Advertisement

By Nay Thiha

မတ်လ ၈ရက်နေ့ကတည်းကရုံတင်တဲ့ Captain Marvel ကိုတော်တော်များများကြည့်ပြီးကြပြီလို့ထင်ပါတယ်။ Cap Marvel ဟာရုံမတင်ခင် trailer တွေထွက်လာကတည်းက social media တွေမှာပွဲတော်တော်ဆူခဲ့တာပါ။ အဓိကအကြောင်းအရာကတော့ အမျိုးသမီးသူရဲကောင်း Cap Marvel အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Brie Larson ဟာဇာတ်ကားထဲမှာပြုံးတာနည်းလို့ဆိုပြီး netizen တွေကအပြစ်ပြောကြတာပါပဲ။ အဲ့ဒါနဲ့ Larson ဟာတခြား Marvel ရုပ်ရှင်တွေထဲကအမျိုးသား superhero တွေရဲ့မျက်နှာမှာ ကြောင်စီစီအပြုံးတွေကို photoshop နဲ့ထည့်ပြီးတုံ့ပြန်ခဲ့ပါတယ်။

ရုံတင်တော့လည်း Marvel ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်းပဲ ပထမဦးဆုံးအပတ်မှာတင် box office ရဲ့ထိပ်ဆုံးကိုရောက်ခဲ့တယ်။ ဒီဆောင်းပါးမှာတော့ ဇာတ်လမ်းအကျဉ်းအပြင် ရုပ်ရှင်ထဲကဂြိုဟ်သားမျိုးစိတ်တွေနဲ့ ဇာတ်ကောင်တချို့အပါအ၀င် Nick Fury ရဲ့အချစ်တော်ကြောင်လေး Goose တို့ရဲ့အကြောင်းကိုရှင်းပြချင်ပါတယ်။ တော်တော်များများကြည့်ပြီးပြီလို့ယူဆထားတဲ့အတွက် spoiler တော့ပါပါလိမ့်မယ်။

လေယာဉ်ပျက်ကျပြီးအတိတ်မေ့နေတဲ့ Carol Danvers ဟာ Vers ဆိုတဲ့နာမည်သစ်နဲ့ Kree Empire ရဲ့မြို့တော် Hala မှာနေထိုင်နေတယ်။ သူဟာသက်ကြီးပိုင်းအရွယ်အမျိုးသမီးတယောက်အကြောင်း အိပ်မက်ဆိုးတွေမကြာခဏမက်လေ့ရှိတယ်။ သူ့ကို Starforce ဆိုတဲ့တပ်ဖွဲ့ရဲ့ commander Yon-Rogg ကသူ့ရဲ့စွမ်းအင်တွေကိုဘယ်လိုထိန်းချုပ်အသုံးပြုရမလဲသင်ပေးတယ်။ Kree တို့ရဲ့ခေါင်းဆောင် Supreme Intelligence ကတော့ Starforce မှာတာဝန်ထမ်းဆောင်ဖို့ဆိုရင်သူ့ရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့ သတိပေးခဲ့ပါတယ်။

တနေ့မှာ Kree တို့နဲ့စစ်ဖြစ်နေတဲ့ Skrull ဂြိုဟ်သားတွေရဲ့စခန်းမှာဖမ်းထားတဲ့ Kree သူလျှိုကို Starforce နဲ့အတူဝင်ကယ်ရင်း Vers အဖမ်းခံလိုက်ရတယ်။ Skrull တွေရဲ့ခေါင်းဆောင် Talos ဟာ Vers ရဲ့မှတ်ဥာဏ်ကိုဝင်ရောက်ကြည့်ရှုနေတုန်းမှာ Vers နိုးလာပြီး Skrull စစ်သည်တော်တွေကိုတိုက်ခိုက်ပြီး ကမ္ဘာမြေပေါ်ရောက်ရှိသွားခဲ့ပါတယ်။

အဲ့ဒီမှာ SHIELD က agent တွေဖြစ်တဲ့ Nick Fury၊ Phil Coulson တို့နဲ့တွေ့ပြီး Skrull စစ်သားတယောက် ဆီကရတဲ့သဲလွန်စကနေတဆင့်သူ့အတိတ်ကအဖြစ်အပျက်တွေအကြောင်းရှာဖွေပါတော့တယ်။ ဇာတ်လမ်းအကြောင်းကိုတော့ဒီလောက်နဲ့ပဲရပ်ပြီး ဇာတ်ကောင်တချို့နဲ့သူတို့ရဲ့ရုပ်ပြဇာတ်လမ်းထဲက ဖြစ်တည်မှုတွေအကြောင်းရှင်းပြချင်ပါတယ်။

Goose the Cat

ကြောင်ကလေး Goose ကို Pegasus US Air Force ရဲ့အခြေစိုက်စခန်းထဲမှာ Fury နဲ့ Danvers တို့တွေ့ခဲ့တာပါ။ အမှန်တော့ Goose ဟာကြောင်အစစ်မဟုတ်ဘဲ ကြောင်နဲ့အလွန်တူတဲ့ Flerken ဂြိုဟ်သားတကောင်သာဖြစ်ပါတယ်။ ဒီဂြိုဟ်သားတွေဟာပါးစပ်ကနေရေဘ၀ဲနှာမောင်းကြီးတွေထုတ်ပြီး သက်ရှိသက်မဲ့တွေကိုဆွဲယူမျိုချနိုင်တယ်။ သူတို့ရဲ့ဝမ်းဗိုက်ထဲမှာ အိတ်ဆောင်စကြ်ာဝဠာ (pocket universe) လေးတွေရှိပြီး သူတို့မျိုချထားတဲ့အရာတွေကိုထိန်းသိမ်းထားနိုင်ပါတယ်။ ပြီးရင်လိုအပ်တဲ့အချိန်မှာ ပြန်အန်ထုတ်နိုင်တယ်။ ရုပ်ရှင်ထဲမှာ Fury ကမွေးထားလိုက်ပေမယ့် ရုပ်ပြထဲမှာတော့ သူက Carol Danvers ရဲ့ကြောင်ကလေးဖြစ်ပြီး နာမည်က Chewie လို့ခေါ်ပါတယ်။ ဒါဟာ Star Wars ထဲက Han Solo ရဲ့သူငယ်ချင်း Chewbacca ကိုအစွဲပြုခေါ်ထားတာပါ။ ရုပ်ပြထဲမှာတော့ Flerken တွေဟာစကြ်ာဝဠာတွေကို ဖြတ်သန်းပြီး ခရီးသွားနိုင်စွမ်းရှိပါတယ်။ တခါမျိုးပွားရင်ဥရာနဲ့ချီဥလေ့ရှိပြီး Chewie ဟာသူ့ကလေးတွေကို လုံခြုံတဲ့နေရာတခုခုမှာထားပြီးတာနဲ့ Danvers ဆီပြန်လာလေ့ရှိပါတယ်။

Supreme Intelligence

ဒီနတ်ဘုရားဆန်ဆန်လူလုပ်မှတ်ဥာဏ် (Artificial Intelligence) ဟာ Kree ဂြိုဟ်သားတွေအားလုံးရဲ့ ခေါင်းဆောင်လည်းဖြစ်သလို ဥာဏ်ရည်အထက်မြတ်ဆုံး Kree ဂြိုဟ်သားတွေရဲ့မှတ်ဥာဏ်အစုအဝေးလည်း ဖြစ်ပါတယ်။ သူဟာ Kree ဂြိုဟ်သားတယောက်စီရဲ့အရေးပါအရာရောက်တဲ့သူတဦးဦးရဲ့ပုံစံကိုယူပြီး Kree ဂြိုဟ်သားတွေနဲ့တွေ့ဆုံလေ့ရှိပါတယ်။ ဒါကြောင့် Kree ဂြိုဟ်သားတယောက်စီမှာ Supreme Intelligence နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံမှုတွေရှိပါတယ်။ Danvers ကတော့ Supreme Intelligence ကို Kree ဂြိုဟ်သား Mar-Vell အဖြစ်မြင်ရပါတယ်။

Kree

နည်းပညာပိုင်းအဆင့်မြင့်တဲ့ Kree ဂြိုဟ်သားတွေဟာ Hala ဂြိုဟ်ပေါ်မှာနေထိုင်ကြပြီး ပုံပန်းသဏ္ဍာန်ကတော့ လူနဲ့အတော်တူပါတယ်။ ရုပ်ပြထဲမှာတော့ Kree တွေဟာအပြာရောင်အသားအရေရှိပြီး နောက်ပိုင်းမှာပန်းရောင်အသားအရေရှိတဲ့သွေးနှောတွေပေါ်လာပါတယ်။ အဲ့ဒီနောက်အပြာရောင်အသားအရေနဲ့ Kree တွေဟာခွန်အားပိုင်းအရပိုသာတဲ့လူနည်းစုတွေဖြစ်သွားခဲ့တယ်။ ရုပ်ရှင်ထဲမှာတော့အသားအရောင်ကွဲပြားမှုနဲ့ပတ်သက်ပြီး ထူးထူးခြားခြားပြောထားတာမတွေ့ရသေးဘူး။ သူတို့ဟာကမ္ဘာပေါ်ကို ကျောက်ခေတ်ကတည်းကရောက်လာကြတာဖြစ်ပြီး လူတွေရဲ့ခန္ဓာကိုယ်ထဲသူတို့ DNA တွေပေါင်းထည့်စမ်းသပ်ရင်းတန်ခိုးရှင်တွေကို မွေးထုတ်ခဲ့ကြတယ်။ အဲ့ဒီတန်ခိုးရှင်တွေဟာနောက်ပိုင်းမှာ Inhuman တွေအဖြစ်လူသိများလာပါတယ်။

Skrull

ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိတဲ့ဒီဂြိုဟ်သားတွေဟာ Kree တွေရဲ့ကမ္ဘာရန်တွေလို့လည်းဆိုနိုင်ပါတယ်။ ရုပ်ပြထဲမှာတော့ Skrullo လို့ခေါ်တဲ့ကုန်သွယ်ရေးအဓိကလုပ်ကိုင်တဲ့ဂြိုဟ်ကမ္ဘာတခုမှာနေထိုင်ကြတာဖြစ်ပြီး သူတို့ရဲ့နည်းပညာတွေကို ရသင့်ရထိုက်တဲ့သူတွေကိုမျှဝေလေ့ရှိပါတယ်။ ရုပ်ရှင်ထဲမှာကမ္ဘာသစ်ရှာနေကြတဲ့ ဒုက္ခသည်တွေအဖြစ်ပုံဖော်ထားပေမယ့် ရုပ်ပြထဲမှာတော့အလွန်အင်အားကြီးတဲ့အင်ပါယာထူထောင် ထားနိုင်သူတွေဖြစ်ပါတယ်။ Kree တွေနဲ့စစ်ဖြစ်တာကြာလာတာနဲ့အမျှ ကုန်သွယ်လုပ်ငန်းလုပ်ကိုင်တဲ့မျိုးနွယ်စုအဖြစ်ကနေ စစ်သည်တော်မျိုးနွယ်စုအဖြစ်ပြောင်းလဲလာပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here