Advertisement

By Nay Thiha

ရသ၀တ္ထုတွေကစာဖတ်သူတွေကိုဘာပေးနိုင်သလဲလို့မေးရင် အထီးကျန်တဲ့ခံစားချက်ကိုဖြေဖျောက်နိုင်စွမ်းလို့ပဲ ပြန်ဖြေမိလိမ့်မယ်ထင်တယ်။ ကျနော်တို့ဟာတခါတလေအခက်အခဲတွေကြုံရတဲ့အခါ ဘာလို့ငါ့ကျမှလာဖြစ်ရတာလဲလို့တွေးမိကြတယ်။ ဒါပေမယ့်လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်ရှိနေတယ် ဆိုတာကိုတော့မေ့နေကြတယ်။

ဒီလိုဖြစ်လာတဲ့အခါရသစာပေကအကောင်းဆုံးမိတ်ဆွေပါပဲ။ ကျနော်တို့ဟာဇာတ်လိုက်နဲ့အတူလိုက်ပါစီးမျောရင်း သူနဲ့အတူရင့်ကျက်လာတယ်၊ သူ့ဘ၀ကနေသင်ခန်းစာတွေယူတယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာကိုယ်တယောက်တည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာမဟုတ်ဘူးလို့တွေးမိလာပြီး အထီးကျန်မှုဝေဒနာသက်သာရာရလာပါတယ်။ ဒါကြောင့်လည်း CS Lewis က “We read to know that we are not alone.” လို့ပြောခဲ့တာပေါ့။

The Boy with a Bamboo Heart ကတော့စိတ်ကူးယဉ်တွေထက်ပိုဆန်းကျယ်ပြီးဘ၀ခွန်အားပေးနိုင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလို့ပြောရပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာလူသိများထင်ရှားလှတဲ့ ပရဟိတသူရဲကောင်း Dr Amporn Wathanavongs ရဲ့ဘ၀ဇာတ်လမ်းကို ကနေဒါစာရေးဆရာမ Chantal Jauvin ကရေးသားထားတာပါ။

Dr Amporn Wathanavongs (Credit: www.fordecthai.org)

Lek လို့ခေါ်ကြတဲ့ Dr Amporn Wathanavongs ဟာအခုဆိုရင် ကလေးသူငယ်နဲ့မိသားစုများ ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Fordec) ကိုထူထောင်ထားပြီး ထိုင်းနိုင်ငံကကလေးသူငယ်ပေါင်း ၅၀၀၀၀ရဲ့မွေးစားဖခင်လို့လူသိများပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Fordec ဟာထိုင်းနိုင်ငံအနှံ့မှာ စင်တာ ၈၀ကျော်တည်ထောင်ထားပြီးလေလွင့်ကလေးငယ်တွေကို ထိန်းသိန်းစောင့်ရှောက်ပေးလျက်ရှိပါတယ်။

ကလေးသူငယ်တွေကိုပြုစုပျိုးထောင်ပေးနေတဲ့ Dr Amporn ရဲ့ကလေးဘ၀ကတော့ အခက်အခဲအပြည့်နဲ့ခါးသီးလှပါတယ်။ အသက် ၆နှစ်အရွယ်လောက်မှာမိဘမဲ့ဖြစ်ခဲ့ရပြီး ဘ၀ရပ်တည်မှုအတွက်ခိုးလိုက်တောင်းစားလိုက်နဲ့လမ်းပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘ၀မှာနေမပျော်တော့တဲ့အတွက် နှစ်ကြိမ်တိတိကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့သေဘေးကကယ်တင်မယ့်သူတွေတွေ့ခဲ့တယ်။ ထိုင်းသတင်းစာတစောင်နဲ့အင်တာဗျူးမှာ သူ့ငယ်ဘ၀ဟာနေဖို့လည်းခက်သလို သေဖို့လည်းခက်လှတယ်လို့ ပြောခဲ့ပါတယ်။

အသက် ၁၅နှစ်လောက်မှာ ကမ္ဘောဒီးယားမျိုးချစ်တပ်ဖွဲ့တွေရဲ့ ကလေးစစ်သားအဖြစ်လူစုဆောင်းခြင်းကို ခံခဲ့ရပါတယ်။ အခုချိန်ထိသူ့ရဲ့ခန္ဓာကိုယ်မှာစစ်ကပေးတဲ့ဒဏ်ရာအမာရွတ်တွေရှိနေတုန်းပဲ။ စစ်ထဲကထွက်လာပြီးအသက် ၁၈နှစ်မှာကိုရင်ဝတ်ခဲ့ပြီးစာရေးတတ်ဖတ်တတ်အောင်သင်ယူခဲ့တယ်။ ဗုဒ္ဓဘာသာအကြောင်းလေ့လာခဲ့ပြီးနောက် ကတ်သလစ်ခရစ်ယာန်ဘုန်းကြီးတွေနဲ့တွေ့ပြီး ဘုရားရှိခိုးကျောင်းမှာပညာသင်ယူရင်းဝေယျာဝစ္စလုပ်ရင်းနေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့သူ့ဘ၀ကိုပြန်လည်တည်ထောင်ရင်း သူ့လိုပဲကံမကောင်းအကြောင်းမလှတဲ့ကလေးငယ် တွေကိုကူညီစောင့်ရှောက်နိုင်တဲ့အခြေအနေကိုရောက်လာခဲ့တာပါ။

Chantal Jauvin (From her Facebook: Chantal Jauvin – Author)

ဒီစာအုပ်ကိုရေးသားတဲ့ Chantal Jauvin ဟာ Innwa Books & Café မှာဖေဖော်ဝါရီလ ၂၀ရက်နေ့က သူ့စာအုပ်ကိုလက်မှတ်ရေးထိုးရောင်းချခဲ့ပါတယ်။ “ဒီဇာတ်လမ်းမှာအခက်အခဲတွေကိုကျော်ဖြတ်ရင်းအဓိပ္ပာယ်ရှိတဲ့ဘ၀တခုကိုတည်ထောင်နိုင်ခဲ့သူတယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီစာအုပ်ကိုရန်ကုန်သို့ယူလာနိုင်ခဲ့တာအရမ်းဝမ်းသာမိပါတယ်။ ဒီစာအုပ်ကြောင့်ကျမတို့လူသားတွေအချင်းချင်းတယောက်နဲ့တယောက်နားလည်မှုပိုလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမတို့ဟာ ကနေဒါလူမျိုး ထိုင်းလူမျိုးဆိုပြီး ယဉ်ကျေးမှုတွေကွဲပြားနေပေမယ့် လူသားဆန်တဲ့နှလုံးသားရှိတဲ့နေရာမှာတော့အကုန်အတူတူပါပဲ” လို့ Myanmore ကိုပြောခဲ့ပါတယ်။ ဒီစာအုပ်ကိုဝယ်ယူဖတ်ရှုချင်တယ်ဆိုရင်တော့ Innwa Books & Café ကိုဆက်သွယ်စုံစမ်းကြည့်နိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here