Advertisement

By Sithu Han

ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်က ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တဲ့ နည်းပညာသစ်မိတ်ဆက်ပွဲ အခမ်းအနားမှာ Apple ဟာ နည်းပညာဝန်ဆောင်မှုအသစ်တွေကို ချပြသွားခဲ့ပြီး အရင်နဲ့ မတူညီတဲ့ နည်းပညာနယ်ပယ်သစ်ဆီ ဦးတည်မယ့် Apple ရဲ့ ခြေလှမ်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

Apple ဟာ အဆိုပါမိတ်ဆက်ပွဲမှာ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ခြင်းထက် ဝန်ဆောင်မှုသစ်တွေကို ဦးစားပေးမိတ်ဆက်သွားခဲ့တာပါ။

ဒီတခေါက် မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကတော့ နာမည်ကျော် ရုပ်သံ Streaming ဖြစ်တဲ့ Netflix ကို ယှဉ်ပြိုင်လာနိုင်တဲ့ Apple TV+၊ အကြွေးဝယ်ကဒ်စနစ် Apple Card၊ ထိပ်တန်းသတင်းစာနဲ့ ဂျာနယ် ၃၀၀ ကျော်ကို ဖတ်ရှုနိုင်မယ့် Apple News+ နဲ့ Gaming သီးသန့် ဝန်ဆောင်မှုပေးမယ့် Apple Arcade တို့ပဲ ဖြစ်ပါ တယ်။

ဒီပွဲမှာ Apple TV+ ဟာ အဓိက ဦးစားပေးဝန်ဆောင်မှုသစ်အဖြစ်မိတ်ဆတ်တာနဲ့အညီ နာမည်ကျော်အနုပညာရှင် တွေဖြစ်တဲ့ ဒါရိုက်တာ စတီဗင်စပီးဘတ်ဂ်၊ အော်ပရာဝင်းဖရေး၊ ဂျနီဖာအင်နစ္စတန်တို့လည်း ဒီပွဲကို တက်ရောက်အားပေးခဲ့ကြပါတယ်။

Apple TV+ ဟာ ရုပ်ရှင်တွေ၊ စီးရီးတွေနဲ့ ရုပ်သံအစီအစဉ်တွေကို အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပြီး HBO၊ Showtime၊ Comedy Central စတဲ့ ရုပ်သံလိုင်း ပြသနေတာကိုလည်း ကြည့်ရှုနိုင်မှာပါ။ Apple ဟာ ဒီဝန်ဆောင်မှုကို အခြားထုတ်ကုန်တွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်ထားပြီး Samsung၊ Sony၊ LG စတဲ့ Smart TV တွေမှာ ရေပန်းစားအောင် ပစ်မှတ်ထားသွားမှာလည်း ဖြစ်ပါတယ်။

Apple Card ကိုတော့ ငွေကြေးဆိုင်ရာ အသုံးပြုမှုအတွက် iPhone ထဲမှာ ထည့်ထားတဲ့ Digital ကဒ်အနေနဲ့ရော ကိုင်တွယ်သုံးစွဲနိုင်တဲ့ ကဒ်အဖြစ်ပါ ဖန်တီးထားပါတယ်။ Apple ဟာ ဒီဝန်ဆောင်မှုကို IOS ပုံမှန်အသုံးပြုနေသူတွေကို ရည်ရွယ်ထားပြီး လုံခြုံရေးကို ဦးစားပေးကာ စားသုံးသူတွေကို စွဲဆောင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Apple News + ကတော့ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကို iDevice တွေမှာ ဖတ်ရှုနိုင်အောင် စုဆောင်းထားတဲ့ ဝန်ဆောင်မှုဖြစ်ပြီး မဂ္ဂဇင်းပေါင်း (၃၀၀) ကျော်ကို ဖတ်ရှုနိုင်မှာဖြစ် ပါတယ်။ လက်ရှိမှာတော့ ဒီဝန်ဆောင်မှုကို အမေရိကန်နဲ့ ကနေဒါတို့မှာသာ အသုံးပြုနိုင်ပြီး လစဉ်ကြေးအနေနဲ့ ၉.၉၉ ဒေါ်လာပေးသွင်းရမှာ ဖြစ်ပါတယ်။

Apple Arcade ကတော့ Apple ရဲ့ Gaming ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး iOS, macOS နဲ့ tvOS တွေပေါ်မှာ ကစားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းတွေကို offline အနေအထားကနေ ကစားနိုင်အောင် စီစဉ်ပေးထားသလို ဂိမ်းအသစ် ၁၀၀ ကျော်ပါဝင်လာမှာ ဖြစ်ပါတယ်။ Apple Arcade ဟာ သုံးစွဲသူရဲ့ privacy ကို ကာကွယ်ပေးသွားမှာဖြစ်ပြီး ကြော်ငြာတွေ ပါဝင်မှာ မဟုတ်ပါဘူး။ Arcade ဝန်ဆောင်မှုအတွက် လစဉ်ကြေးကိုတော့ Apple က မကြာမီမှာ ထုတ်ပြန်သွားဖို့ရှိနေပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here