နိုင်ငံတကာမှာပြင်သစ်အစားအသောက်တွေကအရသာရှိရုံသာမကဘဲ ပြင်ဆင်တည်ခင်းမှုလှပတဲ့ အတွက်ကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့်အအခုခေတ်မှာတော့ အစားအစာတွေပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိခြင်းအပြင်အဆင်လှခြင်းတွေနဲ့တင် မလုံလောက်တော့ပါဘူး။ ကိုယ်အသုံးပြုထားတဲ့ပါဝင်ပစ္စည်းတွေ၊ အသားငါးတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရေးကိုပါ ထည့်သွင်းစဉ်းစားလာရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy
ပဉ္စမအကြိမ်အဖြစ်ကျင်းပတဲ့ Gout de France/Good France (ကောင်းသောပြင်သစ်နိုင်ငံ) ပြင်သစ်ဟင်းလျာပွဲတော်ဟာ မတ်လ ၂၁ကနေ ၂၄ရက်နေ့အထိ တိုက်ကြီး ၅တိုက်မှ စားဖိုမှူးပေါင်း ၅၀၀၀က သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန်၊ ကျန်းမာရေးနဲ့ညီညွတ်စေရန်ချက်ပြုတ်ပြင်ဆင်ထားသော ပြင်သစ်ဟင်းလျာများကိုတည်ခင်းသွားမှာဖြစ်ပါတယ်။
ဒီဟင်းလျာပွဲတော်ကိုမြန်မာနိုင်ငံမှာရှိတဲ့အထင်ကရဟိုတယ်တွေမှာလည်းကျင်းပပြုလုပ်လျက်ရှိပါတယ်။ ကျနော်တို့ကတော့ မတ်လ ၁၁ရက်နေ့က Mercure Yangon Kaba Aye Hotel မှာကျင်းပသွားခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲနဲ့ဟင်းလျာမြည်းစမ်းပွဲကိုတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
စာနယ်ဇင်းရှင်းလင်းပွဲမှာမြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy က “ဒီဟင်းလျာပွဲတော်ဟာ ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အဆီ၊ သကြား၊ အငံအရသာတွေကိုလျှော့ပြီး သင့်တင့်မျှတစွာ ချက်ပြုတ်ထားတာပါ။ ပြီးတော့ Alexandra Cousteau ရဲ့ပလတ်စတစ်ကင်းစင်ရေး ဖောင်ဒေးရှင်းလှုပ်ရှားမှုနှင့်အတူ လက်တွဲပြီးယခုပွဲတော်ကိုပြုလုပ်ရန်စီစဉ်ထားတယ်” လို့ပြောခဲ့ပါတယ်။
ပွဲမှာတည်ခင်းကျွေးမွေးတဲ့ပြင်သစ်ဟင်းလျာတွေဟာ ချိုလွန်းခြင်း၊ အီလွန်းခြင်း၊ ငံလွန်းခြင်းမရှိဘဲ အစပ်အဟပ်တည့်ပြီးသင့်တင့်မျှတနေတာကိုတွေ့ရပါတယ်။
ဟင်းလျာတွေပြင်ဆင်ချက်ပြုတ်ပေးတဲ့ဝါရင့်စားဖိုမှူးတွေထဲကတယောက်ဖြစ်တဲ့ Mercure Yangon Kaba Aye (Micasa Restaurant & Bar) ရဲ့ Executive Chef ကိုညီညီဝင်းပြင်ဆင်ထားတဲ့ goat cheese ဟာဆိုရင် cheese ရဲ့အီဆိမ့်တဲ့အရသာကို အင်းလေးခရမ်းချဉ်သီးစိမ်းတွေနဲ့ပြုလုပ်ထားတဲ့ဂျယ်လီရဲ့ ချဉ်ပြုံးပြုံးအရသာနဲ့ပြန်ထိန်းထားတာ ဆန်းသစ်ကောင်းမွန်တဲ့တီထွင်ဖန်တီးမှုတခုပါ။
Chef ကိုညီညီဝင်း
ရန်ကုန်ကနာမည်ကြီးဟိုတယ်နှင့်စားသောက်ဆိုင်တွေကစားဖိုမှူးတွေဖြစ်တဲ့ Christophe Buzaré (Babett Eatery and Bar)၊ Jean Charles Dubois နဲ့ ထွန်းထွန်းနိုင်(Le Cellier – Novotel Max)၊ Lluis Cantons (Olea – Hôtel Melia)၊ Orng Joitamoi (Orng Kitchen)၊ Wilfrid Aubier (The Newsroom – Hôtel Excelsior)၊ နဲ့ Patrick Perié (The Strand Restaurant) တို့ကလည်း ဒီပွဲမှာပါဝင်ဆင်နွှဲသွားဦးမယ်လို့ပြင်သစ်သံရုံးရဲ့အဆိုအရသိရပါတယ်။
ရန်ကုန်ပြင်ပမှာဆိုရင်လည်း စားဖိုမှူး Sai Obekar (Primo – The M Gallery by Sofitel – Nay Pyi Taw)၊ Andrea Molinari (Roots Signature – Sofitel Inle Lake Myat Min)၊ ဖြိုးဝေသိန်းဖြိုး(Sunset – Novotel Inle Lake Myat Min) နဲ့ Armelle Auger (The Black bamboo – Thiripyitsaya 4 Bagan-Nyaung Oo) တို့ကအသီးသီးပါဝင်သွားကြပါဦးမယ်။