By Nay Thiha
ဟောလိဝုဒ်အက်ရှင်မင်းသားကြီး Nicolas Cage တယောက်မြန်မာနိုင်ငံကိုလာပြီး ရုပ်ရှင်ရိုက်မယ်ဆိုတဲ့သတင်းကို ပရိသတ်တော်တော်များများကြားသိပြီးဖြစ်မှာပါ။ Jiu Jitsu ဆိုတဲ့အက်ရှင်ကားမှာ Cage ဟာဂျူဂျစ်စုကိုယ်ခံပညာရှင်တယောက်အဖြစ်ပါဝင်ထားပြီး ကမ္ဘာကြီးကိုလာရောက်ကျူးကျော်ဖို့ကြိုးစားနေတဲ့ဂြိုဟ်သားတွေကိုဆန့်ကျင်တိုက်ခိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကွက်တော်တော်များများကိုမြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမယ်ဆိုပေမယ့် ဘယ်ဒေသတွေမှာရိုက်ကူးမလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒီဆောင်းပါးမှာတော့ ရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဉ်းနဲ့ဂျူဂျစ်စုပညာရပ်အကြောင်း ပြောပြချင်ပါတယ်။
ရုပ်ပြ၀တ္ထုကိုအခြေခံထား
တကယ်တော့ Jiu Jitsu ဟာမူလကရုပ်ပြ၀တ္ထုဖြစ်ပြီး Dimitri Logothetis နဲ့ Jim McGrath တို့ကပူးတွဲဖန်တီးထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ Logothetis ကဒါရိုက်တာအနေနဲ့ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဂရိလူမျိုး Logothetis ဟာ Kickboxer franchise ကိုအောင်မြင်စွာပြန်လည် အသက်သွင်းနိုင်ခဲ့သူဖြစ်ပြီး ကိုယ်ခံပညာရပ်ဆိုင်ရာရုပ်ရှင်တွေ ဖန်တီးတဲ့နေရာမှာကျွမ်းကျင်ပါတယ်။ ဒီရုပ်ရှင်မှာအဓိကဇာတ်ကောင် Jake Barnes နေရာမှာ Alain Moussi ကပါဝင်မှာဖြစ်ပြီး Cage ကတော့သူ့ကိုပံ့ပိုးကူညီပေးမယ့် ဂျူဂျစ်စုပညာရှင် Wylie အဖြစ်သရုပ်ဆောင်မှာပါ။
ခုမှစတင်ရိုက်ကူးမှာဖြစ်တဲ့အတွက် ရုပ်ရှင်ရဲ့ဇာတ်လမ်းကိုတိတိကျကျမသိရသေးပေမယ့် ရုပ်ပြဇာတ်လမ်းကျောရိုးကိုအခြေခံထားတာမို့ ရုပ်ပြဇာတ်လမ်ကိုပဲအကျဉ်းချုပ်ပြောပြပါ့မယ်။ အဓိကဇာတ်ကောင် Jake McCall ဟာ အတိတ်မေ့နေတဲ့ဂျူဂျစ်စုပညာရှင်တယောက်ဖြစ်ပါတယ်။ တခြားကမ္ဘာကဂြိုဟ်သားတွေကသူ့ကိုဖမ်းဆီးပြီး မှတ်ဥာဏ်တွေဖျက်ဆီးလိုက်တဲ့အတွက် သူဘယ်သူဘယ်ဝါဆိုတာကိုမမှတ်မိတော့တဲ့အပြင် ဂြိုဟ်သားတွေအစားထိုးထည့်ပေးလိုက်တဲ့ မှတ်ဥာဏ်တုနဲ့ရှင်သန်နေရသူဖြစ်ပါတယ်။
ရှေးတချိန်ကအာကာသထဲကဂြိုဟ်သားတွေကမ္ဘာပေါ်ရောက်လာပြီး လူသားတွေရဲ့မှတ်ဥာဏ်ကို ထိန်းချုပ်ကာကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီဂြိုဟ်သားတွေအရင်ဆုံးကျူးကျော်ခဲ့တဲ့ နေရာက Brazil နိုင်ငံဖြစ်ပြီး ဒေသခံဂျူဂျစ်စုပညာရှင်တွေက စုပေါင်းတွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမယ့် ပြဿနာဟာမပြီးဆုံးသေးဘဲ ကျူးကျော်ဂြိုဟ်သားတွေရဲ့ရန်က ၆နှစ်တခါပြန်ခေါင်းထောင်လာလေ့ ရှိပါတယ်။ ဒါကြောင့်ဂျူဂျစ်စုပညာရှင်တွေစုပေါင်းပြီး လျှို့ဝှက်အဖွဲ့အစည်းတခုတည်ထောင်ရင်း သူတို့ရဲ့ကိုယ်ခံပညာကိုလက်ဆင့်ကမ်းကာကမ္ဘာကြီးကိုကာကွယ်နေတာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီတခေါက်မှာတော့ ဂျူဂျစ်စုပညာရှင်တွေရဲ့မျှော်လင့်ချက်ဖြစ်တဲ့ Jake ဟာအတိတ်မေ့နေတဲ့အတွက် ဂြိုဟ်သားခေါင်းဆောင် Brax ကိုယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ဂျူဂျစ်စုပညာရှင်တွေကကူညီပေးမှဖြစ်မှာပါ။ Cage ကတော့ဒီပညာရှင်တွေရဲ့ခေါင်းဆောင်အဖြစ် ပါဝင်သွားမယ်လို့ယူဆရပါတယ်။ Sorcerer’s Apprentice ထဲကလိုပဲဇာတ်လိုက်ရဲ့ဆရာနေရာကနေ သရုပ်ဆောင်သွားမယ်လို့ထင်ပါတယ်။ ရုပ်ပြ၀တ္ထုကိုဖတ်ချင်ရင်တော့ Amazon မှာ ၁၀ဒေါ်လာဝန်းကျင်နဲ့ဝယ်ယူနိုင်ပါတယ်။
https://www.amazon.com/Jiu-Jitsu-Dimitri-Logothetis/dp/0692863168
ဒီနေရာမှာမေးစရာက ဘာကြောင့်ကိုယ်ခံပညာရပ်တွေအများကြီးထဲကမှ ဂျူဂျစ်စုပညာရပ်ကိုသုံးပြီးဂြိုဟ်သားတွေကိုတိုက်ခိုက်ရတာလဲဆိုတဲ့မေးခွန်းပါ။ အဲ့ဒီမေးခွန်းကိုဖြေဖို့ဆိုရင် ဒီကိုယ်ခံပညာရပ်အကြောင်းအကြမ်းဖျဉ်းတော့သိဖို့လိုလာပါပြီ။
ဂျူဂျစ်စုဆိုတာ

ဒီကိုယ်ခံပညာရပ်ဟာဂျပန်နိုင်ငံမှာစတင်ခဲ့တာဖြစ်ပြီး စစ်သားတွေမိမိကိုယ်ကိုယ်လက်နက်မဲ့ခုခံဖို့ သင်ကြားခဲ့ရာကနေ နောက်ပိုင်းကျတော့သာမန်ပြည်သူတွေကြားမှာပါကိုယ်ခံပညာရပ်တခုအဖြစ် ခေတ်စားလာခဲ့ပါတယ်။ ပညာရှင်တွေကိုသူတို့ရဲ့ကျွမ်းကျင်မှုအလိုက် ခါးပတ်ဖြူကနေ အနက်အထိအရောင်အမျိုးမျိုးခွဲခြားသတ်မှတ်ထားပါတယ်။
Jujitsu ဟာတဘက်သားကိုတိုက်ခိုက်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရင်း ရန်သူရဲ့အလစ်အငိုက်ကိုစောင့်ပြီးခြေတွေလက်တွေကိုချုပ်ကာမြေပေါ်ပစ်လှဲအနိုင်ယူတဲ့ဗျူဟာကိုအခြေခံပါတယ်။ စိတ်တည်ငြိမ်မှုရှိဖို့အရေးကြီးပြီး ရန်သူကဒေါသတကြီးတိုက်ခိုက်လေလေ သူ့ဟာကွက်ကိုမြင်နိုင်လေလေဖြစ်တာကြောင့် မာန်ဟုန်ကြီးတဲ့ဂြိုဟ်သားတွေကိုတိုက်ခိုက်ဖို့ အကောင်းဆုံးပညာရပ်ဖြစ်ခဲ့ပုံရပါတယ်။
Jigoro Kano ဆိုတဲ့ကိုယ်ခံပညာရှင်ဟာ ၂၀ရာစုအစောပိုင်းမှာဂျူဒိုပညာကိုတီထွင်ခဲ့ပါတယ်။ သူ့တပည့်တယောက်ဖြစ်တဲ့ Mitsuyo Maeda ဟာ Brazil ကိုရွှေ့ပြောင်းသွားခဲ့ပြီး ဒေသခံတွေကို Jujitsu ပညာသင်ပေးရာကနေ Brazilian Jui-jitsu ထွန်းကားလာပါတယ်။ ဒီပညာရပ်ဟာလည်း ထိုးနှက်ဖို့ထက်ရန်သူကိုခြေဆစ်လက်ဆစ်တွေနေရာကနေချုပ်ကိုင်ပြီး မြေပေါ်လှဲချဖို့ရည်ရွယ်ပါတယ်။ ရုပ်ပြထဲမှာလည်း ဂြိုဟ်သားတွေက Brazil ကိုစတင်ကျူးကျော်တာဖြစ်တဲ့အတွက် အဲ့ဒီမှာရှိနေတဲ့ဒေသခံတွေနဲ့ ရွှေ့ပြောင်းဂျပန်လူမျိုးတွေကစတင်တော်လှန်ခဲ့တာမို့ ဂျူဂျစ်စုဟာထိရောက်တဲ့ကိုယ်ခံပညာဖြစ်ခဲ့ပုံရပါတယ်။