By Nay Thiha
ကျနော်တို့အားလုံးဟာတချိန်မဟုတ်တချိန်အထီးကျန်ခြင်းရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ အထီးကျန်ခြင်းနဲ့ပတ်သက်တဲ့ပညာပေးကာတွန်းဗီဒီယိုလေးကို YouTube မှာကြည့်ပြီးတော့ Myanmore Plus ပရိသတ်တွေကိုပြောပြချင်လာတာနဲ့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ YouTube ပေါ်က ၁၂မိနစ်လောက်ရှည်တဲ့ဗီဒီယိုကို ကြည့်ချင်တယ်ဆိုရင် အောက်ပါ link ကနေတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီမှာကိုးကားစာရင်းတွေလည်းပါပါတယ်။
ကျနော်တို့ရဲ့ကမ္ဘာဟာတနေ့ထက်တနေ့ဆက်သွယ်ရေးနည်းစနစ်တွေပိုတိုးတက်လာနေပေမယ့် လူအချင်းချင်းကြားဆက်သွယ်မှုကတော့တဖြည်းဖြည်းအားနည်းလာတယ်။ စစ်တမ်းတွေအရ UK မှာ ၁၈နှစ်ကနေ ၃၄နှစ်အတွင်းလူဦးရေရဲ့ ၆၀ရာခိုင်နှုန်းဟာအထီးကျန်မှုဝေဒနာခံစားရတယ်လို့သိရပါတယ်။ US မှာတော့ လူဦးရေအားလုံးရဲ့ ၄၆ရာခိုင်နှုန်းဟာအထီးကျန်နေကြပါသတဲ့။ အထီးကျန်တာနဲ့အထီးတည်းနေတာနဲ့မတူပါဘူး။ တယောက်တည်းနေနေပြီးစိတ်ကျေနပ်မှုရနိုင်သလို အပေါင်းအသင်းတွေဝန်းရံနေပေမယ့် အထီးကျန်ဝေဒနာခံစားရတတ်ပါတယ်။ အပြောအဆိုမတတ်လို့အထီးကျန်ရတာလို့ တော်တော်များများကထင်တတ်ကြပေမယ့် အပေါင်းအသင်းများတဲ့သူ၊ အောင်မြင်ကျော်ကြားပြီးခြွေရံသင်းပင်းများတဲ့သူတွေပါ အထီးကျန်မှုခံစားရလို့ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေ စိတ်ကျဝေဒနာကိုဆေးရုံတက်ကုသရတာတွေကြားဖူးကြမှာပါ။
ဘာကြောင့်အထီးကျန်မှုဝေဒနာခံစားရသလဲ
တကယ်တော့အထီးကျန်တယ်ဆိုတာဇီဝဗေဒဖြစ်စဉ်တခုပါ။ အစားစားဖို့လိုအပ်လာတဲ့အခါဗိုက်ဆာသလို ရင်းနှီးမှုလိုအပ်လာတဲ့အခါအထီးကျန်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။ ဒါဟာသင့်ကိုယ်ခန္ဓာရဲ့အချက်ပေးမှုလည်းဖြစ်ပါတယ်။ ကျောက်ခေတ်မှာလူသားတွေဟာမိသားစု ဆွေမျိုးတွေနဲ့ စုဝေးနေထိုင်မှဘေးအန္တရာယ်တွေကနေကာကွယ်နိုင်မှာဖြစ်တဲ့အတွက် လူသားတွေရဲ့ဦးနှောက်ဟာတခြားလူတွေနဲ့စုဝေးနေထိုင်ရခြင်းကိုနှစ်သက်ပါတယ်။ ဒါဟာအသက်ရှည်ဖို့ မျိုးပွားဖို့လိုအပ်ချက်တခုလည်းဖြစ်တဲ့အတွက် ကျနော်တို့ဟာပတ်ဝန်းကျင်ကလူတွေနဲ့ ရင်းနှီးစွာနေထိုင်ခြင်းမရှိတဲ့အခါရင်းရင်းနှီးနှီးဖြစ်အောင်နေထိုင်ဖို့ ဦးနှောက်ကအချက်ပြပါတယ်။ ဒီအတွက်အထီးကျန်တဲ့ခံစားမှုဖြစ်လာတာပါ။
Renaissance ခေတ်ကစပြီးလူသားတွေဟာ တကိုယ်ရည်ဘ၀နဲ့ပုဂ္ဂလိကဖြစ်တည်မှုကို ဦးစားပေးလာကြတဲ့အတွက် အဲ့ဒီအချိန်ကတည်းကအထီးကျန်မှုဝေဒနာစတင်ခဲ့တယ်လို့ပြောရမှာပါ။ စက်မှုတော်လှန်ရေးဖြစ်ထွန်းလာတဲ့အခါ လူသားတွေဟာမိမိဇာတိနဲ့ဆွေမျိုးသားချင်းတွေကိုစွန့်ခွာပြီး စက်ရုံရှိတဲ့နေရာပြောင်းရွှေ့လုပ်ကိုင်ကြရတော့ ပတ်ဝန်းကျင်သစ်နဲ့အကျွမ်းမ၀င်တာကနေ အထီးကျန်မှုဝေဒနာပိုဆိုးလာခဲ့တယ်။ ဆက်သွယ်ရေးနည်းပညာတွေပိုကောင်းလာတဲ့အခါ ကိုယ့်အပေါင်းအသင်းတွေနဲ့တွေ့ဆုံစကားပြောဖို့ထက် ဖုန်းတွေအင်တာနက်တွေကပဲ စကားပြောဖြစ်လာကြတာကလည်းရင်းနှီးမှုကိုလျော့ပါးစေပါတယ်။

အထီးကျန်မှုရဲ့ဆိုးကျိုးများ
အချိန်အတော်ကြာအောင်အထီးကျန်မှုဝေဒနာခံစားရခြင်းကြောင့် အရွယ်ကျတာမြန်သလို၊ ကင်ဆာ၊ အယ်ဇိုင်းမားတို့လိုရောဂါတွေရှိရင်လည်း အခြေအနေပိုဆိုးစေပါတယ်။ ကိုယ်ခံအားစနစ်လည်းကျဆင်းသွားတတ်ကြောင်း သုတေသနလုပ်ငန်းတွေအရတွေ့ရှိရတယ်။ အထီးကျန်ဝေဒနာခံစားရတာကြာလာပြီဆိုရင် ကိုယ့်ဦးနှောက်ဟာလူမှုဆက်ဆံရေးတွေမှာအရမ်း သတိထားလာပြီး အရာရာကိုသံသယနဲ့ကြည့်ပါတော့တယ်။ တပါးသူရဲ့သမားရိုးကျအပြုအမူလေး တွေကိုတောင်ကိုယ့်ကိုမကောင်းမြင်နေတာလို့ ဦးနှောက်ကဘာသာပြန်လာပါတယ်။ ဒါဟာဦးနှောက်ရဲ့လူ့မျက်နှာအမူအယာကိုပြန်ဆိုတဲ့စွမ်းရည်ဖောက်ပြန်သွားတဲ့သဘောပါပဲ။ လူတိုင်းကိုမယုံသင်္ကာဖြစ်လာတော့ ဘယ်သူနဲ့မှအရောမ၀င်ချင်တော့ဘဲတယောက်တည်းပိုနေဖြစ်လာတယ်။ တယောက်တည်းနေတာကြာလာလေ အထီးကျန်မှုဝေဒနာပိုပြင်းထန်လာပြီး အဆိုးသံသရာလည်နေပါတော့တယ်။
ဘယ်လိုကုစားမလဲ
အထက်ပါအဖြစ်အပျက်မျိုးတွေကြုံတွေ့ရတဲ့အခါကိုယ့်မှာအထီးကျန်ခြင်းဝေဒနာစတင်စွဲကပ်နေပြီဆိုတာသိနိုင်ပါတယ်။ အရေးကြီးတာကမိမိမှာဒီလိုဝေဒနာခံစားရတဲ့အတွက် ရှက်ကြောက်ခြင်းသိမ်ငယ်ခြင်းမဖြစ်ဖို့ပါပဲ။ ကိုယ့်အပေါင်းအသင်းလုပ်ဖော်ကိုင်ဘက်တွေနဲ့စကားပြောတဲ့အခါ သူတို့ရဲ့စကားတွေကိုအထအနကောက်မိနေသလား၊ သူတို့မအားလို့စကားကြာကြာမပြောနိုင်တာကိုပဲ ကိုယ့်ကိုဂရုမစိုက်ဘူးလို့အထင်လွဲမိနေသလား ပြန်သုံးသပ်ကြည့်ပါ။ လူမှုရေးမှာအရမ်းသတိထားလာပြီး ဘေးလူတွေနဲ့ခပ်ခွာခွာနေနေပြီဆိုရင် အရင်ကလိုလူတွေနဲ့ရင်းရင်းနှီးနှီးနေရင်း တော်ရုံစကားမှားတာလောက်ကိုဗွေမယူဘဲသဘောထားကြီးကြီးထားဖို့ကြိုးစားကြည့်ပါ။ တယောက်တည်းပြုပြင်ဖို့မဖြစ်တဲ့အခါ စိတ်ပညာရှင်တယောက်ယောက်နဲ့တွေ့ဆုံပြီးဆွေးနွေးကြည့်ပါ။ ဒါဟာပျော့ညံ့တာမဟုတ်ပါဘူး၊ ကိုယ့်အခြေအနေကိုယ်ရဲရဲသုံးသပ်နိုင်တဲ့သတ္တိရှိခြင်းသာဖြစ်ပါတယ်။
တယောက်တည်းဖြစ်နေသလိုခံစားလာရပြီဆိုရင် အခုပဲမိတ်ဆွေတယောက်ယောက်နဲ့ဆက်သွယ်ပြီး စကားပြောကြည့်ပါ။ အားလပ်ရက်မှာပြပွဲတခုခုတက်ပြီးလူသစ်တွေနဲ့တွေ့ကြည့်ပါ။ ဒါဟာကိုယ့်ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကိုလေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။ ကြွက်သားစိုင်တွေဟာလေ့ကျင့်ဖန်များရင်သန်မာလာသလို ကိုယ့်ပေါင်းသင်းဆက်ဆံမှုစွမ်းရည်လည်းတိုးတက်လာနိုင်ပါတယ်။
အချိန်ရရင်အောက်က YouTube video ကိုလည်းကြည့်ရှုသင့်ပါတယ်။