By Nay Thiha
“သည်းဦးကိုယ်တိုင်ကပုံတွေဆိုရင် period art ကိုသဘောကျတယ်။ ရုပ်ရှင်တို့သီချင်းတို့ဆိုလည်း ရှေးတုန်းကဟာတွေကိုပိုကြည့်ဖြစ်နားထောင်ဖြစ်တယ်။ မသိစိတ်ကဖြစ်တာထင်ပါတယ်။ ပုံဆွဲရင်လည်း အဲ့ဒီရှေးခေတ်ကိုထင်ဟပ်တဲ့ပုံလေးတွေပိုဆွဲဖြစ်တယ်။”
Thee Oo’s Artvenue ဆိုတဲ့ Facebook page လူသိများလာတာ တနှစ်ကျော်လောက်ရှိပါပြီ။ ရုပ်ပြကာတွန်းနဲ့ပန်းချီဝါသနာရှင်တွေကသူတို့ရဲ့အကောင်းဆုံးလက်ရာတွေကိုချည်းချပြကြတဲ့ Facebook မှာ သဲဦးရဲ့လက်ရာတွေမှာ ၂၀ရာစုကပန်းချီပုံတွေရဲ့လွှမ်းမိုးမှုတွေကိုပီပီပြင်ပြင်တွေ့ရတဲ့အတွက် အများနဲ့မတူတမူထူးခြားလျက်ရှိပါတယ်။
သူ့ရဲ့အမည်ရင်းဟာ သည်းဦးသဇင်ဖြစ်ပြီး အခုစင်ကာပူနိုင်ငံက LASALLE College of the Arts မှာ Fine Arts သင်ယူနေပါတယ်။ တစ်ဖက်ကလည်းဝါသနာပါတဲ့ပန်းချီပညာကို social media တွေမှာပ ဝေမျှနေတဲ့သည်းဦးနဲ့ ဖုန်းအင်တာဗျူးလေးလုပ်ဖြစ်ခဲ့တယ်။

“ပထမဆုံးလူတွေအရမ်းကြိုက်ကြ share ကြတဲ့ပို့စ်ကတော့ body positivity နဲ့ပတ်သက်တဲ့စီးရီးလေးပါ။ အဲ့ဒီပို့စ်လေးနဲ့လူသိများလာတဲ့အတွက်ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့စေတနာ ၁၀၀ရာခိုင်နှုန်း ထည့်ပြီးဆွဲထားတဲ့ပုံလေးတွေမို့ပါ။ အဲ့ဒီတုန်းက celebrity တစ်ယောက်က plastic surgery လုပ်တဲ့သတင်းနဲ့ပတ်သက်ပြီး သည်းဦး Facebook account ထဲကမိန်းကလေးတချို့ကသူတို့စိတ်တိုင်းမကျတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုခွဲစိတ်ပြုပြင်ချင်တယ်ဆိုပြီး ပို့စ်လေးတွေတင်တာကိုတွေ့ရတယ်။ သူတို့ကသည်းဦးမျက်လုံးထဲမှာတော့ လှနေတယ်၊ perfect ဖြစ်နေတာပါပဲ။ ပြီးတော့ကြော်ငြာတချို့ကအစသူတို့ product သုံးမှပြီးပြည့်စုံအောင်လှမယ်လို့ပြောနေကြတုန်းပဲ။ နိုင်ငံတကာမှာကိုယ့်ကိုယ်ကိုယ်အရှိအတိုင်း လက်ခံဖို့လုပ်နေတဲ့အချိန်မှာ သည်းဦးတို့နိုင်ငံမှာတော့ ‘You are not enough’ ဆိုတဲ့ message ကိုပေးနေကြတုန်းပဲ။ အဲ့ဒီအတွက်စိတ်မကောင်းဘူး။ အဲ့ဒါနဲ့ကိုယ့်ဖြစ်တည်မှုလေးအတိုင်း လှပါတယ်၊ ပြည့်စုံပါတယ်ဆိုတဲ့ message လေးကိုပေးချင်လို့အဲ့ဒီစီးရီးလေးကိုဆွဲဖြစ်တာပါ။ ပုံလေးတွေကော လက်ရေးတွေကောရိုးရိုးလေးတွေပါ။ ဒါပေမယ့်စေတနာအပြည့်ထားခဲ့လို့ထင်တယ်၊ လူတွေနဲ့ connection စရသွားပါတယ်” လို့သည်းဦးကသူနဲ့ page follower တွေကြားကအမှတ်တရလေးကိုပြောပြပါတယ်။
နောက်ထပ်ထင်ရှားတဲ့စီးရီးကတော့ အဝင်းလို့ခေါ်တဲ့ ၂၀ရာစုကမိန်းမပျိုလေးနဲ့ ကိုထွန်းဖေဆိုတဲ့ အမျိုးသားကြားကဆက်ဆံရေးကိုတစ်ကွက်ကာတွန်းလေးတွေပုံစံရေးဆွဲထားတဲ့ အဝင်းစီးရီးပါပဲ။ ဒီစီးရီးရဲ့ထူးခြားချက်ကတော့ ကိုထွန်းဖေရဲ့မျက်နှာနဲ့ပုံပန်းသဏ္ဍာန်ကိုထည့်သွင်းမရေးဆွဲဘဲ အပြန်အလှန်စကားပြောတဲ့ပုံစံအဖြစ်သာထားရှိခြင်းဖြစ်ပါတယ်။



ဒီကိစ္စနဲ့ပတ်သက်ပြီးမေးကြည့်တော့ “ထည့်မဆွဲတာက ဘယ်သူရယ်လို့ character တစ်ခုအနေနဲ့မရှိလို့ပါ။ တချို့လူတွေကယောကျ်ားတွေကိုတိုက်ခိုက်တဲ့ပို့စ်လို့အထင်မှားကြတယ်။ ဒါပေမယ့်ဒီစီးရီးလေးဟာစုံတွဲတွေကြားမှာရှိတတ်တဲ့အဖြစ်အပျက်လေးတွေကိုဆွဲတာပါ။ ဘယ်သူရယ်လို့ရည်ညွှန်းတာလဲမရှိသလို၊ ယောကျ်ားရယ်မိန်းမရယ်လို့တိုက်ခိုက်တာလဲမရှိပါဘူး။ မျက်နှာကိုအတိအကျထည့်မဆွဲတာပိုပြီးလည်းစိတ်လှုပ်ရှားစရာကောင်းမယ်ထင်လို့ပါ” လို့ဖြေပါတယ်။
သည်းဦးဟာရှေးခေတ်ကလူတွေရဲ့ဝတ်ပုံစားပုံနဲ့စကားပြောပုံဟန်တွေကိုရုပ်ရှင်နဲ့ရေဒီယိုဇာတ်လမ်းတွေကနေတစ်ဆင့်လေ့လာခဲ့တာပါ။ ဒါကြောင့်အဝင်းအပါအဝင်သူ့ဇာတ်ကောင်တွေရဲ့လေသံနဲ့ပုံစံတွေဟာ စစ်ကြိုခေတ်များဆီကလူတွေရဲ့ဟန်အတိုင်းပီပြင်နေတယ်။
အခက်အခဲတွေရှိနေပေမယ့်လည်း Facebook ပြင်ပကလူတွေကိုသူ့အနုပညာကိုချပြဖို့အတွက် ရုပ်ပြစာအုပ်ထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ သည်းဦးဟာ ရုပ်ရှင်တွေ၊ သီချင်းတွေကနေတဆင့် တီထွင်ဖန်တီးနိုင်စွမ်းတွေရတဲ့အပြင် Sigmund Freud နဲ့ Slavoj Žižek တို့ရဲ့အတွေးအခေါ်တွေ၊ ခင်ဝမ်း၊ ကိုင်ဇာ Rolling Stones နဲ့ Beatles ရဲ့ ဂီတတွေကနေ inspiration တွေ ရရှိလေ့ရှိပြီး Marina Abramovic နဲ့ Egon Schiele တို့ကလက်ရှိအနေနဲ့အကြိုက်ဆုံးအနုပညာရှင်တွေပါ။


သူ့ page follower တွေနဲ့ပတ်သက်တဲ့ဆက်ဆံရေးကိုမေးကြည့်တဲ့အခါမှာတော့ “သည်းဦးက allegory (ရူပကအလင်္ကာ ခိုင်းနှိုင်းချက်) လေးတွေကိုထည့်ဆွဲရတာကြိုက်တယ်။ ဥပမာ ကျိုင်းစင်မြဝါမတ်ကြီးလျာဆိုတဲ့ပုံမှာ အဲ့ဒီအသုံးအနှုန်းက ‘ရွှေနှင့်ယိုးမှားပန်းစကား’ ကဗျာကဖြစ်တဲ့အတွက် နောက်ခံကိုစကားပန်းတွေရဲ့အရောင် အတိုင်း အဝါရောင်သုံးထားတယ်။ ပုံရဲ့ရှေ့မှာလည်းစကားပန်းလေးတွေလွင့်နေတဲ့ပုံမျိုးဆွဲထားတယ်။ တချို့ကအဲ့ဒီလိုပုံလေးတွေကိုသတိထားမိပြီး comment တွေကနေတစ်ဆင့် chat box ကနေတဆင့် လာပြောကြတာမျိုးရှိရင် connection ရတယ်လို့ခံစားရလို့ဝမ်းသာတယ်။ တချို့ကျတော့လည်း ဘာလို့မှန်းမသိမိုက်မိုက်ရိုင်းရိုင်း တွေလာပြောကြတာရှိတယ်။ အဲ့ဒီလိုတွေဆိုရင်တော့စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့နော်” လို့ပြောပါတယ်။
အသက် ၂၀ကျော်သာရှိသေးပေမယ့် ရင့်ကျက်တဲ့အနုပညာလက်ရာတွေကိုဖန်တီးနိုင်တဲ့သည်းဦးဟာ ပရိသတ်တွေအပေါ်ထားခဲ့တဲ့စေတနာကြောင့်ပဲ ပရိသတ်တွေရဲ့အားပေးလက်ခံမှုကိုရနေပါပြီ။ ရုပ်ပြစာအုပ်ထုတ်ဝေနိုင်ပြီး မြန်မာတနိုင်ငံလုံးကပရိသတ်တွေရဲ့ရင်ထဲအရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

