By Nay Thiha
ဆုပေးပွဲတခုခုပြီးသွားတဲ့အခါဖြစ်လေ့ရှိတဲ့ကိစ္စတခုက ပေးသွားတဲ့ဆုတွေဟာရသွားတဲ့သူတွေနဲ့ ထိုက်တန်မှုရှိမရှိ ငြင်းခုန်ကြခြင်းပဲဖြစ်ပါတယ်။ တချို့ကလည်းဆုတခုဟာကိုယ့်အရည်အသွေးနဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုတဲ့မှတ်ကျောက်အဖြစ်ခံယူတာမို့ မက်မက်မောမောလိုချင်ကြတယ်။ တချို့ကျပြန်တော့အဆောင်အယောင်တခုလိုသာသဘောထားတဲ့အတွက် မမက်မောတဲ့အပြင် ရသွားရင်တောင်ငြင်းပယ်ကြသူတွေရှိပါတယ်။ ဒီဆောင်းပါးမှာတော့ နိုင်ငံတကာကဂုဏ်သိက္ခာကြီးမားတဲ့ဆုတွေကို ငြင်းပယ်ခဲ့တဲ့ကမ္ဘာတ၀ှမ်းကအောင်မြင်ထင်ရှားသူတချို့နဲ့ သူတို့ငြင်းပယ်ခဲ့ရတဲ့အကြောင်းပြချက်တွေအကြောင်းပြောပြချင်ပါတယ်။
Oscar Award
Woody Allen

နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်နဲ့ဒါရိုက်တာဖြစ်သူ Woody Allen ဟာအော်စကာဆုပေးပွဲတွေ တက်ရောက်လေ့မရှိသူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ Annie Hall ဇာတ်ကား best actor, best original screenplay နဲ့ best picture ဆုတွေဆွတ်ခူးခဲ့တဲ့ ၁၉၇၈အော်စကာဆုပေးပွဲကိုတောင်မတက်ခဲ့ပါဘူး။
ဆုပေးပွဲတွေနဲ့ပတ်သက်ပြီး ”ကျနော်ကသူတပါးရဲ့အကဲဖြတ်မှုအတိုင်းမနေနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကကျနော် ဒီဆုနဲ့ထိုက်တန်တယ်လို့ယူဆတဲ့အချိန်မှာ လက်ခံလိုက်ရင် ဒီဆုနဲ့မထိုက်တန်ဘူးလို့ယူဆတဲ့အချိန်မှာလည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရလိမ့်မယ်” လို့ပြောခဲ့ဖူးပါတယ်။
Marlon Brando

၁၉၇၃ခုနှစ် မတ်လ ၅ရက်နေ့ကကျင်းပတဲ့အော်စကာဆုပေးပွဲမှာ The Godfather ထဲက Vito Corleone ဇာတ်ကောင်နဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့တဲ့ Brando ဟာဆုကိုငြင်းပယ်ခဲ့ရုံသာမက သူ့နေရာမှာအမေရိကန်တိုင်းရင်းသားအဖွဲ့အစည်း National Native American Affirmative Image Committee ရဲ့ဥက္ကဌ Sacheen Littlefeather ကိုသူ့ကိုယ်စားတက်ရောက်စေပြီး မိန့်ခွန်းပြောခိုင်းခဲ့ပါတယ်။ ဒါဟာရုပ်ရှင်လောကမှာအမေရိကန်လူနီရိုင်းအနွယ်ဝင်တွေဖိနှိပ်ခံရမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတခုဖြစ်ပြီး Brando ဟာသူ့အရှိန်အ၀ါကိုသုံးပြီးလူနည်းစုဖြစ်တဲ့လူနီရိုင်းတွေရဲ့ အသံကိုပြည်သူတွေကြားအောင် ကူညီပေးခဲ့ခြင်းဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ကို Business Insider ကအမေရိကန်ရုပ်ရှင်လောကမှာ ပြောစမှတ်တွင်လောက်တဲ့ဖြစ်ရပ်လို့သတ်မှတ်ခဲ့တယ်။
Paul Newman

အမျိုးသားသရုပ်ဆောင်ဆုအတွက် ၆ခါတိတိဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ဂုဏ်ထူးဆောင်အော်စကာဆု ၂ကြိမ်ရခဲ့ဖူးတဲ့ Paul Newman ဟာ ၁၉၈၇မှာတော့ The Color of Money ထဲကဇာတ်ရုပ်အတွက် အော်စကာဆုရခဲ့ပါတယ်။ ဒါပေမယ့်သူဟာဆုကိုတက်ရောက်လက်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။ “မိန်းမချောတယောက်ကို နှစ် ၈၀လောက်ပိုးပန်းခဲ့ပြီး နောက်ဆုံးသူစိတ်လည်လာတဲ့အချိန်မှာ ‘တော်ပါတော့ ငါပင်ပန်းလွန်းနေပြီ’ လို့ပြောမိသလိုပါပဲ” လို့ Associated Press နဲ့အင်တာဗျူးမှာရင်ဖွင့်ခဲ့ပါတယ်။ လိုချင်တဲ့အချိန်မှာမရဘဲ အနည်ထိုင်သွားတဲ့အချိန်ကျမှရတဲ့ဆုတခုဟာ လူကိုစိတ်ချမ်းသာမှုမပေးနိုင်ဘူးဆိုတာ Newman ရဲ့အဖြစ်ကိုကြည့်ရင်သိနိုင်ပါတယ်။
George C. Scott

ဒီတယောက်ကတော့တော်တော်ပြတ်သားပါတယ်။ ၁၉၇၀ခုနှစ်က Patton ဇာတ်ကားထဲမှာ သူ့သရုပ်ဆောင်မှုအတွက် အကောင်းဆုံးဇာတ်ဆောင်ဆုလျာထားခြင်းကိုငြင်းပယ်ခဲ့သလို ဆုရရင်လည်းတက်ရောက်လက်ခံမှာမဟုတ်ဘူးလို့ အော်စကာဆုပေးပွဲစီစဉ်သူတွေကိုအသိပေးခဲ့တယ်။ သူဆုတကယ်ရသွားတဲ့အချိန်မှာလည်း လက်ခံခဲ့ခြင်းမပြုတဲ့အပြင် ဆုပေးပွဲကို “၂ နာရီကြာတဲ့အပိုအလုပ်တွေ” လို့သမုတ်ခဲ့ပါသေးတယ်။
Nobel Prize
Jean-Paul Sartre

၁၉၆၄မှာ စာပေနဲ့ပတ်သက်တဲ့နိုဘယ်ဆုရခဲ့တဲ့ Sartre ဟာဆုကိုငြင်းပယ်ခဲ့ပါတယ်။ သူ့အနေနဲ့အဖွဲ့အစည်းတခုရဲ့အနှောင်အဖွဲ့ကိုမခံချင်တာရယ် အရှေ့နဲ့အနောက်အုပ်စု ၂စုကြားမှာ ဘယ်ဘက်ကိုမှကိုယ်စားမပြုချင်တာရယ်ကြောင့်ငြင်းပယ်ခဲ့ရတာပါလို့ စာနယ်ဇင်းတွေကိုပြောခဲ့ပါတယ်။ ဆွီဒင်နိုင်ငံကကပေးအပ်တဲ့ဂုဏ်သိက္ခာကြီးမားတဲ့ဒီဆုကို အသိပညာရှင် အတတ်ပညာရှင်တော်တော်များများ မက်မောကြပေမယ့် ဒီဆုကိုလက်ခံလိုက်ရင်စာရေးဆရာတယောက်အနေနဲ့ အဖွဲ့အစည်းတခုရဲ့သြဇာအောက်ရောက်သွားမှာမလိုလားတဲ့အကြောင်းလည်းပြောခဲ့ပါသေးတယ်။ Sartre ဟာပြင်သစ်နိုင်ငံသားတယောက်ဖြစ်ပေမယ့် Legion of Honour ဆုကိုငြင်းခဲ့သလို သူ့ကိုပေးအပ်တဲ့ဆုတွေအားလုံးကိုငြင်းပယ်ခဲ့ပါတယ်။
Le Duc Tho

၁၉၇၃မှာ Henry Kissinger နဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပူးတွဲရရှိခဲ့တဲ့ Tho ဟာဒီဆုကိုလက်မခံခဲ့ပါဘူး။ ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးစားမှုအတွက် သူတို့နှစ်ယောက်ကိုဆုချီးမြှင့်ခဲ့တာဖြစ်ပေမယ့် ဆုပေးပွဲကျင်းပတဲ့အချိန်မှာအမေရိကန်နဲ့ဗီယက်နမ်စစ်ပွဲဟာပြီးဆုံးခြင်းမရှိသေးတဲ့အတွက် Tho ကငြင်းပယ်ခဲ့ရခြင်းဖြစ်ပါတယ်။
http://time.com/4061794/nobel-peace-prize-winner-history/
Grammy
Sinéad O’Connor

Irish လူမျိုးအဆိုတော် Sinead O’Connor ဟာ ၁၉၉၁ခုနှစ်မှာ Grammy ဆုပေးပွဲကိုမတက်ရောက်ခဲ့သလို Best Alternative Music Performance ဆုကိုလည်းငြင်းပယ်ခဲ့ပါတယ်။ ဒီဆုဟာဂီတလောကကိုအရမ်းစီးပွားရေးဆန်စေတယ်လို့ ယူဆတဲ့အတွက်ငြင်းရတာပါလို့ဆိုခဲ့ပါတယ်။