By Dr Htun Win Lin
တော်တော်များများ သိလိုက်ကြမည်ထင်ပါသည်။ ၂၀၁၉ နှစ်သစ်မှစပြီး ၂လဆက်တိုက်နီးပါး ကပ်ရောဂါငယ်တစ်ခု ဖြစ်ပွားခဲ့သည်။ တော်တော်များများက အရေးမကြီးဟုထင်ခဲ့သော်လည်း ဒီရောဂါကတစ်နှစ်တစ်ခါပေါ်ထွက်လာမြဲ ခြိမ်းခြောက်မြဲ သတိမမူမိသူတို့၏ အသက်ဝိညာဉ်တို့ကို နှုတ်ယူခဲ့မြဲ။
ထိုရောဂါမှာဝက်သက်ရောဂါဖြစ်သည်။
၂၀၁၉ နှစ်ဦးပိုင်း ဇန်နဝါရီလ မှစပြီး တစ်ကမ္ဘာလုံးနီးပါးကပ်ရောဂါသဖွယ်ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါသည် အရှေ့တောင်အာရှအပါအဝင် မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားခဲ့သည်။ ကြိုတင်ကာကွယ်သူတို့ သက်သာရာ ရကြသော်လည်း အများစုမှာ မသိ၍သော်လည်းကောင်း၊ သတိမပြုမိ၍သော်လည်းကောင်း ဝမ်းနည်းဖွယ်အဖြစ်နှင့်ကြုံတွေ့ခဲ့ရသည်။ ဒီလိုရောဂါကဘာကြောင့်ဖြစ်သလဲ ဘယ်လိုတွေကာကွယ်နိုင်သလဲ ဖြစ်ပွားခဲ့လျှင်မည်သို့ ကုသနိုင်မည်လဲ မေးစရာများရှိပါသည်။
အဖြေကလူတိုင်းသိပြီးသားအဖြေများဖြစ်သော်လည်း အများစုမှာအကြောင်းအမျိုးမျိုးကြောင့်မလိုက်နာကြပါ။ ဘယ်သူမပြု မိမိမှုသာဖြစ်သည်။
ကူးစက်ပုံနှင့် ရောဂါအကြောင်း
ဝက်သက်ရောဂါသည် Measles ဗိုင်းရပ်စ် ပိုးတစ်မျိုးကြောင့်ဖြစ်ပွားသောရောဂါဖြစ်ပြီး ကာကွယ်ဆေးမထိုးထားသောသူ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်နိုင်သောရောဂါဖြစ်သည်။
ရောဂါဖြစ်ပွားနေသူ ချောင်းဆိုးနှာချေခြင်းဖြင့်ဖြစ်စေ၊ ထိုသူ၏အညစ်အကြေး သလိပ်စသည်တို့ကို တိုက်ရိုက် ကိုင်တွယ်မိသည်ကဖြစ်စေ၊ ထိုသူနှင့်အတူ နေထိုင်သူများကာကွယ်ဆေးမထိုးထားလျှင် တစ်ဦးမှတစ်ဦးလျှင်မြန်စွာ ကူးစက်နိုင်ပါသည်။
ရောဂါသည် အနီစက်များကိုယ်တွင်မထွက်ပေါ်မီ ၄ရက်နှင့် ထွက်ပေါ်ပြီး ၄ ရက်အတွင်းကူးစက်နိုင်ခြေအများဆုံး ဖြစ်သည်။
ရောဂါလက္ခဏာများ
ကနဦးတွင် အဖျားကြီးပြီး နှာစေးချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိနီပြီး မျက်ရည်ပူများ ကျခြင်း ဖြစ်ပွားပြီး မကြာမီတွင် ပါးစောင်တွင် အဖြူစက်လေးများပေါ်လာတတ်သည်။
ကနဦးစတင်ဖြစ်ပွားပြီး ၃ ရက်မှ ၅ရက်အကြာတွင် အနီစက်ကလေးများ၊ အနီပြင်များ စတင်ပေါ်ပေါက်လာပြီး တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ အနီစက်များ ပေါ်လာပြီး ၅ ရက်မှ ၆ရက်အကြာတွင် အနီစက်များ အရောင်ဖျော့၍ ပျောက်သွားတတ်ပါသည်။ တစ်ခါတစ်ရံ ပြင်းထန်ပါက ဗီတာမင်ဓာတ်ချို့တဲ့ကာဝမ်းပျက်ဝမ်းလျှောခြင်း၊ မျက်ခမ်းစပ်ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပွားတတ်သည်။
သို့သော် ထိုသို့ပျောက်ကင်းသွားခြင်းမှာ ဖြစ်ပွားသူ၏ မူလကိုယ်ခံအားစနစ်အပေါ်များစွာမူတည်ပါသည်။ အားနည်းသူသက်ကြီးရွယ်အိုများ၊ ကာကွယ်ဆေးမထိုးထားသောကလေးသူငယ်များ၊ ရောဂါအခံကြောင့်ဖြစ်စေ၊ အာဟာရချို့တဲ့၍ဖြစ်စေ ကိုယ်ခံအားကျဆင်းနေသောလူလတ်ပိုင်းများ၊ လူငယ်များတွင်ထိုသို့ပျောက်ကင်းသွားခြင်း မရှိဘဲဝက်သက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုခံစားရနိုင်ပါသည်။

ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
- ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ခြင်း
- ရေဓာတ်ဆုံးရှုံးမှုပြင်းထန်သည်အထိဝမ်းပျက်ဝမ်းလျှောခြင်း
- နားအလယ်ခန်းရောင်ခြင်း
- အမြင်အာရုံဆုံးရှုံးခြင်း
- ပြင်းထန်သောဦးနှောက်ရောင်ရောဂါဖြစ်ခြင်း တို့မှ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါသည်။
ထိရောက်သောကုသခြင်းများ
- အရည်များများတိုက်ပါ
- ကောင်းစွာ အိပ်စက် အနားယူပါ
- လတ်ဆတ်သော အစားအစာဝင်နိုင်သမျှ ကျွေးပါ
- ဗီတာမင် ဆေးများထပ်မံတိုက်ကျွေးပါ
- အခြားသူများ မကူးစက်စေရန် သီးသန့်နေထိုင်ပါ
- ပြင်းထန်ရောဂါလက္ခဏာ စတင်ပေါ်ပေါက်သည်နှင့် ဆေးရုံတွင်အမြန်ဆုံးကုသမှုခံယူပါ
ထိရောက်သော ကာကွယ်နည်းများ
(၁) ဝက်သက်ကာကွယ်ဆေး ထိုးနှံပါ။
ကလေးငယ်များ
ပထမအကြိမ် – အသက်၉လ
ဒုတိယအကြိမ် - အသက် ၁၈လ (၁နှစ်ခွဲ) တွင်ထိုးရန်သတိပြုပါ။
(၂) လူထူသောနေရာများတွင် လက်ကိုင်ပုဝါ မျက်နှာအုပ်ဖုံး စသည်တို့ဖြင့် ဝတ်ဆင်ပြီး ကာကွယ်ပါ။
(၃) လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးပါ။
(၄) ဗီတာမင်ကြွယ်ဝသော၊ အာဟာရ ပြည့်ဝသောအစားအသောက်များစားပါ။
(၅) ရေများများသောက်ပါ။
(၆) လုံလောက်စွာ အိပ်စက်အနားယူပါ။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်များစွာထိရောက်ပါသည်။ မိမိတို့ဘက်မှလက်ဦးမှုယူရန်သာလိုအပ်ပါသည်။

ကာကွယ်ဆေးနှင့်ပတ်သက်၍
ယနေ့ခေတ်တွင် ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်သောဆက်သွယ်ရေးစနစ်များ ရှိလာသော်လည်း မှန်ကန်သောသတင်း အချက်အလက်များကို ရှာဖွေမှု အားနည်းသည်ကိုတွေ့မြင်ရပါသည်။ ထိုအတွက်ကြောင့်လည်း ကာကွယ်ဆေးနှင့်ပတ်က်၍ လွဲမှားသောအသိအမြင်များ ရှိနေသေးသည်ကို ဝမ်းနည်းစွာ မြင်တွေ့ရပါသည်။
မိမိကလေးကာကွယ်ဆေးထိုးရင်း အဆင်မသင့်လျှင် ပိုလီယိုရောဂါ ဖြစ်တတ်သည်၊ အော်တစ်ဇင်ရောဂါ ဖြစ်တတ်သည် စသည်ဖြင့် လွဲမှားစွာယူဆမိပြီးကာကွယ်ဆေးမထိုးသည့်အတွက် ရောဂါခံစားရပြီးတိမ်းပါးသွားရသည့် ကလေးငယ်များကို စိတ်မကောင်းစွာကြုံတွေ့ဖူးပါသည်။ မိဘများကို ထိုသို့အမြင်မမှားစေလိုပါ။ ကာကွယ်ဆေးထိုးပြီးလျှင် အနည်းငယ်ဖျားတတ်သည်မှာပုံမှန်ဖြစ်ပါသည်။ လူကြီးပင်လျှင်ဖျားတတ်သော်လည်း
ကာကွယ်ဆေးတိုင်းမဖြစ်ပါ။ သို့သော်စိုးရိမ်စရာ အခြေအနေမျိုးမရှိပါ။ အကြိမ်ရေပြည့်အောင်ထိုးသင့်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးသင့်သောအချိန်တွင်ထိုးပြီး ကာကွယ်ထားရပါမည်။
ကာကွယ်ဆေး မထိုးသင့်သော လူနာများ
- ယခင်ကကာကွယ်ဆေးတစ်မျိုးမျိုးနှင့် ပြင်းထန်စွာဓာတ်မတည့်ခြင်းဖြစ်ဖူးသူများ
- ကိုယ်ဝန်ဆောင်မိခင်များ
- ရောဂါအခံကြောင့် ခုခံအားအလွန်အမင်းကျဆင်းနေသူများ
ထိုသူများအနေဖြင့် ဖော်ပြခဲ့သောကာကွယ်နည်းများဖြင့်သာသတိပြုကာကွယ်ရပါမည်။
နောက်ဆုံးအနေနှင့် ပြည်သူများအားလုံးမိမိတို့ လက်လှမ်းမီရာ ကျန်းမာရေးအသိဖြန့်ဝေသောစာများဖတ်ခြင်း၊ မှန်ကန်သောအချက်အလက်များကိုရှာဖွေလေ့လာခြင်းဖြင့် ထိရောက်စွာကြိုတင်ကာကွယ်နိုင်ပြီး ၀က်သက်ရောဂါနှင့် နောက်ထပ်ကြုံတွေ့နိုင်သည့်ရောဂါများကို ကျော်လွှားနိုင်ပါစေရန်ဆုတောင်းလိုက်ပါသည်။
(ဒေါက်တာထွန်းဝင်းလင်းသည် CBL Chemo Centre ၌အလုပ်လုပ်နေသောဆရာဝန်တဦးဖြစ်ပြီး ဤဆောင်းပါးအားမေတ္တာဖြင့်ကူညီရေးသားပေးသူဖြစ်ပါသည်။)