အခါအဲ့ဒီလိုခံစားချက်မျိုးမရဘူး။”
အနာဂတ်အစီအစဉ်တွေကိုမေးကြည့်တဲ့အခါမှာတော့ ဖန်ထည်တွေကိုအားစိုက်ပြုလုပ်သွားဖို့ရှိပြီး ခေါင်မိုးကနေချိတ်ဆွဲလို့ရတဲ့ဖန်မီးဆိုင်းကြီးတခုဖန်တီးဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ ဒီမီးဆိုင်းကြီးရဲ့အောက်မှာတော့လူတပိုင်းတိရစ္ဆာန်တပိုင်းရုပ်တုတွေကိုပြသသွားမှာဖြစ်ပြီး ဘီလူးမရုပ်တုတခုကိုပါဖန်တီးဖို့အစီအစဉ်ရှိတယ်လို့ပြောတယ်။
မန္တလေးတောင်ပေါ်ကစန္ဒမုခိဘီလူးရုပ်တုကိုမြင်ပြီးတဲ့အခါမှာတော့ မစိုးယုနွယ်ဟာဒီရုပ်တုသမိုင်းကို စိတ်ဝင်စားလာခဲ့တယ်။ ဒဏ္ဍာရီတွေအရဒီဘီလူးမဟာသူမရင်သားတွေကိုဖြတ်ပြီး ဗုဒ္ဓကိုလှူဒါန်းခဲ့ပါတယ်။ ဗုဒ္ဓအနေနဲ့သူမရဲ့အလှူကိုလက်မခံခဲ့ပေမယ့် သူမဟာဘ၀တခုမှာဘုရင်အဖြစ်ပြန်လည်ဝင်စားလိမ့်မယ်လို့ ဗျာဒိတ်ပေးခဲ့ပါတယ်။ ပါးစပ်ရာဇ၀င်အရ မင်းတုန်းမင်းဟာစန္ဒမုခိဝင်စားသူလို့အများကယုံကြည်ကြတယ်။ ဒီဖိုမဆက်နွယ်မှုဒဏ္ဍာရီဟာမစိုးယုနွယ်အတွက်စိတ်ဝင်စားစရာဖြစ်တာသိပ်တော့မဆန်းလှပါဘူး။
ဒီထွန်းသစ်စအနုပညာရှင်အတွက်တော့ ၂၀၁၉ဟာအရမ်းအလုပ်များတဲ့နှစ်ဖြစ်မှာပါ။ မေလမှာ Pottery Northwest, Seattle မှာကျင်းပမယ့်အရှေ့တောင်အာရှ ခေတ်ပြိုင်ကြွေထည်လက်ရာပြပွဲမှာပါဝင်ဖို့ရှိပါတယ်။ သြစတြေးလျနဲ့ကမ္ဘောဒီးယားမှာသူမအနုပညာပြပွဲတွေခင်းကျင်းဖို့လည်းရှိပါတယ်။ မစိုးယုနွယ်ကတော့ ၂၀၁၉မှာ ဘီလူးမနဲ့ပတ်သက်တဲ့လက်ရာတွေကိုပြသသွားဖို့ပြင်ဆင်နေပါပြီ။
(ဘာသာပြန်ဆိုသူ – နေသီဟ)