By Nay Thiha
မြန်မာလူမျိုးဆိုရင် လက်ဖက်မစားဖူးတဲ့သူမရှိသလောက်ရှားမယ်ထင်ပါတယ်။ ကျနော်တို့ဘိုးဘွားမိဘတွေကတော့ လက်ဖက်သားနုနုလေးကိုဆီနည်းနည်းဆမ်း၊ နှမ်း၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူကြော်တို့နဲ့ရောနယ်ပြီးတဇွန်းစားလိုက်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူလေးဝါးလိုက်နဲ့ စားလေ့ရှိပါတယ်။
တကယ်တော့လက်ဖက်သုပ်ဟာမြန်မာ့ရိုးရာထမင်းဝိုင်းမှာဝင်ဆံ့တဲ့ဟင်းတပွဲဖြစ်သလို၊ စားမြိန်စာအဖြစ်လည်းအသုံးတော်ခံနိုင်ပါသေးတယ်။ ဒါ့အပြင်ဟင်းလျာတွေနဲ့တွဲဖက်ချက်ပြုတ်တဲ့အခါမှာလည်း သုံးလေ့ရှိပါတယ်။ ဒီလိုစွယ်စုံရတဲ့လက်ဖက်ကိုနိုင်ငံတကာတင်ပို့နေတဲ့ Yatharwathi Company ရဲ့ပဲ့ကိုင်ရှင်တယောက်ဖြစ်သူ မခင်ရဲရူပါအေးနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ မရူပါဟာ ခင်ပွန်းသည်ဖြစ်သူကိုမျိုးဝင်းအောင်နဲ့အတူတူ Yatharwathi ကိုတည်ထောင်ခဲ့တာပါ။
“အစ်မတို့ ၂၀၁၄ခုနှစ်လောက်ကစပြီး Yatharwathi Company အနေနဲ့လက်ဖက်ကို နိုင်ငံတကာတင်ပို့နေတာပါ။ ရှမ်းရွှေတောင်အမှတ်တံဆိပ်နဲ့ အဓိကက ၅၀တန်လက်ဖက်ထုပ်လေးတွေကိုတော့ ပြည်တွင်းဈေးကွက်မှာရောင်းချနေပါတယ်” လို့မရူပါကပြောပါတယ်။
လက်ဖက်ရဲ့သဘောတရားအရတောင်တန်းအမြင့်ပိုင်းမှာစိုက်နိုင်လေ အနံ့အရသာနဲ့ antioxidant ကြွယ်ဝလေဖြစ်တဲ့အတွက် ရှမ်းပြည်နယ်ကတောင်တန်းတွေဟာလက်ဖက်စိုက်ပျိုးဖို့ နေရာကောင်းတခုဖြစ်ပါတယ်။ ဒီလိုနဲ့ Yatharwathi Company၊ ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (Ta’ang Tea World Co., Ltd)၊ အမေရိကားမှ Burma Superstar စားသောက်ဆိုင်တို့နှင့်ပူးပေါင်းပြီးနိုင်ငံတကာအဆင့်မီ အော်ဂဲနစ်လက်ဖက်စိုက်ပျိုးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့်နိုင်ငံတကာအဆင့်မီအော်ဂဲနစ်လက်မှတ်ရဖို့ကတော့တော်တော်ခက်ခဲပါတယ်။ မြေဆီလွှာမှာဓာတုဓာတ်ကြွင်း၊ ပိုးသတ်ဆေးအကြွင်းအကျန်ပါမပါစစ်ဆေးရသလို၊ အသုံးပြုတဲ့ရေနဲ့အပင်မျိုးမှာလည်းဓာတုဗေဒပစ္စည်းတွေပါဝင်မှုမရှိအောင်ဂရုစိုက်ရပါတယ်။ ဒါ့အပြင်မိရိုးဖလာနည်းတွေနဲ့အသားကျနေတဲ့တောင်သူတွေကို အော်ဂဲနစ်စိုက်ပျိုးနည်းတွေရှင်းပြသင်ကြားပေးရတာကလည်းစိန်ခေါ်မှုတခုပါ။
“ဥပမာတခုပြောရရင် မြက်ပင်ဆိုတာနှုတ်ပြီး ၃ရက်လောက်ကြာရင်ပြန်ထွက်တတ်တဲ့အပင်မျိုးပါ။ ဒါတွေကိုပေါင်းသတ်ဆေးသုံးလိုက်ရင် တလလောက်အေးအေးဆေးဆေးနေနိုင်ပေမယ့် ထွက်လာတဲ့လက်ဖက်ဟာအော်ဂဲနစ်မဖြစ်တော့ပါဘူး။ ဒါကြောင့်တောင်သူတွေကိုစိတ်ရှည်ရှည်ထားပြီး လက်နဲ့ပဲဆွဲနှုတ်ပေးဖို့မေတ္တာရပ်ခံရပါတယ်” လို့မရူပါကရှင်းပြတယ်။
လက်ဖက်စိုက်ပျိုးတဲ့အခါအသုံးပြုတဲ့ရေဆိုရင်လည်း စီးဆင်းနေတဲ့ရေမှာဓာတုဓာတ်ကြွင်းပါလာနိုင်တဲ့အတွက် အ၀ီစိတွင်းထဲကရေကိုပဲဓာတုဓာတ်ကြွင်းပါမပါစစ်ဆေးပြီးအသုံးပြုတဲ့အထိအနုစိတ်ရပါတယ်။
၎နှစ် ၅နှစ်လောက်ကြိုးစားပြီး အခက်အခဲများစွာဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသ ဇယန်းကြီးရွာမှာစိုက်ပျိုးတဲ့ လက်ဖက်ဟာ (USDA & EU) အော်ဂဲနစ်လက်မှတ်ရသွားခဲ့ပါတယ်။ ယခု Paline အမှတ်တံဆိပ်လက်ဖက်ကို အမေရိကားဆီအဓိကတင်ပို့လျက်ရှိပြီး ထိုင်ဝမ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ကလည်းမှာယူလျက်ရှိကြောင်းသိရပါတယ်။ ဥရောပမှာဆိုရင်ဂျာမနီနိုင်ငံကိုစတင်ထိုးဖောက်ဖို့ စီစဉ်နေကြောင်း မရူပါကဆိုတယ်။
နိုင်ငံတကာဈေးကွက်မှာ Paline ဆိုပြီးနာမည်တလုံးတည်ဆောက်နိုင်သလို ပြည်တွင်းဈေးကွက်မှာလည်းရှမ်းရွှေတောင်ဟာပရိသတ်လက်ခံမှုရအောင်ဘယ်လိုကြိုးစားခဲ့သလဲ မေးကြည့်တဲ့အခါမှာတော့ “မိဘရဲ့လက်ဖက်လုပ်ငန်းကို ၁၉၈၅ ခုနှစ်လောက်ကတည်းက လက်ဖက်နှင့်အကြော်စုံလက်ကားဆိုင်လေးကို ညောင်ပင်လေးဈေးမှာ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ကိုတွင်ကျယ်စွာလုပ်ဆောင်နိုင်ရန် မန္တလေးသို့ ပြောင်းရွေ့ခဲ့ပြီး ပွဲရုံလုပ်ငန်းစတင်ခဲ့တယ်။ ၂၀၀၃ခုနှစ်မှာ ကုန်ကြမ်းမှ ရှမ်းရွှေတောင်ရှူးရှဲလက်ဖက်နာမည်ဖြင့် ကုန်ချောစတင်ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ အဓိကထုပ်ပိုးမှုကောင်းဖို့ လေလုံဖို့ အရသာ၊ Packaging အများနဲ့မတူဖို့ စဉ်းစားရပါတယ်။ လက်ဖက်ရဲ့သဘောကလေထုနဲ့ထိတွေ့ပြီး ၃ရက်လောက်ကြာရင် contamination (ပိုးဝင်ခြင်း) စဖြစ်တယ်လေ။ ဒါကြောင့်ရပ်ဝေးဒေသကလူတွေလည်းလက်ဖက်ဝယ်ပြီးအလွယ်တကူ သယ်ဆောင်သွားနိုင်ဖို့သပ်ရပ်တဲ့လုံခြုံတဲ့ထုပ်ပိုးမှုကိုသုံးခဲ့တဲ့အပြင် ဈေးကွက်မှာလဲ ဒီလိုထုပ်ပိုးမှု့နဲ့ ဘယ်မှာမှမရှိသေးတဲ့အတွက် အချိန်ခဏလေးအတွင်းမှာ လူထုလက်ခံမှုရလာပါတယ်” လို့မရူပါကပြောပါတယ်။
မန္တလေးမြို့၇၃လမ်းနဲ့ ၃၂လမ်းထောင့်မှာဖွင့်လှစ်ထားတဲ့ Yatharwathi ရဲ့ Paline လက်ဖက် showroom ဟာနိုင်ငံခြားသားဧည့်သည်တွေ မြန်မာ့လက်ဖက်သုပ်ကိုမြည်းစမ်းကြည့်ဖို့နေရာကောင်းလေးတခုပါပဲ။ လက်ဖက်ကိုတခါမှမစားဖူးတဲ့သူတွေကိုဆွဲဆောင်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်နည်းအဖြစ် ပြောင်းလဲပြီး လက်ဖက်သုပ်ထဲနဂါးမောက်သီး၊ ပန်းသီးစတဲ့ ရာသီပေါ်အသီးအနှံတွေထည့်ပြီး ပြင်ဆင်ဖြစ်ခဲ့တာပါလို့မရူပါကဆိုတယ်။ ခုနောက်ပိုင်းမှာတော့မရူပါဟာ အသားငါးဟင်းလျာတွေပြင်ဆင်တဲ့နေရာမှာပါ လက်ဖက်ကိုထည့်သုံးရင်း အရွယ် ၃ပါးမရွေးလက်ဖက်စားသုံးနိုင်အောင်တီထွင်လျက်ရှိပါတယ်။
“ကျန်းမာရေးနှင့်ညီညွတ်တဲ့ Organic လက်ဖက်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ အချိုမှုန့်၊ ဆီ ထည့်မည့်အစား ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်ပုံ အနေအထိုင်ပြောင်းလဲရင် ပြည်တွင်းသာမက ပြည်ပနိုင်ငံခြားသားတွေပါ စားချင်လာမယ်။ အစ်မတို့က အချိုမှုန့်လုံးဝမသုံးဘဲ အချိုမှုန့်အစား ပန်းသီးနဲ့ချိုတဲ့အသီးအနှံလေးတွေ အစားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သွားပါမယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေ ဆိုင်ကိုလာတာများပါတယ်။ ခုဆိုသူတို့တောင်မှ ရေနွေးကြမ်းသောက်၊ လက်ဖက်သုပ်စားတဲ့ ဓလေ့ရနေပါပြီ။”
၂၀၁၄လောက်ကစပြီး တနှစ်ကို တန် ၂၀ ၀င်ကွန်တိန်နာတလုံးစာနိုင်ငံခြားတင်ပို့နေရာကနေ ၂၀၁၈ခုနှစ်မှာကွန်တိန်နာ ၂လုံးတင်ပို့ရတဲ့အထိနိုင်ငံခြားသားပရိသတ်တွေရဲ့အားပေးမှုရလာခဲ့ပါတယ်။ အထူးသဖြင့်အမေရိကန်ပြည်ထောင်စု San Francisco Bay မှာရှိတဲ့ Burma Superstar စားသောက်ဆိုင်မှာဆိုရင်လက်ဖက်သုပ်မပါရင်ထမင်းဝိုင်းမဖြစ်ဘူးလို့ဆိုရလောက်အောင် အမေရိကန်နိုင်ငံသားတွေကနှစ်သက်ကြတယ်လို့မရူပါကဆိုတယ်။
“အစ်မကိုမြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့အသိအမှတ်ပြုအော်ဂဲနစ်လက်မှတ်ရလက်ဖက်လားလို့မေးရင် ‘မြန်မာမှာတင်မဟုတ်ဘူး၊ ကမ္ဘာမှာပါပထမဆုံး’ လို့ပြန်ဖြေမိတယ်။ လက်ဖက်အစိုစားတာကမ္ဘာမှာမြန်မာတနိုင်ငံတည်းသာရှိပါတယ်။ ဒီလိုကိုယ့်နိုင်ငံရဲ့အစားအစာကိုကမ္ဘာ့အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ်ယူပြီးနိုင်ငံတကာဖြန့်ဖြူးနိုင်တဲ့အတွက် အရမ်းလည်းဂုဏ်ယူပါတယ်” လို့မရူပါကပြုံးရင်းပြောပါတယ်။
ရန်ကုန်မှာတော့ Paline အမှတ်တံဆိပ်ထုတ်ကုန်တွေကို City Mart ၊ Marketplace နဲ့ Go Green တို့မှာ အဓိက ၀ယ်ယူရရှိနိုင်ပါတယ်။မန္တလေးမှာလိုပဲ ရန်ကုန်မှာ showroom လေးတခုဖွင့်ဖို့ကြိုးစားနေတယ်လို့လည်း မရူပါကဆိုပါတယ်။ “Made with Love” ဆိုတဲ့ slogan အတိုင်းမေတ္တာစေတနာအပြည့်နဲ့ထုတ်လုပ်ထားတဲ့ မရူပါနဲ့ကိုမျိုးဝင်းအောင်တို့ရဲ့လက်ဖက်သုပ်ပန်းကန်လေးတွေဟာ နိုင်ငံတကာက မိသားစုထမင်းဝိုင်းတွေမှာ တနေ့နေရာယူလာနိုင်မယ်လို့ယုံကြည်မိပါတယ်။
